(ဂ)-ဒေတန်ရွာ၊ကျီပျော့ရွာ၊ဂျိတ်လွယ်ရွာ၊ဂျန်ဘုတ်ရွာ၊ ကူးမောရွာ၊ချော်လော်ရွာ၊စနေရန်ရွာနှင့်ယဂျော်ရွာ အထိဆက်သွယ်သွားလာနေသောလူသွားလမ်း များကိုဆိုင်ကယ်လမ်းအဖြစ်သို့တိုးမြှင့်ဖောက် လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၁၁.၁၁.၂၀၁၃)

မိမိတို့မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျေးရွာချင်း ဆက်လမ်းများ သည်လည်း လူသွားလမ်း များကိုသာ အဓိကထား၍ အသုံးပြုနေ ရသော တောင်ပေါ်မြို့နယ်လေး တစ်ခုဖြစ်ပါကြောင်း၊ ကားလမ်း၊ ဆိုင်ကယ်လမ်းများ မပေါက်ရောက်သောကြောင့် ကျေးရွာနှင့်ပြည်သူလူထုများ၏ လူမှုဘဝ နောက်ကျ လျက်ရှိသည့် အတွက် ကားလမ်း၊ ဆိုင်ကယ်လမ်းများ ကို ဖောက်လုပ်ပေးရန် လိုလားလျက်ရှိပါကြောင်း၊ ထို့ကြောင့် ကျေးရွာချင်း ဆက်လမ်း များဖြစ်သော ဒေတန် ရွာ-ကျီပျော့ရွာ- ဂျိတ်လွယ်ရွာ-ဂျန်ဘုတ်ရွာ-ကူးမောရွာ-ချော်လော်ရွာ-စနေ ရန်ရွာ-ယဂျော်ရွာအထိ ဆက်သွယ်သွားလာ နေသော ၁၅ မိုင်အရှည်ခန့်ရှိ လူသွားလမ်းကို ဆိုင်ကယ်လမ်းအဖြစ်သို့ အဆင့်တိုးမြှင့်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနဲ့ အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလမှာ ဖောက်လုပ်ပေးမည်နှင့် အစီအစဉ်မရှိပါ က အဘယ်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။


အဖြေ

ကချင်ပြည်နယ်၊ ဆော့လောမြို့နယ် ဒေတန်-ကျီပျော့-ဂျိတ်လွယ်-ဂျန်ဘုတ်-ကူးမော် -ချော်လော်-စနေရန်-ယဂျော် ကျေးရွာချင်းဆက်လမ်းဟာ အရှည် ၁၅ မိုင်ရှိသော လူသွားလမ်းကို မြေသားလမ်းဆောင်ရွက်မည် ဆိုပါက ငွေကျပ် ၂၂၅ သန်း ကုန်ကျ မှာဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်  ကချင်ပြည်နယ်အတွက် ၃၆၅၄.၅၉၈ သန်း ခွင့်ပြုထားပြီး လမ်းတံ တား လုပ်ငန်းများအတွက် ရန်ပုံငွေ ကျပ် ၂၉၂၆.၅၉၆သန်း ဖြင့် ကတ္တရာလမ်း ၁၀ မိုင်၊ ကျောက်ချောလမ်း ၂၁ မိုင်၊ မြေသားလမ်း ၄၈ မိုင်၊ သစ်သားတံတား ၁၀၀၀ ပေနှင့် ရေပြွန် ၇၀၀ ပေတို့ကို လျာထား ဆောင်ရွက် လျက်ရှိပါကြောင်း၊  ဆော့လော်မြို့နယ်အတွင်း ရန်ပုံငွေ ကျပ် ၂၈.၅ သန်းနှင့် လာချင်ချောင်းတံတား ၄၀ ပေ၊ ချောင်းမှော်ချောင်းတံတား ၃၀ ပေ၊ နတ်မှော် ချောင်းတံတား ၂၅ ပေ၊ စုစုပေါင်း သစ်သားတံတား ၉၅ ပေကို ဆောင်ရွက်ရန် လျာထားခွင့်ပြုပေးခဲ့ပြီး ဆော့လော်မြို့နယ် ဒေတန်-ကျီပျော့-ဂျိတ်လွယ်-ဂျန်ဘုတ်-ကူးမော်-ချော်လော်-စနေရန်-ယဂျော် ကျေးရွာချင်းဆက်မြေသားလမ်းဖောက် လုပ်ခြင်း အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ပါဝင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ကျေးရွာ လိုအပ်ချက်များတင်ပြရာ၌ စီမံကိန်းတွင် ပါဝင်အောင် ထည့်သွင်းရေး ဆွဲထားပါက  အနီးစပ်ဆုံး ဘဏ္ဍာရေး နှစ်တွင် လျာထားဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ယခုအချိန် တွင်  ဆောင် ရွက်ပေးနိုင်ခြင်း မရှိ သေးပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။