မြန်မာနိုင်ငံတွင် မီးရထားတိုင်းကြီး ၁၁ တိုင်းရှိသည့်အနက် တိုင်းအမှတ် (၂) ရွာထောင်သည် နိုင်ငံတော် ဘဏ္ဍာငွေကို ရှာပေးနေသော ထိပ်ဆုံးစာရင်းဝင် တိုင်းတစ်တိုင်းဖြစ်ပါကြောင်း၊ တိုင်းအမှတ်(၂) ရွာထောင်၏ ဝန်ထမ်းများသည် ၂၄ နာရီ အချိန်ပြည့် တာဝန်ထမ်းဆောင်နေကြသော်လည်း မီးရထားရပ်ကွက် အတွင်းရှိ ဝန်ထမ်းအိမ်ရာများသည် နှစ်ကာလကြာ သည်နှင့်အမျှ အမိုးအကာများ ပျက်စီးယိုယွင်းလာသည့်အတွက် အမိုးမလုံခြင်း၊ အိမ်အကာနံရံများ ဆွေးမြေ့ခြင်း၊ ခြ စားခြင်း၊ သန့်စင်ခန်းများ ပျက်စီးနေခြင်းတို့ကြောင့် ဝန်ထမ်းများကိုယ် တိုင် ပြုပြင်ဆောက်လုပ်နေသည်ကို တွေ့ရပါကြောင်း၊ အချို့မှာ ဝန်ထမ်းအိမ်ရာ မလုံလောက်၍ အိမ်ငှားနေရပါကြောင်း၊ ဝန်ထမ်းများ၏အခက်အခဲနှင့်ပတ်သက်၍ မီးရထား အိမ်ရာဌာနမှ ဖြေရှင်း ဆောင်ရွက်ပေးပါမည်၊ ဘတ်ဂျက်လည်းကျပြီး ပြီဖြစ်ကြောင်း ပြောသော်လည်း ယခုထိ ဆောင်ရွက် ပေးခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းမြို့ တိုင်းအမှတ် (၂) ရွာထောင် ဧရိယာအတွင်းရှိ ဘူတာစဉ်အလိုက် ဝန်ထမ်းအိမ်ရာ များအား ပြန်လည်ပြုပြင်ပြင်ဆင်ပေးရန်နှင့် တိုးချဲ့ဆောက်လုပ်ပေးရန်၊ မန္တလေး- မြစ်ကြီးနားခ ရီးစဉ်အား ပြည်တွင်း/ပြည်ပခရီးသွားများ လိုက်ပါ စီးနင်းနေသော ရထားတွဲများ ပျက်စီးယိုယွင်းနေခြင်းကြောင့် တွဲအသစ်များ အစားထိုးပေးရန်၊ နေ့စဉ်ခရီးသွား များပြားလာမှုနှင့်အတူ နည်းပါးလာသော လက်မှတ်ခွဲ တမ်းများကြောင့် ခရီးသွား ပြည်သူများ သွားလာမှု အဆင်မပြေဖြစ်နေရသည့်အတွက် သတ်မှတ်ဘူတာစဉ်အလိုက် လက်မှတ် ခွဲတမ်းများ တိုးချဲ့ရောင်းချပေးရန်၊ ဘူတာစဉ်တိုင်းတွင် အရေးပါသော အထောက်အကူပြု ကိရိယာများ ဟောင်းနွမ်း ခေတ်မမီခြင်းများကို အဆင့်မြှင့်တင် လဲလှယ်ပေးခြင်းများနှင့် ဝန်ထမ်းငယ်များ၏ လိုအပ်ချက်ဖြစ်သည့် ယူနီဖောင်းနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်တို့ကို အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် ပြန်လည်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရွာထောင်နယ်တွင် ဝန်ထမ်းအိမ်ရာ ၃၁၀ လုံး ရှိပြီး ပြင်ဆင်ရမည့် အိမ်ရာ အရေအတွက်မှာ ၄၅ လုံး ရှိပါ ကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် နေအိမ် ၇ လုံးကို ဘဏ္ဍာငွေ ၁၂.