ယခုအချိန်တွင် ပြည်ထောင်စုအစိုးရမှ ပြည်တွင်းမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ သား၊ ငါး၊ ပုစွန်ကို သင့်တင့်သောဈေး နှုန်းဖြင့် ပေါများစွာ စားသုံးနိုင်ရန်အတွက် ပြည်တွင်း၌ ကြိတ်ဝါး ထုတ်လုပ်သော တိရစ္ဆာန်အစားအစာ များဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ ပန်းနှမ်းဖတ်တို့ကို ပြည်ပ တင်ပို့ရောင်းချခွင့်ကို ပိတ်ပင်ထားသည်ဟု သိရပါကြောင်း၊ သို့သော်လည်း စားသုံးသူပြည်သူများ၏ ကျန်းမာရေး အကျိုးကိုဖြစ်စေသော စားသုံးဆီကို ဖူလုံစေသည့် ပြောင်း၊ နှမ်း၊ ပဲပုပ်စေ့တို့ကို အတိုင်းအဆမရှိ ပြည်ပသို့ တင်ပို့ရောင်းချခွင့်ပြုထား ကြောင်းကိုလည်း တွေ့ရှိရမှာဖြစ်ပါကြောင်း၊ လိုအပ်သော စားသုံးဆီဖူလုံမှု အတွက်ကို ပြည်သူများ၏ ကျန်းမာရေးဆိုးကျိုးကိုရစေသည့် စားအုန်းဆီကို တင်သွင်းခွင့်ပြုထားသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ကျန်းမာရေးကို လျစ်လျူရှုသကဲ့သို့ ဖြစ်နေသော စားအုန်းဆီတင်သွင်းနေသည့် စီးပွားရေးမူဝါဒကို ပြုပြင်ပြောင်းလဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ၏ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်သော ဆီထွက်သီးနှံများ၏ ထုတ်လုပ်မှုပမာဏအရ ဆီကြိတ်မည် ဆိုပါက တစ်နှစ်လျှင် ဆီတန်ချိန် ၅.၅ သိန်းမှ ၆ သိန်းအထိသာ ရနိုင်ကြောင်း စာရင်းဇယားများအရ သိရှိရပါပြီး ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ပမာဏအနေဖြင့် စားသုံးမှုနှင့် အခြားသုံးစွဲမှုအပါအဝင် တန်ချိန် ၈.၅ သိန်းမှ ၉ သိန်းအထိ လိုအပ်ကြောင်းကို စိစစ်တွက်ချက်ရရှိသည့်အတွက် ပြည်တွင်းစာသုံးဆီ ဖူလုံမှုရှိစေရေးအတွက် လိုအပ်လျက်ရှိသော စားသုံးဆီပမာဏ ပြည့်မီစေရေးနှင့် စားသုံးဆီဈေးနှုန်းများ တည်ငြိမ်ပြီး စားသုံးသူ ပြည်သူများ လုံလောက်စွာ စားသုံးနိုင်ရန်နှင့် သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူစာသုံးနိုင်ရန်အတွက် ပြည်ပမှ စားအုန်းဆီများကို နှစ်စဉ်တန်ချိန် ၂.၅ သိန်းမှ ၃ သိန်းကျော် တင်သွင်းနေရခြင်းဖြစ်ပါကြောင်း၊
ကမ္ဘာ့နိုင်ငံများ၏ စားအုန်းဆီပမာဏ ဝယ်ယူတင်သွင်းမှုကိုကြည့်မည်ဆိုပါက အိန္ဒိယနိုင်ငံအနေဖြင့် နှစ်စဉ် တန်ချိန် ခုနစ်သန်းမှ ရှစ်သန်းခန့်၊ တရုတ်နိုင်ငံအနေဖြင့် တန်ချိန် ခြောက်သန်းမှ ၆.၆ သန်းခန့်၊ ဥရောပ သမဂ္ဂနိုင်ငံများအနေဖြင့် တန်ချိန် ခြောက်သန်းကျော်၊ အမေရိကန်နိုင်ငံအနေဖြင့် တန်ချိန် တစ်သန်းမှ ၁.၄ သန်းခန့်၊ စင်ကာပူနိုင်ငံအနေဖြင့် တန်ချိန် ဝ.၇၅ သန်းခန့် တင်သွင်းလျက်ရှိပြီး ပြည်တွင်းဆီဖူလုံမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်များကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သီးနှံများမှရရှိသော စားသုံးဆီများသည် အနံ့အရသာ အရည်အသွေး ပိုမိုကောင်းမွန်စေမည် မှန်ကန်သော်လည်း လက်ရှိမြန်မာနိုင်ငံတွင် တင်သွင်းနေ သော စားအုန်းဆီသည် စားသုံးရန်သင့်တော်ပြီး ထောက်ခံချက်များအပြည့်အဝရရှိပြီးဖြစ်သော Quality အမြင့်ဆုံး စားအုန်းဆီများကို သာမန်ဝင်ငွေသာရသည့် အများပြည်သူများအနေဖြင့် စားသုံးရန်သင့်တော်ပြီး ဈေးနှုန်းသက်သာသော စားအုန်းဆီကို အမှီပြု စားသုံးနိုင်အောင် တင်သွင်းနေရခြင်းဖြစ်ပါကြောင်း၊ စားအုန်း ဆီတစ်ပိဿာဈေးနှုန်းသည် မြေပဲဆီ၊ နှမ်းဆီစစ်စစ် တစ်ပိဿာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကနှစ်ဆခွဲမှ သုံးဆခန့် အထိ ကွာခြားသည်ကိုလည်းတွေ့ရှိရပါကြောင်း၊
