(ခ)-ပညာရေးချို့တဲ့၍ အလုပ်အကိုင် မရရှိသော လူငယ်များအတွက်အထူးအစီအစဉ်ဖြင့်မည်သည့် စီမံကိန်းများဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့ (၃၀.၁၀.၂၀၁၄)

ဒေါ်ဇာတလဲမ်း (ထန်တလန်) မိမိတို့ မြန်မာနိုင်ငံတွင် လူငယ် လူရွယ် ၉ တန်း၊ ၁၀ တန်း အထူးသဖြင်‌့ ၉ တန်း၊ ၁၀ တန်း မအောင်နိုင်သော လူငယ်များသည် ဘဝ အာမခံချက်မရှိ၊ အသက်မွေးဝမ်းကြောင်းမရှိဖြင့် ကိုယ်အားကိုယ်စိတ်အားငယ်ပြီး ဘဝကို မူးယစ်ဆေးဝါးမကောင်းမှုလုပ်ရပ်များဖြင့် အသုံးချ နေကြပါကြောင်း၊ တချို့ဆိုပါက အလုပ်အကိုင် မရရှိခြင်းကြောင့် နိုင်ငံတော်အတွင်းနေချင်သော်လည်း မိမိ မိသားစုမှ ခွဲခွာပြီး နိုင်ငံခြားတွင် အလုပ်လုပ် ရခြင်းဖြင့် ဒုက္ခများစွာ ကြုံတွေ့နေကြ ပါကြောင်း၊ ထိုသို့  မြန်မာနိုင်ငံအတွင်း ပညာရေးချို့တဲ့၍ အလုပ်အကိုင်မရရှိသော လူငယ်များအတွက် နိုင်ငံတော်အစိုးရမှ အထူးအစီအစဉ်ဖြင့် စီမံကိန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းသည်။


 

 

 

 

ဖြေကြားသူ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးထင်အောင်
အဖြေ

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးထင်အောင်အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအောက်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနအနေဖြင့် မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသော  အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများ က ပညာအရည်အချင်းရှိသူဖြစ်စေ၊ ပညာအရည်အချင်း ချို့တဲ့သူဖြစ်စေ၊ အရွယ်ရောက်သော လူငယ် လူရွယ်တွေကို ၎င်းတို့နှင့် သင့်တော်သော လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်စေရန် အလုပ်သမားမှတ်ပုံတင်များ ပြုလုပ်ပေးပြီး အလုပ်အကိုင်များကို ချိတ်ဆက်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အလုပ်လုပ်လိုသူများ အလုပ်ရရှိနိုင်ရန် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ် များတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံးနဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး ၁၅ ရုံးတို့ကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး အလုပ်အကိုင်အခွင့် အလမ်းများနှင့် ပတ်သက်၍ ပြည်သူ လူထုသိရှိ စေနိုင်ရန် အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနရဲ့ Website (www.mol.gov.mm)ကို လွှင့်တင်ထားရှိသည့်အပြင် အလုပ်သမားရုံး မဖွင့်လှစ်နိုင်သေးသည့် နယ်မြေဒေသများတွင် Mobile Team တွေများနှင့် အလုပ်အကိုင်အခွင့်အလှမ်းသစ်များရရှိစေရန် ကွင်းဆင်းပြီး အလုပ်သမားမှတ်ပုံတင် ပေးခြင်း၊ အလုပ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ်ပေးခြင်းများကို ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာစွာ ဆောင်ရွက် ပေးနေပါကြောင်း၊

ထိုသို့ဆောင်ရွက်ရာတွင်လည်း ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၅၂ကို တရားဝင်လိုင်စင်များထုတ်ပေးထားပြီး အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများနှင့် ပူးပေါင်း ဆောင်ရွက် စေကာ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိဖို့ ဆောင်ရွက်ပေးနေပါကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အလုပ်အကိုင်ဆိုင်ရာ ဆွေးနွေးပွဲများ၊ အသိပညာပေး  ဆွေးနွေးပွဲများနှင့်  အလုပ်အကိုင်ရှာဖွေသူများနှင့် အလုပ်သမားလိုအပ်သော အလုပ်ရှင် များကို အချိန်တို အတွင်း တစ်နေရာတည်းတွင် တွေ့ဆုံအလုပ်ခန့်ထားပေးနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်း ပြပွဲများကို ပြုလုပ်ပေးနေလျက်ရှိရာ ရန်ကုန်မြို့တွင် ၁၂ ကြိမ်၊ မန္တလေးမြို့တွင် ၅ ကြိမ် စုစုပေါင်း ၁၇ ကြိမ် ပြုလုပ်ပေးခဲ့ပြီးဖြစ်သည့်အပြင် မကြာမီ မကွေးမြို့တွင်လည်း ပြည်တွင်း/ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို ပြုလုပ်ပေးရန်ရှိပါကြောင်း၊ အလုပ်ရှာဖွေသူလူငယ်များ ကျွမ်းကျင်မှုဖွံဖြိုးတိုးတက် စေရန်အတွက်  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဖွင့်လှစ်ထားသော ရန်ကုန်၊ မန္တလေး၊ ပုသိမ်မြို့များရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် အခြေခံဂဟေဆက်သင်တန်း၊ အခြေခံ တွင်ခုံဖောက်ခုံ သင်တန်း၊ အခြေခံလျှပ်စစ်သင်တန်းစည့် အခြေခံအသက်မွေးမှု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေး နေပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအကောင်အထည်ဖော်နေသော အထူးစီးပွားရေး ဇုန်စီမံကိန်းများ၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပေါ်ပေါက်လာမည့် အလုပ်အကိုင် အခွင့်အလမ်းများအပေါ် မူတည်ပြီး အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် အလုပ်လုပ်ကိုင်လိုသူ လူငယ်လူရွယ်များအတွက် သင့်လျော်သော လုပ်ငန်းခွင်သို့ ရောက်ရှိလုပ်ကိုင်နိုင်စေရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး လုပ်ငန်းခွင်နှင့်သင့်တော်ကာ ကျွမ်းကျင်မှုရှိသော အသက်မွေးဝမ်းကျောင်းအတက်ပညာများ ဖွံ့ဖြိုး တိုးတက်လာစေဖို့ ဆောင်ရွက်ပေးနေခြင်း များအပြင် လုပ်ငန်းခွင်တည်မြဲရေးအတွက်လည်း အလုပ်သမား ဥပဒေများနှင့် ပတ်သက်၍ အသိပေးမှု များကို ဆောင်ရွက်ပေးနေပါကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်စေရေး အသက် မွေးဝမ်းကျောင်း ပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက် သင်ကြားစေနိုင်ရေးအတွက် ကြိုပမ်းဆောင်ရွက်ပေးနိုင် ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။