(စ)-နတ်ကြီးကျေးရွာရှိဘီးလင်းမြစ်ကူးတံတားအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် စီစဉ်ထားရှိမှုများအားသိရှိလိုသည်နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၃)

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသော ဘီးလင်း-နတ်ကြီး-ဖာပွန်ပြည်‌ထောင်စု လမ်းမကြီးကို ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူရ ပါကြောင်း၊ မွန်ပြည်နယ်သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး လာရောက်သောခရီးစဉ်တွင် ယင်းလမ်းပိုင်းများကို ပြန်လည်ပြုပြင်ပေးရန် မိမိတို့ တင်ပြခဲ့သည့် အတွက် ပြည်သူ့ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ပြန်လည်ပြုပြင် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဘီးလင်း-နတ်ကြီး-ဖာပွန်လမ်းပိုင်းနှင့် ပတ်သက်၍ လမ်းအဆင့် မြှင့်တင်သော လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ဘီးလင်း-နတ်ကြီး-ဖာပွန် လမ်းမကြီးအတွက် ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာရှိ ဘီးလင်းမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်း သည် ၎င်းလမ်းကြီးတစ်ခုလုံး၏ အဓိကအရေးကြီးသောလုပ်ငန်း တစ်ခုဖြစ်သည့် အတွက် ပြည်သူ့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဘီးလင်းမြစ်ကူးတံတား တည်ဆောက်မည်အစီအစဉ်ကို မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

 


အဖြေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှ ကရင်ပြည်နယ် ဖာပွန်မြို့သို့ ဆက်သွယ်သော ပြည်ထောင်စုလမ်းမကြီးသည် ၇၆ မိုင် ရှိပြီး  မိုင်တိုင် ၂၁/၄ တွင် နတ်ကြီးကျေးရွာတည်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဘီလင်းမြစ်ကို ဖြတ်သွားသည့် အခါ နွေအချိန်တွင်သာ ဖြတ်သန်းသွားလာ၍ရသော်လည်း မိုးတွင်း၌ ဖြတ်သန်းသွား၍ မရပါကြောင်း၊ ထို့ကြောင့် မြစ်၏ တစ်ဖက်ကမ်းနှင့်တစ်ဖက်ကမ်းသည် ပေ ၆၀၀ အရှည်ရှိသောကြောင့် တံတားတည်ဆောက်ရန်အတွက် Feasibility Study များလည်း ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ ယင်းတံတားကြီးကို တည်ဆောက်ရန် မိမိတို့အနေဖြင့် ပေ ၁၀၀၊ အခန်းပွင့် ၆ ခုပါသော သံကူကွန်ကရစ် ၂ လမ်းသွား တံတားကြီး တည်ဆောက်ပေးရန် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အစိုးရမှ ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ပေး မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။