(စ)- ဧရာဝတီမြစ်-ချင်းတွင်းမြစ်ကြီးများ အား ရေကြောင်းပြုပြင် ထိန်းသိမ်းရန်မည်သို့ စီမံချက်ရေးဆွဲ လုပ်ဆောင်နေသည်ကိုသိလို သည်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၁၃.၁၁.၂၀၁၃)

မိမိတို့နိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်းစသော မြစ်ကြီးများသည် နှစ်ပေါင်းများစွာ အကျိုးပြုခဲ့ပါကြောင်း၊ သို့သော် မြစ်၏ သဏ္ဍာန် အနေအထား၊ ရာသီဥ တုပြောင်းလဲမှု၊ စီးဆင်းရေ၏ သဘာဝ ပြောင်းလဲမှု၊ ရေကြောင်းများ တိုက်စားမှု များကြောင့် တဖြည်းဖြည်း စိုက်ပျိုးမြေများ၊ ကျေးရွာ၊ မြို့ပြမြေများအထိ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားစွာ တိုက်စားလာသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါ မြစ်ကြောင်းများတိုက်စားမှု သည် ဒေသတွင်းကြုံတွေ့ ရသော ဘေး အန္တရာယ်ဟု ရှုမြင်သုံးသပ်ရန် မသင့်ဘဲ ကျေးရွာများ၊ လူနေအိမ်များ ပျက်စီးခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာ၊ မြေယာ၊ ပြည်သူတို့၏လုပ်အားနှင့် သီးနှံများစွာ ထိခိုက်ပျက်စီးနေသောကြောင့် အလေးထားသုံးသပ် ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ ချင်းတွင်းမြစ် တိုက်စားမှုကြောင့် မြေပြိုမှု အများအပြား ရှိပါကြောင်း၊ အများကြီးကျေးရွာနှင့် ရှေ့ဦးရေကျေးရွာများ တွင်  မြေပြိုပျက်စီးမှု များကြောင့် ဒုက္ခများစွာရောက်ရှိနေကြသော ပြည်သူများကို သက်ဆိုင်ရာ အနီးအနားပတ်ဝန်းကျင်နှင့် လူမှုအဖွဲ့အစည်းများမှ ကူညီစောင့်ရှောက်ပေးနေသော်လည်း လတ်တလော စားဝတ်နေရေးကိုပင် အဆင်ပြေဆုံးဖြစ်အောင် ကူညီနိုင်မည့်အနေအထား မရောက်ရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ ထို့ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပျက်ပြီးမှ ကူညီစောင့်ရှောက်ခြင်းထက် မဖြစ်ခင်က ကြိုတင် ကာကွယ်သည့် နည်းလမ်းများကို ကျင့်သုံးရန် လိုအပ်သည်ဟု သုံးသပ်တင်ပြလိုပြီး မြစ်ကြောင်း တိုက်စားမှုသည်လည်း သဘာဝဘေးအန္တရာယ်များတွင် ပြုပြင်ကိုင်တွယ်ရန် လွယ်ကူသောကိစ္စတစ်ခုဟု ယူဆပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်မည့် အကြောင်းအရင်း၊ နေရာဒေသ၊ ကာလများကို ခန့်မှန်းတွက်ဆနိုင်ကြောင်း၊ မိမိလေ့လာမိ သလောက် ဖဆပလအစိုးရလက်ထက်တွင် လည်းကောင်း၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် လည်းကောင်း၊ ဘောချသင်္ဘော၊ နုန်းနုတ်သင်္ဘော၊ သောင်တူး သင်္ဘောများနှင့် ရေကြောင်းအနက် ၉ ပေ အမြဲရှိစေရန် ထိန်းသိမ်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ နည်းပညာများ များစွာတိုးတက်နေသော ယနေ့ချိန်ခါတွင် မြစ်ကြောင်းထိန်းသိမ်းရေး စီမံချက်ကြီးကို ဆောင်ရွက်မည်ဆိုပါက ပိုမိုလွယ်ကူအောင်မြင် ဖွယ်ရာရှိသည်ဟု အကြံပြုတင်ပြလိုပါကြောင်း၊ သြဂုတ်လ တတိယအပတ်တွင် တရုတ်နိုင်ငံက မှာယူ ထားသော သောင်တူူးသင်္ဘော ၁၉ စင်းအနက် ၁၄ စင်း ရောက်ရှိနေပြီဟု သတင်းများတွင် ဖတ်ရှုရပါကြောင်း၊ ထို့ကြောင့် အဆိုပါ မှာယူခဲ့သော သင်္ဘောများသည် မြစ်ကြောင်းထိန်းသိမ်းရေးကို ဆောင်ရွက်ရန် ဟုတ်/ မဟုတ် နှင့် ဆောင်ရွက်မည်ဆိုပါက မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက် လုပ်ကိုင်နေသည်ကို သိရှိ လိုပါကြောင်းမေးမြန်းပါသည်။


