(က)-ရွှေလုပ်ငန်းလုပ်ကိုင်သောကုမ္ပဏီများမှရွှေ အကြွေးကျန်များ ဆက်လက်ရရှိရေးကိုနည်းလမ်း (၄)သွယ်ဖြင့် ဆောင်ရွက်ရာတွင် ဖြေရှင်း၍မ ရနိုင်သောကုမ္ပဏီများဆိုသည်မှာ မည်သို့သော အကြောင်းကြောင့် ဖြစ်သည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း Primary tabs View(active

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၆. ၂.၂၀၁၄)

ဦးကျော်ခိုင်ဝင်း (မယ်စဲ့)အဋ္ဌမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၈-၁၁-၂၀၁၃ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာန၏ ရှင်းလင်းဖြေချက်အရ ရွှေလုပ်ငန်းလုပ် ကိုင်သော ကုမ္ပဏီများ ရွှေကြွေးကျန်ဆက်လက်ရရှိစေရန် နည်းလမ်း(၄) သွယ်ဖြင့် ဆောင်ရွက်နေသော်လည်း အဆိုပါနည်းလမ်း (၄) သွယ်အနက် နည်းလမ်း ၂ ဖြင့် ဆောင်ရွက်၍မရနိုင်သော ကုမ္ပဏီများမှာ (၃၅) ခုကျန်ရှိသေးသည်ကို ရှင်းလင်းသွားခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဖော်ပြပါနည်းလမ်း(၄) သွယ်အနက် နည်းလမ်း ၂ ဖြင့် ဖြေရှင်း၍မရနိုင်သော ကုမ္ပဏီအများစုမှာ မည်သို့သော အကြောင်းတရားများကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်းနှင့် နိုင်ငံတော်အတွက် နစ်နာချက်များ ဖြစ်နိုင်မည်ကိုရှေးရှု၍ ဥပမာအနည်းငယ်ဖြင့် ပြန်လည်ရှင်းလင်းပေးစေ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်
အဖြေ

သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးချက်အစီရင်ခံစာ တွင် ဖြစ်ပေါ်နေသော ရွှေကြွေးကျန်များကို နည်းလမ်း (၄)သွယ်ဖြင့် ဆောင်ရွက်နိုင်ရေး အတွက် မူဝါဒချမှတ်ပေးနိုင်ရန် သတ္တုတွင်းဝန်ကြီးဌာနမှ ၃၀-၈-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၂၄ ခွဲ(၂) ၁၃(၇၀၃၆) ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြသည့်အခါ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၁၀-၉-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၅၁/၄၁၈(၆-လွှတ်တော်)/အဖရ(၂၀၁၃) ဖြင့် သတ္တုတွင်းဝန်ကြီးဌာန၏ အစီအမံအတိုင်း ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါကြောင်း။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၁-၇-၂၀၁၃ ရက်နေ့တွင် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၁/၂၀၁၃) ပါအတိုင်း ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကုန်အပြီး ရွှေကြွေးကျန်များ ဖြေရှင်းဆောင် ရွက်ရေး ၈-၈-၂၀၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုဆုံးဖြတ်ထားသည့် အတွက် သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် အတွင်း ရွှေကြွေးကျန်များ ဖြေရှင်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။

ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းပါ ကုမ္ပဏီ (၃၅) ခုကိစ္စနှင့်ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ ၄-၆-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၅၂၅/စီမံ-ထုတ်(၂)/ရွှေကြွေးကျန်/၂၀၁၃ ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ ကုမ္ပဏီသက်တမ်းရှိ/မရှိ  သို့မဟုတ် ဖျက်သိမ်းပြီး/မပြီး ပြန် ကြားပေးပါရန် အကြောင်းကြားခဲ့ခြင်းအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ၁၀-၆-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ရက-၈(ဂ)၀၀၁/၂၀၁၃(၅၈၅၉) ဖြင့် ကုမ္ပဏီ (၃၄) ခုမှာ သက်တမ်းကုန်ဆုံး၍ သက်တမ်းတိုးတင်ပြခြင်း မရှိပါကြောင်းနှင့် ကုမ္ပဏီ (၁) ခုမှာ ဖျက်သိမ်းပြီး ဖြစ်သည်ကို ပြန်ကြားခဲ့ပါကြောင်း။  