ယခင်က ဆီကြိတ်နှမ်းများဖြစသော နှမ်းနီ၊ နှမ်းညိုနှင့် မြေပဲဆံများကို ပြည်ပသို့ တင်ပို့ခွင့်မပြုခဲ့ဘဲနှမ်းဖြူနှင့် နှမ်းနက်ကိုသာ တင်ပို့ခွင့်ပြုခဲ့ရာတွင် နှမ်းနီ၊ နှမ်းညိုနှင့် မြေပဲဆံများကို ပြည်ပသို့ တရားမဝင်တင်ပို့မှုများရှိနေကြောင်း၊ ရသင့်ရထိုက်သော ဈေးနှုန်းလည်းမရရှိသည်ကို သိရှိရသည့်အတွက် ပြည်ပတင်ပို့သူများ လွတ်လပ်စွာတရားဝင်တင်ပို့နိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ များ ထိုက်သင့်သော အကျိုးအမြတ်ရရှိစေရန်အတွက်လည်းကောင်း ရည်ရွယ်ပြီး ၂၀၁၁ ခုနှစ် သြဂုတ်လကစတင်ကာ နှမ်းနီ၊ နှမ်းညို၊ မြေပဲဆံ၊ မြေပဲဆီနှင့် နှမ်းဆီများ ကို ပြည်ပသို့ တင်ပို့ခွင့်ပြုခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် ရရှိသော အကျိုးအမြတ်ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် နှမ်းနီ၊ နှမ်းညိုတစ်တန် ၇.၂ သိန်းကျပ်ခန့် (တစ်တင်းလျှင် ၁၇၆၀၀ ကျပ်ခန့်)သာရှိခဲ့ရာမှ လက်ရှိအချိန်တွင် နှမ်းနီ၊ နှမ်းညိုတစ်တန်ကို ၁၆.၃၃ သိန်းကျပ်ခန့် (တစ်တင်းလျှင် ၄၀၀၀၀ ကျပ်ခန့်) အထိရောက်ရှိခဲ့ပြီး နှစ်ဆကျော် ဈေးမြင့်တက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နှမ်းနီ၊ နှမ်းညို စိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးနှုန်းတွက်ချေကိုက်မှု သိသိသာသာရရှိလာသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊
ပြည်ပနိုင်ငံများအနေဖြင့် နှမ်းဖြူနှင့် နှမ်းနက်ကို ဆီကြိတ်ခွဲထုတ်လုပ်ရန်အတွက် အဓိကဝယ်ယူခြင်းမဟုတ်ဘဲ မုန့်နှင့် အခြားအစားအသောက်များ သုံးစွဲရန်အတွက် အဓိကထား ဝယ်ယူကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း၊ ယင်းတို့အနက် နှမ်းနီ၊ နှမ်းညိုကို လိုအပ်မှာသာ ဝယ်ယူတင်သွင်းလေ့ရှိပါကြောင်း၊ နှမ်းနီ၊ နှမ်းညိုကို ပြည်ပတင်ပို့ခွင့်ကို ပိတ်ပင်လိုက်မည်ဆိုပါက နှမ်းနီ၊ နှမ်းညိုစိုက်ပျိုးသော တောင်သများအတွက် အခက်အခဲများဖြစ်ပေါ်လာနိုင်မည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် စားအုန်းဆီတင်သွင်းမှု ဆိုင်ရာမူဝါဒ ပြောင်းလဲရန်ကိစ္စနှင့်ပတ်သက်၍ လယ်သမားများအကျိုး၊ စားသုံးသူပြည်သူများ လက်ရှိဝယ်ယူစားသုံးနိုင်မှုအခြေအနေများကို လေ့လာသုံးသပ်မှုနှင့် အများကြီးသက်ဆိုင်နေပါကြောင်း၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏ ပြည်သူ အများစုဖြစ်သော စိုက်ပျိုးထုတ်လုပ်သူတောင်သူများ၊ စားသုံးသူ ပြည်သူအများစုအပါအဝင် အခြေခံ လူတန်းစားအကျိုးကို အဓိကဦးတည်ဆောင်ရွက်ရာတွင် နှမ်းနီ၊ နှမ်းညို၊ မြေပဲဆံ၊ မြေပဲဆီနှင့် နှမ်းဆီများ ကို ပြည်ပသို့တင်ပို့ ရောင်းချစေပြီး စားသုံးရန်သင့်တော်သည့်အပြင် ဈေးနှုန်းလည်းသက်သာသော စားအုန်းဆီများကို ပြည်ပက တင်သွင်းစေလျက် ပြည်သူများ၏အကျိုးကို ရှေးရှုပြီး ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊
ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အရည်အသွေးအကောင်းဆုံး သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စားအုန်းဆီများကိုသာ တင်သွင်းနိုင်ရန် ကုမ္ပဏီ လုပ်ငန်းရှင်များနှင့် ထိရောက်သော ကြပ်မတ်ထိန်းကျောင်းမှုများ ပိုမိုအလေးထား ဆောင်ရွက်သွား မည်ဖြစ်ပြီး ဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီ ကုန်သည်များအသင်း၊ ဆီတင်သွင်းသောကုမ္ပဏီများ၊ စားအုန်းဆီ သိုလှောင်ထိန်းသိမ်းသော သိုလှောင်ကန် ပိုင်ရှင်များ ပါဝင်သည့်အရည်အသွေးစိစစ်ရေးအဖွဲ့၊ စားအုန်းဆီများ လက်ခံသယ်ယူရေးအဖွဲ့များနှင့် စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