အဖြေ

မိမိတို့အနေဖြင့် ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖြစ်မြောက်နိုင်မှု အခြေ အနေ လေ့လာရေး စီမံကိန်းကို ၁၉၈၆ ခုနှစ်ကတည်းက စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က UNDP နှင့် World Bank တို့၏ ထောက်ပံ့ ကူညီမှုဖြင့် နယ်သာလန်နိုင်ငံ Royal Haskoning Consultants မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းအစီရင်ခံစာအရ ဧရာဝတီမြစ် အတွင်း ရေကြောင်းကြပ်တည်းသော နေရာများတွင် မြစ်ကြမ်းပြင် ထိန်း သိမ်းပြုပြင်သော နည်းစနစ်ဖြင့် ထိန်းသိမ်းရန်အကြံပြုခဲ့ပါကြောင်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၁ ခုနှစ်တွင် လက်ရှိရေလမ်းကြောင်း အခြေအနေအပေါ်မူတည်ပြီး ရေ လမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံချက်ကို ပြန် လည်ပြင်ဆင်ရေးဆွဲခဲ့ရာ ဗန်းမော်မှ ရန်ကုန်အထိ ဧရာဝတီမြစ် အ တွင်း ရေကြောင်းကြပ် တည်းကျဉ်း မြောင်းသောနေရာ(၄၆)၊ ချင်းတွင်းမြစ်တွင် (၃၇)နေရာရှိကြောင်း၊ အဆိုပါနေရာများကို ရေလမ်းကြောင်း ကောင်းမွန်ရေး အတွက် မြစ်ကြောင်းပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဧရာဝတီမြစ်အတွင်း ၂၀၀၀-၀၁ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း ဘဏ္ဍာငွေ ကျပ်သန်းပေါင်း (၂၇၁၇.၅၂၄) သန်းဖြင့် မြေထိန်းနံရံ ၃၀၅၅မီတာ၊ မျောတိုင်းတန်းရေကာ ၁၂၃၇၀ မီတာ၊ မျောတိုင်တန်းကျောက်ဖြည့်ရေကာ ၁၅၄၀ မီတာ၊ ကျောက်စီရေကာ ၁၄၉၃၀ မီတာ၊ မျောကရစ်တန်း ၅၆၂ စတုရန်းကီလိုမီတာ၊ သဲမွေ့ရာ ၇၃၄ စတုရန်းကီလိုမီတာ၊ သောင်ထိန်း ၂၅၇၈ မီတာနှင့် သောင်တူးခြင်း ကုဗမီတာ ၇၁၀၀၀၀ ခန့်၊ ချင်းတွင်းမြစ် အတွင်း ဘဏ္ဍာငွေသန်းပေါင်း (၁၆၃၃.၆၀၀) သန်းဖြင့် မြေထိန်းနံရံ ၁၂၆၈ မီတာ၊ မျောတိုင်းတန်းရေကာ ၃၈၁၇ မီတာ၊ မျောတိုင်တန်းကျောက်ဖြည့်ရေကာ ၄၆၆၃ မီတာ၊ ကျောက်စီရေကာ ၅၆၈၂ မီတာ၊ သဲအိတ်စီရေကာ ၁၂၇၅ မီတာ၊ သဲစုပ်သောင်တူးခြင်း ကုဗမီတာ ၆၂၀၀၀ ခန့် ဆောင်ရွက်ခဲ့ပါကြောင်း။

ဖွံ့ဖြိုးပြီးကမ္ဘာ့နိုင်ငံများတွင် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြစ်ကြမ်းပြင်  ပြုပြင်ထိန်းသိမ်းသော နည်းစနစ်အပြင် မြစ်ရေမျက်နှာပြင် ထိန်းချုပ်သော နည်းစနစ် (Water Level Regulation Method)ဖြင့် လည်း ဆောင်ရွက်ကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်နှင့် ဥရောပတိုက်  ဒင်းညုမြစ်များတွင် မြစ်ရေမျက်နှာပြင် ထိန်းချုပ်သည့် နည်းစနစ်များအသုံးပြုပြီး Weirများ၊ Navigation Lock များဖြင့် တွဲဖက်တည်ဆောက်ပြီး  ရေကြောင်းသွားလာရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးရေ ရရှိရေးအစရှိသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများကို  ဆောင်ရွက်လျက်ရှိသည်ကို နာမူနာယူပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် စီမံဆောင်ရွက်ရန် ဖြစ်နိုင်ချေကို လေ့လာဆောင်ရွက်လျက်ရှိပါကြောင်း။

ဧရာဝတီမြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေးနှင့် ရေအရင်းအမြစ်များဖော်ထုတ်ရေး လုပ်ငန်းနှင့် စပ်လျဉ်းပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပညာရှင်အဖွဲ့က ရေကြောင်းထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများဖြစ်သော Lock and Weir များနှင့် Flood Protection Project များကို လေ့လာရန် ၆-၁၀-၂၀၁၂ ရက်မှ ၁၆-၁၀-၂၀၁၂ ရက်နေ့အထိ ဘယ်လ်ဂျီယံနိုင်ငံသို့ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဧရာဝတီမြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းဆောင်ရွက်မည့် အစီအစဉ်များကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများကို ဘယ်လ်ဂျီယံနိုင်ငံ၊ SBE nv Engineering Co.,Ltd  နှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ၁၉-၁၂-၂၀၁၂ ရက်နေ့တွင် ရှင်းလင်းတင်ပြခဲ့ပါကြောင်း။

ဧရာဝတီမြစ် ဘက်စုံစီမံခန့်ခွဲမှုဆောင်ရွက်နိုင်ရေး ဖြစ်နိုင်ချေလေ့လာမှုအတွက် ပို့ဆောင်ရေးဝန်ကြီး ဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာနနှင်‌့ ဘယ်လ်ဂျီယံနိုင်ငံ SBE nv Engineering Co.,Ltd  တို့အကြားတွင် နားလည်မှု စာချွန်လွှာ(MOU) အား (၁၁-၂-၂၀၁၃ )ရက်နေ့တွင် လက်မှတ်ရေး ထိုးခဲ့ပြီး မြစ်ဆုံမှ ဟင်္သာတအထိ ရေတားတမံနှင့် (Low Head Dam) ၁၆ ခု တည်ဆောက်နိုင်သည့်အနက် ရန္တပို(ဆီမီးခုံ)၊ လမ်းရွာ၊ မင်းလှနှင့် အောင်လံတို့တွင် စတင်ဆောင်ရွက်နိုင်ရန် ဘယ်လ်ဂျီယံနိုင်ငံ SBE nv Engineering Co.,Ltd မှ ကနဦးဖြစ်မြောက်နိုင်စွမ်းလေ့လာနိုင်မှု Phase One ကို ၁-၃-၂၀၁၃ ရက်နေ့က စတင်ခဲ့ရာ ၄ နေရာစလုံးတွင် ဖြစ်မြောက်နိုင်စွမ်းရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ဒီနေရာ ၄ နေရာအနက် အောင်လံ(ရိုးဆပ်)တွင် စတင် ဆောင်ရွက်မည်ဆိုပါက နည်းပညာအရ အားသာမှု အရှိဆုံးဖြစ်သော်လည်း မိုးနည်းရေရှားဒေသအတွင်း စိုက်ပျိုးရေးဖူလုံစွာရရှိရေး၊ ပတ်ဝန်းကျင်ဒေသ စိမ်းလန်း စိုပြေပြီး ရာသီဥတု ကောင်းမွန်လာစေရေးနှင့် မြေအောက်ရေဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ရန္တပိုတွင် ဒုတိယအကြိမ် ဖြစ်မြောက်နိုင်စွမ်း Phase Two လေ့လာရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Phase Two တွင် EIA, SIA နှင့် HIA ဆန်းစစ်ချက်များနှင့် ဆောင်ရွက်ရန် ကာလအချိန် ၁ နှစ်ခန့် ရှိမည်ဖြစ်ကြောင်း၊

 တရုတ်နိုင်ငံက  သောင်တူးရေယာဉ်များ သြဂုတ်လက ရောက်ရှိပြီး လွှဲပြောင်းလက်ခံရန် စမ်းသပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သောင်တူးရေယာဉ်များကို  ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း ချင်းတွင်းနှင့် ဧရာ ဝတီမြစ်ကြောင်းများအတွင်း သောင်တူးဖော်ရန်လိုအပ်သော နေရာများတွင် အသုံးပြုဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်၍ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ကြီးများ ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၂၂၄.၇၀ ဖြင့် ဧရာဝတီမြစ် ရေလမ်းကြောင်း လုပ်ငန်းများကို ရေကြောင်းပျက်နေရာတွင် အသေးစိတ် ပြန်လည်တိုင်းတာပြီး ဦးစားပေးလုပ်ငန်း များ ဆောင်ရွက်သွားမည့်နည်းတူ ချင်းတွင်းမြစ်တွင်လည်း ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၃၂၂.၂၀ သန်းဖြင့် ဦးစားပေးဆောင် ဆောင်ရွက်သင့်သည့်နေရာများကို  ထပ်မံကွင်းဆင်း တိုင်းတာ ဆောင်ရွက်ပေး သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။