(စ) - ကျောက်တန်းမြို့နယ်၊ကွင်းအမှတ်(၆၂၁)၊ ဦးပိုင်အမှတ်၊ ၃၊ ၅၊ ၆၊ ၇၊ ၁၁၊ ၁၂၊ ၁၃ရှိမြေ ဧက (၃၈.၉၂)ဧကအား လက်ရှိ ပိုင်ရှင်များ၏ အမည်ဖြင့်မြေခွန်ပြေစာများပြန်လည်ရရှိရေးဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၆.၁၁.၂၀၁၃)

ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်း ကျေးရွာအုပ်စုပိုင် ဖြူချောင်းအနောက် ကွင်းအမှတ် (၆၂၁) ဦးပိုင်အမှတ် ၃၊ ၅၊ ၆၊ ၇၊ ၁၁၊ ၁၂၊ ၁၃ တို့ရှိ မြေဧက ၃၈.၉၂ ဧကကို အကောက်ခွန်သင်တန်းကျောင်းဆောက်လုပ်ရန် ၁၉၉၀ ခုနှစ်က မြေယာ ပိုင်ဆိုင် လုပ်ကိုင်သူ ၁၁ ဦးထံမှ သိမ်းယူခဲ့သော် လည်း မြေယာလျော်ကြေးပေးဆောင်ခြင်း၊ ထိရောက်သော အမိန့်ညွှန်ကြား ချက်များ ပေးပို့ခြင်း၊ အိမ်ဂရန်များဖယ်ရှား ခိုင်းခြင်းစသော ကိစ္စရပ်များကို တိကျစွာ ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် မူလပိုင်ရှင်များက ယနေ့အချိန်အထိ အဆိုပါနေရာများတွင် နေထိုင် လျက်ရှိကြပါကြောင်း၊  အကောက်ခွန်ဦးစီးဌာန အနေဖြင့် လည်း ၁၉၉၀ ပြည့်နှစ်မှ စတင်၍ ယနေ့အချိန်အထိ မည်သည့်လုပ်ငန်းမျှ ဆောင်ရွက်ခြင်း မရှိပါသော်လည်း ၁၉၉၅၊၁၉၉၆ ခုနှစ်များကစပြီး မူလပိုင်ရှင် အမည်ပေါက်မြေခွန်ပြေစာများအစား အကောက်ခွန်ဦးစီးဌာနအနေဖြင့် မြေခွန်ပြေစာများ ထွက်ရှိလာပြီး မြို့နယ် မြေစာရင်းဌာနမှလည်း လန-၃၉ ကျပြီးဖြစ်သည်ဟုသိရှိရပါကြောင်း၊  အဆိုပါမြေခွန် ပြေစာများကို လည်း မူလပိုင်ရှင်များက ဆက်လက်ထမ်းဆောင်လျက်ရှိသည့်အပြင်  နှစ်ကာလကြာမြင့်ပြီ ဖြစ်သောကြောင့်  တချို့မူလ ပိုင်ရှင်များအနေဖြင့် မိမိတို့၏ မြေယာအချို့ကို လွဲပြောင်းရောင်းချနေထိုင်ကြသည့်အပြင် ယနေ့ထိ လူဦးရေ ၃၀၀ ကျော် အဆိုပါ မြေနေရာများပေါ်တွင် နေထိုင်လျက်ရှိသည်ကိုတွေ့ရပါကြောင်း၊ ယခုအချိန်တွင် မြေယာမှတ်ပုံတင်ခြင်းကိစ္စများ ဆောင်ရွက်ချိန်ဖြစ်သည့်အတွက် မြေယာပိုင်ဆိုင်သူများအနေဖြင့် ၎င်းတို့၏ ဥယာဉ်ခြံ မြေများ၏ မြေခွန်ပြေစာများကို မူလပိုင်ရှင်များအမည်ဖြင့် ပြန်လည်ရယူလိုသောကြောင့် သက်ဆိုင်ရာဌာနများမှ မည်ကဲ့သို့ စီစဉ် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုသည့်အတွက် ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအပိုင်း ခရုချောင်းအနောက် ကွင်းအမှတ်(၆၂၁) ဦးပိုင် အမှတ် ၃၊ ၅၊ ၆၊ ၇၊ ၁၁၊ ၁၂၊ ၁၃ တို့ရှိ မြေဧက ၃၈.၃၂ ဧက၏ မြေခွန်ပြေစာများကို အကောက်ခွန်ဦးစီးဌာနအမည်မှ လက်ရှိမူလပိုင်ရှင်များ၏အမည်ဖြင့် ရရှိစေရန်အတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