၂၅ သန်း သုံးစွဲပြင်ဆင်ပြီး ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် နေအိမ် ၁၀ လုံးကို ပြင်ဆင်ရန် ဘဏ္ဍာငွေ ၉.၀၀ သန်း သုံးစွဲသွားရမည် ဖြစ်ကြောင်း၊ ကျန်အိမ်ရာ ၂၈ လုံး ပြင်ဆင်ရန် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေတောင်းခံ တင်ပြသွားမည်ဖြစ်ပြီး နှစ်စဉ် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့မီးရထားဌာနခွဲ အသီးသီးရှိ ဝန်ထမ်းငယ် များအားလုံးကို ဇင်နက်ပြာရောင် ယူနီဖောင်း ၁ စုံစီ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ရွာထောင် ဒေသ အပါအဝင် မြန်မာ့မီးရထား ဝန်ထမ်းငယ်အားလုံးကို ထောက်ပံံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာ့ မီးရထားဌာနခွဲအလိုက် လုပ်ငန်းတာဝန် အမျိုးအစားအရ၊ ရာထူးအဆင့်အတန်းအရ အနွေးထည်၊ မိုးကာ၊ ဓါတ်မီးနှင့် ဓါတ်ခဲ၊ လက်အချက်ပြအလံ အနီ/အစိမ်း၊ သားရေလွယ်အိတ်၊ ပလက်စတစ် လည်တိုဖိနပ် စသည်တို့ကိုလည်း နှစ်စဉ် (သို့) ၂ နှစ် ၁ ကြိမ် (သို့) ၃ နှစ် ၁ ကြိမ် ပစ္စည်း၏ သက်တမ်း သတ်မှတ်ချက် အလိုက် ထောက်ပံ့ပေးလျက်ရှိကြောင်း။
ရွာထောင်ဘူတာတွင် မန္တလေး- မြစ်ကြီးနား ပြေးဆွဲနေသော အမှတ် ၅၅ အဆန်/ ၅၆ အစုန်၊ ၅၇ အဆန်/၅၈ အစုန် အမြန်ရထားများနှင့် အမှတ် ၄၁ အဆန်/ ၄၂ အစုန် စာပို့ရထားများ ရပ်တန့်ပေးလျက်ရှိပြီး ရွာထောင်ဘူတာအတွက် အမှတ် ၅၅ အဆန်အမြန်ရထားတွင် ရိုးရိုးတန်း ၄၅ နေရာ၊ ပထမတန်း ၆ နေရာ၊ အထက်တန်း ၄ နေရာ၊ စုစုပေါင်း ၅၅ နေရာ၊ အမှတ် ၅၇ အဆန်အမြန်ရထားတွင် ရိုးရိုးတန်း ၃၀ နေရာ၊ ပထမတန်း ၈ နေရာ၊ အထက်တန်း ၂ နေရာ၊ ပေါင်း ၄၀ နေရာ၊ အမှတ် ၄၁ အဆန် စာပို့ရထားတွင် အထက်တန်း ၄ နေရာ၊ ပထမတန်း ၅ နေရာ၊ ရိုးရိုးတန်း ၁၀ နေရာ၊ ပေါင်း ၁၉ နေရာ ၊ အမှတ် ၅၅ အဆန်/၅၆ အစုန် အမြန်ရထားတွင် ရိုးရိုးတန်း ၈ တွဲ၊ ပထမတန်း ၂ တွဲ၊ အထက်တန်း ၂ တွဲ၊ ဘရိတ်တွဲတို့ဖြင့် ဖွဲ့စည်း တပ်ဆင်ထားပြီး (ခရီးစ/ဆုံးဘူတာများမပါ) လမ်းခရီးရပ်တန့် ၂၂ ဘူတာရှိပါကြောင်း၊ အလားတူ အမှတ် ၅၇ အဆန်/ ၅၈ အစုန် အမြန်ရထားတွဲတွင် ရိုးရိုးတန်း ၇ တွဲ၊ ပထမတန်း ၂ တွဲ၊ အထက်တန်း ၂ တွဲ၊ ဘရိတ်တွဲ တို့နှင့် ဖွဲ့စည်းတပ်ဆင်ထားပြီး (ခရီးစ/ဆုံးဘူတာများမပါ) လမ်းခရီးရပ်တန့်ဘူတာ ၁၉ ဘူတာ၊ အမှတ် ၄၁ အဆန်/ ၄၂ အစုန် စာပို့ရထားများတွင် ရိုးရိုးတန်း ၄ တွဲ၊ ပထမတန်း ၁ တွဲ၊ အထက်တန်း ၂ တွဲနှင့် စာတိုက် ၁ တွဲ၊ ပါဆယ် ၂ တွဲ၊ ဘရိတ်တွဲတို့နှင့် ဖွဲ့စည်းတပ်ဆင်ထားပြီး (ခရီးစ/ဆုံးဘူတာများမပါ) လမ်းခရီးရပ်တန့် ဘူတာ ၄၄ ဘူတာရှိပါကြောင်း၊ တွဲဆိုင်းဖွဲ့ဆင်ပုံအရ ပါရှိသော ထိုင်ခုံများကို ခရီးစဘူတာနှင့် လမ်းခရီးရပ်တန့်ဘူတာများကို မျှတစွာ ခွဲဝေဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိအားဖြင့် ရွာထောင် ဘူတာတွင် အမှတ် ၅၇ အဆန်အမြန်ရထားအတွက် ရိုးရိုးတန်း ယခင် ၃၀ နေရာမှ ၄ နေရာ ထပ်တိုးထားပြီး အထက်တန်းအပါအဝင် စုစုပေါင်း ၄၄ နေရာ သတ်မှတ်ကာ ၁၄-၁၀-၂၀၁၃ မှစ၍ ရောင်းချပေးလျက်ရှိကြောင်း။
မန္တလေး- မြစ်ကြီးနားလမ်းပိုင်း တစ်လျှောက် ကြိုးမဲ့ဆက်သွယ်ရေးစက်များနှင့် ပတ်သက်၍ လမ်းပိုင်းအတွင်း ၅၈ ဘူတာ ရှိပြီး ကိုယ်စီဆက်သွယ်ရေးစက်များ၊ ထပ်ဆင့်လွှင့်စက်များပါ တပ်ဆင်ထားကာ ရထား ကြီးကြပ်ရေးမှူးရုံးများနှင့် လည်းကောင်း၊ ဘူတာစဉ် ဆက်သွယ်မှု၌ လည်းကောင်း ကောင်းမွန်အောင် ဆောင် ရွက်ထားရှိပါကြောင်း၊ ချို့ယွင်းမှုဖြစ်ပေါ်လာလျှင်လည်း ပြုပြင်ပေးခြင်း၊ အစားထိုးတပ်ဆင်ပေးခြင်းများ အမြန်ဆောင်ရွက်နိုင်ရန်အတွက် အရံစက်သစ်များကိုလည်း ဝယ်ယူပြီး သက်ဆိုင်ရာအင်ဂျင်နီယာမှူးများထံသို့ ကြိုတင်ထုတ်ပေးထားပြီးဖြစ်ပါကြောင်း၊ အချက်ပြများအနေနှင့် ၎င်းလမ်းပိုင်းအတွင်း ယခင်က ၂၀၀၃-၀၄ ခုနှစ်အထိ ထိန်းချုပ်မှုမရှိသော Fixed distance working outer အချက်ပြစနစ်ကိုသာ တပ်ဆင်ထား သော် လည်း ၂၀၀၄-၀၅ ခုနှစ်မှစပြီး လမ်းမွှာများ၊ လမ်းခွဲပွိုင့်များအထိ ရထားများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် သော့အိမ်ထိန်းချုပ်သည့် ရထားထုတ်သွင်းပြုနိုင်သော ချိတ်ဆက်စနစ်ကို ရွာထောင်၊ ဟိုပင်နှင့် မိုးကောင်း ၃ ဘူတာမှအပ ကျန်ဘူတာများတွင် တပ်ဆင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ဘဏ္ဍာနှစ်အတွင်း ရွာထောင်ဘူတာရှိ အချက်ပြစနစ် တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာ့မီးရထားရှိ သက်တမ်းရှိလူစီးတွဲ ၈၉၁ တွဲ၊ သက်တမ်းလွန်လူစီးတွဲ ၄၀၄ တွဲ၊ စုစုပေါင်း ၁၂၉၅ တွဲရှိပြီး သက်တမ်းလွန် လူစီးတွဲများကို စိတ်ချစွာ ပြေးဆွဲအသုံးပြုနိုင်ရန်အတွက် ပြင်ဆင်ပေးလျက်ရှိပါကြောင်း၊ မန္တလေးမှ မြစ်ကြီးနားအထိ ပြေးဆွဲနေသော လူစီးရထား အဆန် ၅ စီး၊ အစုန် ၅ စီး၊ စုစုပေါင်းတွဲဆိုင်း ၁၃ ဆိုင်းနှင့် ပြေးဆွဲပေးလျက်ရှိပြီး အထက်တန်းအိပ်ခန်း ၂၀၊ အထက်တန်းထိုင်ခုံ ၂၆ တွဲ၊ ပထမတန်း ၁၂ တွဲ၊ ရိုးရိုးတန်း ၆၉ တွဲ၊ ဘရိတ်တွဲ ၁၃ တွဲ၊ စုစုပေါင်း ၁၃၀ တွဲ အသုံးပြု ပြေးဆွဲလျက်ရှိပါကြောင်း၊ သတ်မှတ်ထားသော လူစီးတွဲ သက်တမ်း ၃၀ နှစ်အတွင်း လူစီးတွဲ ၁၁၀ တွဲ၊ သက်တမ်း ၃၀ နှစ်အထက် ကျော်သောလူစီးတွဲ ၃၀ ခန့်နှင့် မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်းကို ပြေးဆွဲလျက်ရှိရာ သက်ဆိုင်ရာ စက်ရုံများတွင် ဆက်လက် ထိန်းသိမ်းပြုပြင်ပေးပါကြောင်း၊ ယခုအခါ ခရီးသည်များအတွက် ဝန်ဆောင်မှု ပိုမိုဆောင်ရွက်နိုင်ရန် မန္တလေးတွဲပြင်ရုံတွင် တစ်နှစ် ၄၈ တွဲ ပုံမှန် ပြင်ဆင်မှု လုပ်ငန်းစဉ်အပြင် ပြန်လည် ဆေးသုတ်မွမ်းမံပေးလျက်ရှိပြီး အခြားမွမ်းမံမှုများကို မြစ်ငယ်စက်ရုံမှ နယ်စက်ရုံများသို့ သွားရောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံချေးငွေဖြင့် ၂၀၁၃-၁၄ ခုနှစ်တွင် လူစီးတွဲသစ် စက်ရုံတည်ဆောက်ပြီး ရိုးရိုးတန်း လူစီးတွဲ ၆၀ အသစ်တည်ဆောက်မည် ဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံ ချေးငွေဖြင့် လူစီးတွဲ ရိုးရိုးတန်း ၁၇၅ တွဲ၊ အထက်တန်း ၂၀ တွဲ၊ ဘရိတ်တွဲ ၂၀ တွဲ ဝယ်ယူရရှိနိုင်ရေးကို ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံ EDCFချေးငွေဖြင့် ရိုးရိုးတန်း ၁၀၀ တွဲ၊ အထက်တန်း ၂၀၀ တွဲကို မြစ်ငယ်စက်ရုံ၌ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါလူစီးတွဲသစ်များ ရရှိချိန်တွင် အစားထိုးလဲလှယ် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ လူစီးတွဲသစ်များ အစားမထိုးနိုင်မီကာလအတွင်း မြစ်ကြီးနားလမ်းပိုင်းတွင် ပြေးဆွဲနေသော ၃၃ အဆန်/ ၃၄ အစုန် ရထားတွဲဆိုင်းရှိ အရည်အသွေးကျဆင်းသော တွဲ ၂ တွဲကို ဆီအစားထိုးစနစ်ဖြင့် မြစ်ငယ်စက်ရုံကို ပေးပို့ပြုပြင်ခြင်း၊ မန္တလေး၌ ပြုပြင်နိုင်သည်များကို မြစ်ငယ်စက်ရုံမှ တွဲပြုပြင်ရေးအဖွဲ့က သွားရောက်ပြုပြင်ခြင်း များ ဆောင်ရွက် လျက်ရှိပြီး တွဲသစ်များဖြင့် အစားမထိုးနိုင်မီ တွဲအရည်အသွေးကို ကြိုးပမ်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း ဖြေကြားပါသည်။
