မိမိတို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ရခိုင်ကမ်းရိုးတန်း ၄၄၃ မိုင်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ ကမ်းရိုးတန်း ၂၇၂ မိုင်၊ မွန်၊ တနင်္သာရီကမ်းရိုးတန်း ၆၇၀ မိုင်ဟူ၍ အဆင့်သုံးဆင့်ရှိပြီးှ အရှည် ၁၃၈၅ မိုင် ရှိသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပါကြောင်း၊ ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ဒေသတွင် ဖရုံကာကျွန်း၊ ကျွန်းကြီး၊ကျွန်းငယ်များ၊ ဒီရေတောများ တည်ရှိသကဲ့သို့ ဧရာဝတီကမ်းလွန်ဒေသတွင်လည်း ကိုကိုးကျွန်းနှင့် ကျွန်းငယ်များ၊ ဒီရေတောများ တည်ရှိနေပါကြောင်း၊ ထို့ပြင် မွန်၊ တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်တွင် ကျွန်းကြီး၊ ကျွန်းလတ်၊ ကျွန်းငယ် စုစုပေါင်း ၈၀၀ ခန့်ပါဝင်သည့် မြိတ်ကျွန်းစုကြီး တည်ရှိ နေမှုသည် ထူးခြားမှုတစ်ခုဖြစ်သည့်အပြင် တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသကြီးတွင် ကျွန်းများ ပေါများခြင်း ငါး၊ ပုစွန် ရေသယံဇာတများပေါများ ကြွယ်ဝနေ ခြင်းဖြစ်ပါကြောင်း၊
မြန်မာ့ပင်လယ်ကမ်းရိုးတန်းနှင့်ဆက်စပ်နေသော မြောက်ဘက်ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယကမ်းရိုးတန်း တစ်လျှောက်နှင့် တောင်ဘက် ထိုင်း-မလေးရှား ကမ်းရိုးတန်းတစ်လျှောက်တို့တွင် မိမိတို့ကဲ့သို့ ကျွန်းကြီး၊ ကျွန်းငယ်၊ ကျွန်းလတ်များ များပြားစွာမရှိဘဲ ရေသယံဇာတအနေဖြင့် ပေါများကြွယ်ဝမှုမရှိသည်ကို တွေ့ရှိ ရပါကြောင်း၊
ပင်လယ်ငါးဖမ်းလုပ်ငန်းကို ကမ်းနီးနှင့် ကမ်းဝေးဟူ၍ ခွဲခြားခွင့်ပြုထားလျက်ရှိရာ ကမ်းနီးငါးဖမ်းလုပ်ငန်းကို ရေအနက် အလန်အားဖြင့် ၂၀ ပေ ၁၂၀ ၏ အပြင်ဘက် ကမ်းရိုးတန်းတစ်လျှောက်တွင် တရွှတ်ဆွဲပိုက်များဖြင့် ဖမ်းဆီးခွင့်ပြုထားပါကြောင်း၊ သတ်မှတ်ထားသော ပိုက်ကွက်အရွယ်အစားဖြင့်သာ ဖမ်းဆီးရန် ရေလုပ်ငန်း ဥပဒေများလည်း ပြဋ္ဌာန်းထားသော်လည်း ငါးဖမ်းစက်လှေများအနေဖြင့် ဘုံကျောင်း ငါးဖမ်း ပိုက်ကွက်စိတ် များကို အသုံးပြုလာများကြောင့် ငါးကြီးများသာမက ငါးသေးများပါ ပြန်းတီးနေပြီး ရေညှိ၊ ရေမှော် များလည်း ပျက်စီးသွားခြင်းကြောင့် ပင်လယ်ကြမ်းပြင်၊ သဘာဝပတ်ဝန်းကျင်နှင့် ငါးစာကျက်များ ဆုံးရှုံးနေသည်ကို တွေ့ရှိရပါကြောင်း၊
ကမ်းဝေးငါးဖမ်းလုပ်ငန်းအနေဖြင့် ပင်လယ်ပြင်ရေနက်ပိုင်းတွင် ဝိုင်းချုပ်ပိုက်များ အသုံးပြုဖမ်းဆီးခြင်းဖြစ်သော ကြောင့် ပင်လယ်ကြမ်းပြင်တွင်ရှိသော သန္တာကျောက်တန်းများနှင့် ရေညှိ၊ ရေမှော်များ ပျက်စီးမှုနည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၎င်း၏ ရေသယံဇာတ ပြန်လည်ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံ ဖြင့် စီမံဆောင်ရွက်ထားရှိရာတွင် ထိုင်းပင်လယ်ကွေ့နှင့် အနောက်ဘက် ကပ္ပလီပင်လယ် ကမ်းရိုးတန်း ရေတိမ်ပိုင်း တစ်လျှောက် ၁ တန် အလေးချိန်ရှိ ကွန်ကရစ်တုံးများကို သံချိတ်များ တပ်ဆင်ထားခြင်း၊ အခြားပင်လယ်ကမ်းရိုးတန်းဒေသများအတွက် ရေညှိ ရေမှော်များကိုလည်း ကွန်ကရစ်တုံး များ အကြားတွင် ချထားပျိုးထောင်ခြင်းများ ပြုလုပ်ထားခြင်းကြောင့် တရွတ်ဆွဲ ပိုက်များအသုံးမပြုနိုင်ခြင်း၊ သဘာဝ ပတ်ဝန်း ကျင်နှင့် ရေညှိ၊ ရေမှော် ပျက်စီးမှု၊ ငါး၊ ပုစွန် သားပေါက်များ ဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်ခြင်းများကို တွေ့ရှိရပါကြောင်း၊ မြန်မာ့ ပင်လယ်ပြင်တွင် စည်းကမ်းမဲ့ငါးဖမ်းဆီးမှုကြောင့် ရေညှိ၊ ရေမှော်များ အပါအဝင် ငါး၊ ပုစွန် သယံဇာတများ ရှားပါးကုန်ခန်းလာနေခြင်းကို အချိန်မီတားမြစ်သွားနိုင်ရန်အတွက် ကွန်ကရစ်တုံးများ ချထားခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပင်လယ်ပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကို ပြည်ထောင်စုအဆင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့နိုင်ငံ၏ ပင်လယ် ပြင် ငါး၊ ပုစွန်သယံဇာတ ပြုန်းတီးမှုမရှိစေဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ခြင်းအတွက် သန္တာကျောက်တန်းများ မိုင်းခွဲခြင်း၊ ဒီရေတောများ ခုတ်ထွင်ခြင်း၊ တရွတ်ဆွဲ ပိုက်များဖြင့် ငါးဖမ်းခြင်း၊ အဆိပ်ချငါးဖမ်းခြင်း၊ မိုင်းခွဲငါးဖမ်းခြင်းများကို မပြုလုပ်ရန် မိမိတို့ ဝန်ကြီး ဌာနက အမိန့်ကြော်ငြာစာများ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည့်အပြင် ငါးလုပ်ငန်းဆိုင်ရာ ဆောင်ရန်/ရှောင်ရန် များကိုလည်း ရေလုပ်သားများ သိရှိနိုင်ရန်အတွက် စည်းရုံး ဆောင်ရွက်ခြင်း၊ ရေလုပ်ငန်းလုပ်ကိုသော မြို့နယ်/ကျေးရွာများတွင် ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်း ဖြန့်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ တားမြစ်ထိန်းသိမ်းသည့် နေရာများတွင်လည်း တပ်မတော်(ရေ)က ကူညီဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ရေကြောင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရေကြောင်းရဲတပ်ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ၁၉၇၇ ခုနှစ်၊ ပင်လယ်ပိုင်နက်နှင့် ပင်လယ်ဇုန်များဥပဒေ၊ ၁၉၈၉ ခုနှစ်၊ နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ ၁၉၉၀ ပြည့်နှစ်၊ မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉) ၂၀၁၂ ခုနှစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဥပဒေ ပြဋ္ဌာန်းချက် များနှင့်အညီ မိမိတို့ ဝန်ကြီးဌာနက တခြားဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ FAO ၏ အကူအညီဖြင့် ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပူးပေါင်းပြီး သုတေသနရေယာဉ်ဖြစ်သော Dr. Fridtjof Nansan Reserve Vessel ဖြင့်လည်း Post- Monsoon Survey ကို ရေပြင်တွင် Biomass ဖြစ်သော ငါးသယံဇာတထုထည်ကို တိုင်းထွာခဲ့ပြီးဖြစ်ပါကြောင်း၊ Pre Monsoon အနေဖြင့် မကြာခင်ကာလတွင် တိုင်းတာဆောင်ရွက်မှု အကူ အညီပေးသော FAO အဖွဲ့နှင့်လည်း ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် တိုင်းထွာခဲ့သော တိုင်းတာချက်အရဆိုပါက ကျဆင်းနေသည်မှာ မှန်ကန်ပါကြောင်း၊
လက်ရှိတည်ရှိနေသော Biomass ကို ပညာရှင်များနှင့် တိုင်းတာရာတွင် ထိန်းသိန်းနိုင်သည့် အနေ အထားရှိ တွင်ရှိကြောင်း အဖြေရရှိလာသည့်အတွက် ပြီးခဲ့သောနှစ်များကစတင်ကာ နိုင်ငံခြားကုမ္ပဏီများကို လုပ်ပိုင်ခွင့် ပေးထားသော Fishing Right များကို ၁-၄-၂၀၁၄ ရက်ကစတင် ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါကြောင်းနှင့် ပင်လယ်ပြင်တွင် ရှိနေသော ငါးဖမ်းရေယာဉ်များကိုလည်း Over Fishing၊ Fishing Down Expectation ဖြစ်ပေါ်ခြင်းမရှိစေရန် ငါးဖမ်းစင်းအရေအတွက်ကို ထိန်းချုပ်ခြင်း၊ ငါးဖမ်းရက်များကို သတ်မှတ်ခြင်း၊ ငါးမဖမ်းရ ဧရိယာများ သတ်မှတ်ခြင်း၊ ငါးဖမ်းပိုက်ကွက်၊ ငါး အမျိုးအစား၊ ငါး Species များနှင့် လိုင်စင် ကန့်သတ်ချက်ခြင်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်း ကွက်များ သတ်မှတ်ခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း၊ Illegal Fishing Fish ၏ တရားမဝင် ငါးဖမ်း သင်္ဘောများကို တားမြစ်နိုင်ရန် VMS စနစ်များ တပ်ဆင်ခြင်း၊ ဂြိုလ်ထုမှ ငါးဖမ်းယာဉ်ကို စောင့်ကြည့်ထိန်းချုပ်သော ကိရိယာ MC စနစ်များ တပ်ဆင်ခြင်းများကို ပြည်တွင်းပြည်ပ ကမ်းဝေးရေယာဉ်များတွင် တပ်ဆင်အသုံးပြုရန်အတွက် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ဂေဟစနစ်နှင့် အညီ ငါးလုပ်ငန်များ စီမံခန့်ခွဲနိုင်ရန်အတွက် ငါးနေငါးထိုင်များ ထိန်းသိမ်းခြင်း၊ ငါး လုပ်ငန်း ဆိုင်ရာ စံချိန်စံညွှန်းများ၊ ငါးအမျိုးအစား၊ အရွယ်အစား၊ အလေးချိန် စာရင်းကောက်ယူခြင်း၊ ငါးဖမ်း စွမ်းရည် စစ်တမ်းကောက်ယူခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိ ပညာပေးခြင်းများကိုဆောင်ရွက်လျက်ရှိသကဲ့သို့ သယံဇာတထိန်းညှိခြင်းအစီအစဉ်ဖြင့် ဖမ်းဆီး ထုတ်လုပ်ခြင်း (Catcher Base Fisheries) မှ မွေးမြူထုတ်လုပ်ခြင်း (Culture Base Fisheries) ကို ပြောင်းနိုင်ရန်အတွက် Balancing ကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊
ထို့ကြောင့် လက်ရှိ အားနည်းချက်နေသောဖြစ်ပေါ်နေသော ငါး သယံဇာတနှင့် ဇီဝ မျိုးစုမျိုးကွဲများ Resources and Diversity ရှာဖွေတိုင်းတာမှုလုပ်ငန်းတွေကို ပိုပြီး ဆောင်ရွက်သွားရန် အစီအမံများ ချမှတ်လျက် ရှိပါ ကြောင်းနှင့် ငါးလုပ်ငန်းနှင့် ပတ်သက်သော ဖမ်းဆီး မွေးမြူမှုနှင့် ပြုပြင်ထုတ်လုပ်မှု သုတေသန လုပ်ငန်းတွေကို လည်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးလုပ်ငန်းများကို စစ်ဆေး ကြီးကြပ်သော ဝန်ထမ်းအင်အားများကိုလည်း ဖြည့်တင်းပြီး ထိရောက်စွာကွပ်ကဲနိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ သုတေသန ငါးဖမ်းရေယာဉ်နှင့် ကင်းလှည့်စစ်ဆေးလျက်ရှိသော ရေယာဉ်များကိုလည်း တိုးချဲ့လျက်ရှိသည့်အပြင် ငါးလုပ်ငန်းဆိုင်ရာ ပညာရှင်များ နည်းပါးလာခြင်းများကိုလည်း ထပ်မံ မွေးထုတ် နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးလုပ်ငန်း ရေပြင်အတွင်းတွင် အခြားနိုင်ငံများမှ ငါးခိုးဖမ်းသော ရေယာဉ်များ ဝင်ရောက်ခြင်းမရှိနိုင်ရန်အတွက် ဌာနအားလုံး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
ငါးသယံဇာတများပြုန်းတီးမှုနှင့် တရားမဝင်ငါးဖမ်းဆီးမှု ကာကွယ် တားဆီးရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာန၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ မိမိတို့ ကဏ္ဍအလိုက် အပိုဒ်(၁၂) တင်ပြပါလုပ်ငန်းရပ်များအား ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်းနှင့် အပိုဒ်(၁၃)ပါ တင်ပြခဲ့သော အားနည်းချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်၏ ခွင့်ပြု ဘဏ္ဍာငွေဖြင့် အခြားလုပ်ငန်း အထောက်အကူပစ္စည်းများ၊ နည်းပညာပံ့ပိုးမှုများရရှိရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။
