(ဂ)-ငွေဖြည့်ကတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေ သည့်ကုမ္ပဏီအရေအတွက်၊အမည်နှင့်ငွေဖြည့်ကတ် များဈေးကွက်တွင်ပြတ်လပ်မှု မရှိစေရန်မည်သို့စီမံ ထားသည်တို့ကို သိလိုသည်နှင့်စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၁၃.၁၁.၂၀၁၃)

ယခုအချိန်တွင် နိုင်ငံတော်မှ တန်ဖိုးနည်းဖုန်းများကို ကျေးလက်ဒေသများပါမ ကျန် နိုင်ငံတစ်ဝန်း ငှားရမ်းချထား ပေးခြင်းများကြောင့် ဆင်းရဲချမ်းသာမရွေး လက်ကိုင်ဖုန်းအသုံးပြုနိုင်သော အနေအထားတစ်ခုသို့ ရောက်ရှိ လာပြီဖြစ်သည့် အပြင် ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ သာရေး၊ နာရေး စသည့်ကိစ္စရပ်များတွင် အဆင်ပြေ လွယ်ကူမြန်ဆန်စွာ ချိတ်ဆက်နိုင်မှု၊ သတင်းအချက်အလက်များ စုဆောင်းနိုင်မှု၊ အင်တာနက်မှ ဗဟုသုတ လေ့လာနိုင်မှု စသည့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ကိုင်ဖုန်းအသုံးပြုမှုသည် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ သို့သော် လက်ကိုင်ဖုန်းများ သုံးစွဲရာတွင် မရှိမဖြစ်အသုံးပြုနေရသည့် ဖုန်းငွေဖြည့်ကတ်များ ဝယ်ယူရာတွင် အဆင်မပြေမှု များနှင့်  ကြုံတွေ့နေရပါကြောင်း၊ ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချနေသော ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာမှ ငွေဖြည့်ကတ်ကုမ္ပဏီများကဲ့ သို့ ဈေးနှုန်းလျော့ ရောင်း ချခြင်း၊ မိနစ်အပိုထည့်ပေးခြင်း စသည်တို့ဖြင့် ဈေးကွက် ကို ထိုးဖောက် လွှမ်းမိုးနိုင်အောင် အပြိုင်အဆိုင် ပြုလုပ်လာကြလျှင် သုံးစွဲသူများအတွက် ပိုမိုအကျိုးရှိမည် ဖြစ်ပါကြောင်း၊ တချို့ကုမ္ပဏီများမှ ငွေဖြည့်ကတ်များ ဈေးနှုန်းလျော့၍ ရောင်းချရာတွင် ထိုသို့မပြုလုပ်ရန် သတိပေးတားမြစ်ခဲ့သည့် သတင်းများလည်း ကြားသိခဲ့ရ ပါကြောင်း၊  ပြီးခဲ့သည့် ရက်သတ္တပတ်က ငွေဖြည့်ကတ်များပြတ်တောက်သွားသည့် အခြေအနေနှင့် ကြုံတွေ့ ခဲ့ရသည့်အပြင် ထွက်ရှိလာသော ငွေဖြည့်ကတ်များကို ဝယ်ယူသုံးစွဲရာတွင်လည်း လိုင်းမပွင့်၊ သုံးစွဲမရသည့် အတွေ့အကြုံများ လည်းရှိခဲ့ပါကြောင်း၊  ယခုအခါ ငွေဖြည့်ကတ်များ မကြာခဏ ပြတ်တောက်မှု ကြုံတေ့ွ နေရခြင်းများရှိသည့်အတွက် ထိုကဲ့သို့အခက်အခဲများကို ပြည်သူများမကြုံတွေ့စေရန်နှင့် ပြည်သူ့အကျိုးရှိမည့် ကိစ္စများကို နိုင်ငံတော်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ရာ ဈေးနှုန်းလျော့ ရောင်းချမှုကို ဟန့် တားခြင်း၊ ငွေဖြည့်ကတ်များ ထုတ်လုပ်မှုကို ဆိုင်းငံ့ခြင်း၊ ပြည်သူလူထုလက်ထဲသို့ လိုင်းမပွင့် သေးသော ငွေဖြည့် ကတ်များ ရောက်ရှိလာခြင်းတို့သည် မဖြစ်သင့်သည့် ကိစ္စရပ်များ ဖြစ်ပါကြောင်း၊ ငွေဖြည့် ကတ်များကို ဈေးနှုန်းအပြိုင်ဖြင့် ရောင်းချမှုကို အားပေးပြီး ပြတ်လပ်မှု မရှိစေရန်နှင့်  ငွေဖြည့်ကတ် ထုတ်လုပ်ဖြန့်ဖြူးသည့်ကုမ္ပဏီများ အပြိုင်အဆိုင်ပေါ်ပေါက်လာရန် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် အတွက် အောက် ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း၊ (၁) ယခုအခါ ငွေဖြည့်ကတ် ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေသည့် ကုမ္ပဏီအရေအတွက်နှင့် ကုမ္ပဏီအမည်များကို လည်းကောင်း၊  (၂) ငွေဖြည့်ကတ် ဈေးနှုန်းရောင်း ချမှုကို ဟန့်တားခြင်းရှိ/မရှိနှင့် အကယ်၍ရှိပါက မည်သည့်အတွက် ဟန့်တားသည်ကို လည်းကောင်း၊ (၃) ငွေဖြည့်ကတ်များ ဈေးကွက်တွင် ပြတ်လပ်မှုမရှိဘဲ အချိန်မီပြည်သူ့လက်ထဲရောက်ရှိစေရန် မည်ကဲ့သို့ စီမံထားရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

