(ဃ)-ဘဏ်မှချေးယူသူအခြေအနေများအားချေးငွေ ပမာဏ(သန်းဂဏန်း)လူအချိုးအစား၊ချေးငွေပမာဏ အချိုးအစားတို့အား သိရှိလိုသည်နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၁၃.၁၁.၂၀၁၃)

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငွေစုသူများ၏ ဘဏ်အပ်ငွေအခြေအနေများကို အပ်ငွေပမာဏ (သိန်းဂဏန်း) လူအချိုးအစား၊ အပ်ငွေပမာဏအချိုးအစား များကို ရှင်းလင်းဖြေကြားပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။ ယခုအချိန်တွင် ဘဏ်မှချေးယူသူ အခြေအနေများအား အထက်ပါအတိုင်း ချေးငွေပမာဏ သန်းဂဏန်း၊ လူအမျိုးအစား၊ ချေးငွေပမာဏ အချိုးအစားတို့အား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

ပထမဦးစွာ ဘဏ်လုပ်ငန်းကဏ္ဍတွင်ပါဝင်သော နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များ၏ ဘဏ်ချေးငွေ ထုတ်ချေးထားမှု အခြေအနေများကို တင်ပြရမည်ဆိုပါက ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းချေးငွေကျပ် ၁၁၁၅.၅၁ ဘီလီယံ၊ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းချေးငွေကျပ် ၂၀၈၀.၅၄ ဘီလီယံ၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းချေးငွေကျပ် ၃၇၃၃.၄၅ ဘီလီယံ၊ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းချေးငွေကျပ် ၅၃၃၅.၂၅ ဘီလီယံ ထုတ်ချေးခဲ့ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းကဏ္ဍများတိုးချဲ့ရေး အတွက် ငွေရေးကြေးရေးကဏ္ဍမှ နှစ်စဉ်ချေးငွေပမာဏကို တိုးမြှင့်ထုတ်ချေးခဲ့ ပါကြောင်း။

ဒုတိယမေးခွန်းဖြစ်သော လုပ်ငန်းကဏ္ဍအလိုက်ချေးငွေအချိုးအစားကို ဆက်လက် တင်ပြရမည်ဆိုပါက  ၂၀၁၃ ခုနှစ် ဇွန်လကုန်အချိန်တွင် ဘဏ်များ၏ စုစုပေါင်း လက်ကျန် ချေးငွေစာရင်းကို ကြည့်မည်ဆိုပါက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို ကျပ် ၄၄၂.၈၅ ဘီလီယံ(၇.၈၉%)၊ စက်မှုလက်မှုနှင့်ထုတ်လုပ်မှုလုပ်ငန်းများကို ကျပ် ၉၀၃.၁၈ ဘီလီယံ (၁၆.၀၉%)၊ ကုန်သွယ်မှုလုပ်ငန်းကို ကျပ် ၁၉၃၂.၇၂ ဘီလီယံ(၃၄.၄၃%)၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ကျပ် ၉၃.၉ ဘီလီယံ(၁.၆၇%)၊ ဝန်ဆောင်မှုလုပ်ငန်းကို ကျပ် ၆၄၄.၇ ဘီလီယံ(၁၁.၄၈%)၊  ဆောက်လုပ်ရေးလုပ်ငန်းကို ကျပ် ၇၂၈.၇ ဘီလီယံ(၁၂.၉၆ %)၊ အထွေထွေလုပ်ငန်းကို ကျပ် ၆၈၂.၄ ဘီလီယံ(၁၅.၄၄%) အသီးသီးထုတ်ချေး ထားသည့် အတွက်     ကုန်သွယ်မှုလုပ်ငန်းကို အများဆုံး ထုတ်ချေးထားပြီး ဒုတိယအများဆုံး ထုတ်ချေးထားသည့် လုပ်ငန်းများမှာ စက်မှုလက်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများ ဖြစ်ပါကြောင်း။

တတိယမေးခွန်းနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊  ဘဏ်ချေးငွေ လက်ကျန်စာရင်း ဇယားများအရ နိုင်ငံပိုင်ဘဏ်များအနေဖြင့် ငွေချေးသူ ၂၃၅၄၉၇ ဦးကို ချေးငွေကျပ် ၉၉၈.၄၃ ဘီလီယံ၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေချေးသူ ၄၇၂၂၁ ဦးကို ချေးငွေကျပ် ၄၄၃၀ ဘီလီယံ ထုတ်ချေးထားသည့် အတွက်ကြောင့် စုစုပေါင်းငွေချေးသူ ၂၈၂၇၁၈ ဦးကို ချေးငွေကျပ် ၅၄၂၈.၄ ဘီလီယံ ထုတ်ချေးထားလျက်ရှိရာ ဘဏ်များမှ ပျမ်းမျှအနေနှင့် ငွေချေးသူ တစ်ဦးကို ကျပ် ၁၉.၂၃ သန်း ထုတ်ချေးထားပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားပါသည်။