အဖြေ

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် မြေသိမ်းမှုပြဿနာ များကို လျှင်မြန်စွာဖြေရှင်းဆောင် ရွက်နိုင်ရန် ဒုတိယသမ္မတ(၂) ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင် ပါဝင်သော မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီကို အမိန့်ကြော်ငြာ စာအမှတ် (၅၉/၂၀၁၃) ဖြင့်လည်းကောင်း၊  မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီအား အထောက်အကူပြုနိုင်ရန်နှင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများအား ညှိနှိုင်းဖြေရှင်းနိုင်ရန် နေပြည်တော်အပါအဝင်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/    ကျေးရွာအုပ်စု မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီများကို ၁၉-၉-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၁၆၂၁/၂၅၂-ကော်မတီ/အဖရ (၂၀၁၃) ဖြင့် လည်းကောင်း ဖွဲ့စည်း ပေးခဲ့ပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးဆောင်ရွက်လျက်ရှိပါကြောင်း။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၊ ခရုချောင်း အနောက်ကွင်း၊ မြေကွက် အမှတ် (၆၂၁)ရှိ မြေဧရိယာ စုစုပေါင်း ၃၈.၉၂ ဧကအား အကောက်ခွန်ဦးစီးဌာန၊ သင်တန်းကျောင်း ဆောက်လုပ်ရန် ရန်ကုန် တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၃-၉-၁၉၉၁ ရက်စွဲပါ စာအမှတ်၊ ၃၈၁/၃၉၂/တဝတ ဖြင့် လ/န ၃၉ ခွင့်ပြုပေး ခဲ့သည့်အတွက် အကောက်ခွန်ဦးစီးဌာန၏ ၁၆-၉-၁၉၉၆ ရက်စွဲပါ စာအမှတ်၊ ၂၂-ထပ/၉၆(၁၃၀) ဖြင့် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ညှိနှိုင်းခဲ့ရာ အဆိုပါမြေနေရာသည် သန်လျင်-ကျောက်တန်း ဒေသဖွံ့ဖြိုးရေးစီမံကိန်း သတ်မှတ် နယ်မြေအတွင်း ပါဝင်နေသောကြောင့် ခွင့်ပြုနိုင်ခြင်းမရှိကြောင်းကို ၂၃-၁၀-၁၉၉၆ ရက်စွဲပါ စာအမှတ်၊ မတ/အထထ-၅/၉၆ (၉၁၇)ဖြင့် ပြန်ကြားခဲ့ပါ၍ အသုံးပြုခဲ့ခြင်း မရှိသည်ကိုသိရှိရပါကြောင်း၊

အဆိုပါမြေနေရာများကို အကောက်ခွန်ဦးစီးဌာနက သင်တန်းကျောင်းမြေ အဖြစ် မြေရယူစဉ်ကာလ က မြေခွန်စည်းကြပ်ခံရသူ အမည်စာရင်းပါသူတို့သည် သက်ရှိထင်ရှားမရှိတော့ဘဲ ၎င်းတို့၏ သားစဉ် မြေးဆက်အချို့နှင့် တစ်ဆင့် ဝယ်ယူနေကြ သူများဖြစ်ကြောင်း သိရှိရပြီး ကျောက် တန်းမြို့နယ် မြေစာရင်းဦးစီးဌာန၏ အခွန်စည်းကြပ်မှု မှတ်ပုံတင် စာရင်းတွင် ရန်ကုန်တိုင်းဒေ သကြီး ငြိမ်ဝပ်ပိပြားမှုအဖွဲ့၏ အမိန့်အရ အကောက်ခွန်ဦးစီးဌာနအမည်ကို မှတ်သားထားပါကြောင်း၊  

လယ်ယာမြေဥပဒေ၊ အခန်း (၁၀)တွင် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၂၉တွင်  နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ စီမံကိန်းလုပ်ငန်းကြီးများအတွက် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် သက်ဆိုင်ရာစီမံကိန်းအကောင်အထည်ဖော်မည့် ဝန်ကြီးဌာနသည် ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘော ထား မှတ်ချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ပုဒ်မ ၃၀တွင်- အများပြည်သူ အကျိုးငှာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု ရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍-

(က)    ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကိုအခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ် ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်။

(ခ)      သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး အခြားမြေများကို အခြား နည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟု တိကျစွာပြဋ္ဌာန်းထားပါကြောင်း၊

လယ်ယာမြေဥပဒေပုဒ်မ ၃၁ တွင် ပုဒ်မ ၃၀ အရ အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးနောက် ခွင့်ပြုသည့်နေ့မှ ၆ လ အတွင်း လယ်ယာမြေကို သတ်မှတ်သည့်နည်းလမ်းအတိုင်း စတင် အသုံးမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ် ကာလ အတွင်း လုပ်ငန်းပြီးစီးခြင်းမရှိလျှင်သော်လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်နှင့်  လယ်ယာမြေနည်းဥပဒေ ၉၁ တွင် ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များက ကွင်းဆင်းစစ်ဆေးရာတွင် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် ရရှိထားသူသည် ခွင့်ပြုသည့် နေ့ရက်မှ ၆ လအတွင်း သတ်မှတ်သည့် နည်းလမ်းအတိုင်း စတင် အသုံးမပြုကြောင်း သော်လည်းကောင်း၊ သတ်မှတ်သည့် ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း မရှိကြောင်းသော်လည်းကောင်း တွေ့ရှိပါက သီးခြားကိစ္စ တစ်ရပ်အဖြစ် အမှုတွဲဖွင့်လှစ် ၍ နေပြည်တော် ကောင်စီ (သို့) တိုင်းဒေသကြီး (သို့) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ ဓာတ်ပုံမှတ် တမ်းနှင့် အတူ တင်ပြရမည်ဟု တိကျစွာပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊

မြေပိုင်ဆိုင်မှုအထောက်အထားများ ပြန်လည်ရရှိရေးနှင့်ပက်သက်၍ သက်ဆိုင်သူများအနေဖြင့် လယ်ယာမြေဥ ပဒေနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေများအရ ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီသို့ တင်ပြလျှောက်ထားသင့်ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ၏ ကြီးကြပ်မှုနှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများအနေဖြင့် ဒေသ အတွင်း ပေါ်ပေါက် လျက်ရှိသော အခြေအနေမှန်များအား ကွင်းဆင်းစိစစ်၍ သက်ဆိုင်ရာအကောက်ခွန်ဦစီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပြီး အတည်ပြုပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ သိမ်းဆည်းခံ ရသော လယ်ယာမြေများ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှန်ကန်စွာ စိစစ်ဖြေရှင်း ဆောင်ရွက်ပေးရမည့် ကိစ္စဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။