အဆိုပါ ကုမ္ပဏီ (၃၅) ခုအား ရွှေကြွေးကျန်ကိစ္စအတွက် ဌာနနှင့် တစ်ပတ်အတွင်း ဆက်သွယ်ရန်နှင့် ဆက်သွယ်မှု မရှိပါက အုပ်ချုပ်မှုဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များအား တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ၄-၁၁-၂၀၁၃ နှင့် ၅-၁၁-၂၀၁၃ ရက်များတွင် နိုင်ငံတော်ပိုင် သတင်းစာများ၌ အသိပေးထည့်သွင်းကြေညာခဲ့သော်လည်း ယနေ့တိုင် လာရောက်ဆက်သွယ်မှု မရှိသေးသည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများမှ အုပ်ချုပ်မှုဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ ကုမ္ပဏီ မှတ်ပုံတင်ပါ နေရပ်လိပ်စာ များသို့ ဆက်သွယ်၍ တောင်းခံလျက်ရှိပါကြောင်း၊

ယင်းတို့အနက် အောင်စစ်သွေးကုမ္ပဏီနှင့် ခုနစ်ခုသောရာထူးကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ကိုစည်သူလွင်သည် ခွင့်ပြုငွေရပြီး လုပ်ကွက်ပါ ပါမစ်များကို ရောင်းချရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း လုံးဝမရှိသည့်အပြင် ကားအရောင်း အဝယ်များနှင့် ပတ်သက်၍လည်း လိမ်လည်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေသည်ကို  သိရှိရပါကြောင်း။

ထို့အပြင် ရွှေကြဲကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဝင်းသည် ကလောရွှေမြင့်ဘုံ လုပ်ကွက်ကြီး အနီး ရွှေတူးဖော်စမ်းသပ်ကြည့်ကာ ရွှေတူးဖော်မရသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ၎င်း၏မိသားစုရှိသည့် တပ်ရင်းထိ လိုက်လံစုံစမ်းသော်လည်း ယိုးဒယားဘက်ကို ထွတ်ပြေးတိမ်းရှောင်နေကြောင်းနှင့် သေဆုံး သွားသည် ဟူ၍ သတင်းကြားသိရပါကြောင်း၊ ရာသက်စံကုမ္ပဏီမှ ဒါရိုက်တာ ဦးကိုဦးသည် ယခင်နှစ်က ဆိုင်ကယ် Accident ဖြစ်ကာ ယိုးဒယားနိုင်ငံဘက်ကို ဆေးကုသွားပြီး ကုမ္ပဏီနှင့် MD  ဦးခင်ဇော်ကိုပါ အဆက်အသွယ် မပြုသည်ကို စစ်ဆေး တွေ့ရှိရပါကြောင်း၊ ရွှေကျော်ထွန်း ကုမ္ပဏီမှ MD ဦးလူတင်သည် သေဆုံးသွားပြီး ၎င်း၏ဇနီး ဒေါ်မေသောင်းသည် ၂၆-၁၁-၂၀၁၃ ရက်နေ့တွင် ‌ရွှေ  ၄ ကျပ်သား ပေးသွင်းသည့် အတွက် ၎င်းကို ကုမ္ပဏီ (၃၅) ခုမှ မိမိတို့နှင့် လာရောက်ဆက်သွယ်သော ကုမ္ပဏီအဖြစ် မှတ်တမ်းတင် ထားပါကြောင်း၊ ထို့အပြင် မနောရတနာကုမ္ပဏီ ဒါရိုက်တာအဖွဲ့ ၄ ဦးရှိရာ ကချင်ပြည်နယ် ဝိုင်းမော်ဒေသမှ (၂)ဦး ဖြစ်ပြီး ပုသိမ်မှ (၂)ဦး ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်ကို အဆက်အသွယ် မရသော်လည်း ပုသိမ်မှ ဒါရိုက်တာ ဦးမြထွေးသည် သေဆုံးသွားပြီး ၎င်း၏ဇနီး ဒေါ်တင်လှိုင်သည် ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှု ခံနေရသည့်အပြင် လုပ်ငန်းအရှုံးပေါ်နေသည့်အတွက် ခွင့်လွှတ်ပေးပါရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ ထောက်ခံချက်ဖြင့် တင်ပြထားပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွှေကြွေး ကျန်များကို အတက်နိုင်ဆုံး ဆက်သွယ်ကြိုးစားပြီး ရရှိစေရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း ဖြေကြားပါသည်။