ဦးခင်မောင်ညို (ပေါက် မဲဆန္ဒနယ်) ၏ မေးခွန်းများသည် ဖုန်းသုံးစွဲနေသော သူများ၏ ကြုံတွေ့နေရသော အခက်အခဲများအပြင် မိမိတို့ဝန်ကြီးဌာန၏ လိုအပ်ချက်များကို ပြင်ဆင်ပြီး ပိုမိုကောင်းမွန်သော အစီအမံများ ပြုလုပ်ရန် အခွင့်အရေးများကို အချိန်မီရရှိသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းများတွင် အသုံးပြုရန်အတွက် Prepaid Top Up ကတ် ထုတ်လုပ်ဖြန့်ဖြူးရန် Asia Mega Link Co., Ltd၊ Global Telephone Co., Ltd၊ Tamoehnye Chan Tha Tun Wai Tha Co., Ltd၊ Yatanapon Teleport Co., Ltd နှင့် Elite Tech IT Services Co., Ltd ကုမ္ပဏီ(၅)ခုကို ကိုယ်စားလှယ် ပေးထားပါကြောင်း။

 မေးခွန်း(၂)နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ငွေဖြည့် ကတ် များကို အထက်ပါကုမ္ပဏီများသို့ ၆ ရာခိုင်နှုန်း ကော်မရှင်နှင့် ဖြန့်ဖြူးရောင်း ချပေးရန် ကိုယ်စားလှယ် ခန့်အပ်ထားခြင်း ဖြစ်ပါကြောင်း၊ တစ်ခါတရံ ဈေးကွက်လိုအပ်ချက်ကို  ခန့်မှန်းတွက်ချက်မှု လွဲမှားပြီး တချို့ငွေဖြည်‌့ကတ်များ မလုံလောက်ခြင်း ကြုံတွေ့ရခြင်း၊ ဈေးကွက်ကို လက်ဝါးကြီးအုပ်လိုမှုနှင့် ဝယ်ယူသိုလှောင်ထားခြင်း၊ ဖြန့်ဖြူးသည့် စနစ်အားနည်းခြင်းကြောင့် ပြတ်လပ်သွားခြင်း၊ ထုတ်လုပ်သော ကိုယ်စားလှယ်ကုမ္ပဏီ၏ နည်းပညာ အားနည်းချက်ကြောင့် တစ်ခါတရံ သုံးစွဲမရသည့် ငွေဖြည့်ကတ်များ ကြုံတွေ့ရခြင်းတို့ကြောင့် ဖြစ်ပြီး ထိုကဲ့သို့ ကိစ္စများအတွက် မကြာခဏ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊  သို့ရာတွင် လွတ်လပ်သော ဈေးကွက် သဘောတရားကို ဟန့်တားသည့်ကိစ္စရပ်များဖြစ် သည့် ဈေးနှုန်းကန့် သတ်ခြင်း၊ ညွှန်ကြားချက်၊ အမိန့်များနှင့် တားမြစ်ကန့်သတ်ခြင်းမျိုးမရှိခဲ့ပါကြောင်း။

မေးခွန်း(၃)နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငွေဖြည့်ကတ်များ ဈေးကွက်တွင် ပြတ်လပ်မှု မရှိစေရန်အတွက် ဈေးကွက်၏ သတင်းအချက်အလက်ကို အချိန်မီရယူဆောင်ရွက်နေပါကြောင်း၊ ယခုအခါ Top Up သုံးစွဲမှု ပိုမိုများပြားလာသည့်အတွက် ကုမ္ပဏီ ၅ ခုအပြင် အခြား ဆောင်ရွက်လုပ်ကိုင်လိုသော ကုမ္ပဏီများနှင့်ပါ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက်  ၂၉-၉-၂၀၁၃ ရက်နေ့တွင် နိုင်ငံတော်ပိုင် သတင်းစာမှ တစ်ဆင့် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ တင်ဒါတင်သွင်းသော ကုမ္ပဏီပေါင်း ၂၁ ခု ရှိပါကြောင်း၊ ယခုအပတ်အတွင်း၌ ကုမ္ပဏီတစ်ခုချင်းအလိုက် စိစစ်ပြီး နည်းပညာအရ ဆောင်ရွက်နိုင်စွမ်း ရှိ/ မရှိ၊ ငွေရေး ကြေးရေး လုံလောက်မှု ရှိ/ မရှိကို စိစစ်လျက်ရှိသည့်အတွက် မကြာခင်တွင် ထပ်မံ၍ ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယခုလက်ရှိ သုံးစွဲသောစနစ်အပြင် နိုင်ငံတကာကဲ့သို့ မိမိလိုသလောက် ငွေတန်ဖိုးအတိုင်း စတိုးဆိုင်တွင်   ပြောဆိုပြီး ကွန်ပျူတာဖြည်‌့သွင်းစနစ်ဖြစ်သော Prepaid Top Up စနစ်ကို တိုးချဲ့စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် မကြာခင်တွင် ဗဟိုဘဏ်မှ ထုတ်ပြန်ပြီး ဆောင်ရွက်ခွင့်ပေးမည့် Mobile Non Services ပေါ်ပေါက်လာပါက မိမိငွေဖြည့်ချင်သည့် တန်ဖိုးကို ၂၄ နာရီအချိန်ပြည့် ဖြည့်သွင်းနိုင်မည် ဖြစ်သည့်အပြင် အိမ်မှပင် ငွေကို လွှဲပြောင်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် Top Up အပြင် နိုင်ငံတကာသုံးစွဲနေသော စနစ်များအတိုင်း ပိုမိုအဆင်ပြေသော စနစ်များကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။