(ဇ)- ရွှေကူမြို့နယ်၊ စီသာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်း အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၂၉.၁.၂၀၁၄)

ဦးဝင်းနိုင် (ရွှေကူ) ရွှေကူမြို့နယ် စီသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသည် ရွှေကူမြို့နှင့် ၉ မိုင်၊ ၁၀ မိုင်ခန့်ဝေးကွာသော ဒေသအထိရှိပါကြောင်း၊  စီသာကျေးရွာအုပ်စုနှင့် အနီး စပ်ဆုံးကျေးရွာ အုပ်စု ၇ အုပ်စုရှိပြီး ကျေးရွာပေါင်း ၂၀ တွင် လူဦးရေ တစ်သောင်းကျော်နေထိုင်ပြီး လယ်ယာလုပ်ကိုင်သော တောင်သူလယ်သမားများဖြစ် ကြပါကြောင်း၊  ကျေးရွာ ၇ အုပ်စုတွင် အခြေခံပညာမူလွန် ကျောင်း ၄ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၅ ကျောင်းရှိသည့်အတွက် စတုတ္ထတန်း အောင်မြင် ကြသောအခါ စီသာကျေးရွာ အထက်တန်းကျောင်းခွဲသို့ အားထားတက်ရောက်နေ ကြရသည့်အတွက် စီသာတိုက်နယ်အတွင်းရှိ ပြည်သူများက စီသာကျေးရွာ အထက်တန်းကျောင်း (ခွဲ) ကို အခြေခံအထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးစေ လိုကြောင်း၊ ယင်းအထက်တန်းကျောင်းခွဲတွင် အထက်တန်းအဆင့် ကျောင်း သူကျောင်းသား ၁၈၅ ဦး၊ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသား ၆၄၇ ဦး၊ မူလတန်းအဆင့်ကျောင်း သူကျောင်းသား ၁၆၁ ဦး၊ စုစုပေါင်း ၉၉၃ ဦးရှိပါကြောင်း၊ ထို့ကြောင့် ရွှေကူမြို့နယ် စီသာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲကို အထက်တန်ကျောင်းအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တိုးမြှင့်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာစန်းလွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာအထက်တန်းကျောင်း အဖြစ် ကျောင်းအဆင့် တိုးမြှင့်ပေးဖို့ရန်အတွက် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အပြင် လိုအပ်သည့် အမှုတွဲလည်း ရုံးချုပ်က ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၄ ဖေဖော်ဝါရီလကုန်တွင် ဆောင်ရွက်မည့် ၂၀၁၄-၁၅ ပညာ သင်နှစ်အတွက် ကျောင်းအဆင့် တိုးမြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်သည့်အခါ စီသာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာအထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် စိစစ် ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။