(ဃ)- ၄-၈-၂၀၁၃ နေ့၌ ဝဏ္ဏသိဒ္ဓိ အားကစားရုံ တွင်ဖြစ်ပွားခဲ့သော အပြုအမူမျိုးကြောင့်မကြာမီ ကျင်းပတော့မည့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်ထပ်မံမဖြစ်ပွားစေရေးလုံခြုံရေးဆောင်ရွက် ထားရှိမှု၊ ပြိုင်ပွဲကျင်းပခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၃)

အများပြည်သူနှင့်သက်ဆိုင်သော ပွဲကြီးများတွင် လုံခြုံရေးစီမံထားရှိမှု အားနည်း လျှင် ပြဿနာဖြစ်တတ်သည့် သာဓကများရှိတတ်ပါကြောင်း၊ ထို့ကြောင့် မကြာမီကျင်း ပတော့မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး နှင့်စပ်လျဉ်း၍ လုံခြုံရေး ကိစ္စဆောင်ရွက်ထားမှုအခြေအနေ၊ ပြည်သူများဆီးဂိမ်းပြိုင်ပွဲကြီးကို သွားရေးလာရေး အဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြည်သူများမိမိနှစ်သက်ရာ မိမိ ဝါသနာပါရာ အားကစားပွဲများကို Live တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အိုလံပစ် မီးရှူးတိုင်သယ်ယူရေး ကိစ္စနှင့် မီးရှူးတိုင်ကြီးမီးထွန်းညှိမည့်ကိစ္စများကို မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ ၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် ပြည်သူများမှ စိုးရိမ် ထိတ်လန့်ခြင်း၊ စိတ် မကောင်းခြင်းများ ဖြစ်ရပါကြောင်း၊ ဒေါသကိုမထိန်းနိုင်ဘဲ အတ္တကိုရှေ့တန်းတင်သော ပွဲကြည့်သူပရိသတ်တချို့၏ ရိုင်းစိုင်းသောအပြုအမူများကြောင့် မကြာမီကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအတွက် စိတ်ပူရပါကြောင်း၊ အားကစားပြိုင်ပွဲတွင် မိမိအသင်း ရှုံးသည်ဖြစ်စေ၊ နိုင်သည် ဖြစ်စေ၊ နိုင်ငံတကာရှေ့မှောက်တွင် ယဉ်ကျေးသောလူမျိုး၊ သိမ်မွေ့သောလူမျိုး၊ စည်းကမ်းရှိသောလူမျိုးအဖြစ် နိုင်ငံကြီး သားပီပီ ပြသရ မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါကိစ္စမျိုးမဖြစ်ပွားစေရန် သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် လုံခြုံရေးကိစ္စများ ကို မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း။

၁၉၇၀ ခုနှစ်ခန့်က ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းတွင် ကျောင်းသားအားကစားပွဲတော်ကြီး ကျင်းပခဲ့ပါကြောင်း၊ ပွဲကြည့်ပရိတ်သတ် အလွန်များပြားလွန်းသည့်အတွက် ကွင်းလုံးပြည့်လျှံပြီး ဝင်ခွင့်မရသော ပရိသတ်ကြီးသည် ဆူးလေဘုရားလမ်းဘက်ရှိ ရုပ်ရှင်ရုံများ၊ ဈေးဆိုင်များ၊ မီးပွိုင့်များကို ရိုက်ချိုးပြီး ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ကွင်းမဆန့်၍ ကွင်းပြင်တွင်ရှိသော ပရိသတ်သည် မကြည့်ရသောကြောင့် ဖြစ်ပါသည်။ ထိုအချိန်ကာလက ကွင်းပြင်တွင် ကြည့်ရှုရန် TV များ၊ LED ပုံများ မပေါ်ပေါက်သေးခြင်းကြောင့် ဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုပြိုင်ပွဲကြီးတွင် ကွင်းပြင်ပအနီးအဝေး၊ အခြားသင့်တော်သော နေရာများတွင် ပြည်သူများကြည့်ရှုနိုင်ရန် LED ပုံများတပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းနှင့်   အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို နှစ်ပေါင်း ၄၀ ကျော်ကြာမှ မြန်မာနိုင်ငံတွင် ကျင်းပခွင့်ရရှိခဲ့ပါကြောင်း၊ နောင်အနှစ် ၂၀ ကျော် ၂၂ နှစ် ကြာမှတစ်ကြိမ် ကျင်းပခွင့်ရရှိမည်ဖစ် သည့်အတွက်ကြောင့် မြန်မာနိုင်ငံသားများ၊ မြန်မာ့အားကစားသမားများ ယှဉ်ပြိုင်သော တိုက်ရိုက် ထုတ်လွှင့်မှုများကို အားပါတရ ကြည့်ရှုနေကြမည် ဖြစ်ပါကြောင်း၊ မိမိနှစ်သက်ရာ၊ မိမိဝါသနာပါရာ အားကစားပွဲများကိုသာ ကြည့်ရှုလိုသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြိုင်ပွဲအမျိုးအစားအားလုံး တတ်နိုင်ရင် ပြိုင်ပွဲ ၃၃ မျိုးလုံးကို ပုဂ္ဂလိကပိုင် TV များနှင် အစိုးရပိုင် TV များတွင် တိုက်ရိုက်ထုတ်လွှင့်ပေးရန် စီစဉ်ထားရှိမှု အခြေအနေကို သိရှိလိုပါကြောင်း၊         အများပြည်သူများ ရပ်နည်းရပ်ဝေးမှလာရောက်၍ အားက စား ပြိုင်ပွဲများကို အလွယ်တကူကြည့်ရှုနိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေးကိစ္စများကို နိုင်ငံတော်ပိုင်ကဏ္ဍ၊ ပုဂ္ဂလိကပိုင်ကဏ္ဍများအနေဖြင့် ပြိုင်ပွဲကျင်းပရာ နေပြည်တော်သို့ ဗဟိုပြု၍ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတိုင်းအရှေ့ခြမ်း/အနောက်ခြမ်း၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ပြည်သူများ နေပြည်တော်သို့ သွားရေးလာရေးအဆင်ပြေစေရန် အထူးရထား ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရေး၊ အထူးကားများ၊ သီးသန့်ကားလိုင်းများ ပြေးဆွဲရေး၊ ရန်ကုန်မြို့ရှိ ပြိုင်ပွဲကျင်းပရာနေရာများနှင့် မန္တလေးမြို့ရှိ ပြိုင်ပွဲကျင်းပရာနေရာများ၊ ငွေဆောင်ပင်လယ် ကမ်းခြေသို့ သွားရောက်ရန်အတွက် စီစဉ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိသိရှိ လိုပါကြောင်း။

နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်  မီးရှူးတိုင်ကို သတ်မှတ်နေရာတွင် သက်ဆိုင်သူများမှ လက်ဆင့်ကမ်း၍ စတင်သယ်ယူပြီး အဓိက ပြိုင်ပွဲကျင်းပမယ့် အားကစားကွင်းအတွင်းရှိ မီးရှူးတိုင်ကြီးမှာ နောက်ဆုံး သယ်လာသူက ၎င်းသယ်ယူလာသော မီးတိုင်ဖြင့် ကိုယ်တိုင်မီးထွန်းညှိကြပါကြောင်း၊ မီးရှူးတိုင်ကြီးများသည် အလွန်မြင့် သဖြင့် ကောင်းကင်စက်ကြီးကြိုးများဖြင့် လေထဲတွင်ပျံဝဲပြီး ကိုယ်တိုင် မီးထွန်းညှိကြကြောင်းကို လေ့ လာတွေ့ရှိရပါကြောင်း၊ ယခုကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးတွင် မီးရှူးတိုင်ကို မည်သည့်နေရာမှ စတင်သယ်ယူပြီး နောက်ဆုံးမီးထွန်းညှိရာတွင် နောက်ဆုံးသယ်ယူသူက ကိုယ်တိုင် ထွန်းညှိပါမည်လား၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီး ဖွင့်လှစ်စဉ်က အဝေးမှ လေးဖြင့်ပစ်၍ ထွန်းညှိပါမည်ကို သိခွင့်ရှိပါက သိရှိလိုပါကြောင်း၊ မီးရှူးတိုင်ထွန်းညှိသော နောက်ဆုံးသယ်ယူသူဖြစ်သည့် ဂုဏ်ပြုထိုက်သော အားကစားသမားဟောင်းကြီးမှ မီးရှူးတိုင်ကို ကိုယ်တိုင်မီးထွန်းသည်ကို လည်း လေ့လာတွေ့ရှိရပါေ ကြာင်း၊ မြန်မာနိုင်ငံက ဒုတိယအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော ၁၉၆၉ ခုနှစ်၊ အရှေ့တောင်အာရှကျွန်း ဆွယ် အားကစားပြိုင်ပွဲတွင် နောက်ဆုံးမီး သယ်ယူထွန်းညှိသူမှာ ထိုအချိန်က အားကစားဝန်ကြီးဌာန မှ ညွှန်ချုပ်ဖြစ်သော အလေးမချန်ပီယံအားကစားသမားဟောင်းကြီး ဦးထွန်းညွန့် ဖြစ်ပါကြောင်း။

သို့ပါ၍ ယခုဆီးဂိမ်းပြိုင်ပွဲတွင် မီးရှူးတိုင်ထွန်းညှိခြင်းကို ရှေးအစဉ်အလာအတိုင်း ထွန်းညှိပါမည်လား။ နောက်ဆုံး သယ်ယူသူက မီးတိုင်ကိုသယ်ယူမလာဘဲ လေးနှင့် မြှားသာ သယ်ယူလာပြီး အဝေးမှနေပြီး ထွန်းညှိနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးကော်မတီကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှ စတင်ဖွဲ့စည်းပြီး လုံခြုံရေး ကိစ္စများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးမှလည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးမှလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ လည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးအရာရှိချုပ်မှ  လည်းကောင်း တာဝန်ယူပြီး အဖွဲ့ဝင် ၉ ဦးဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ ပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်နှင့် ငွေဆောင်တို့တွင် ကျင်းပမည့် အားကစား ပြိုင်ပွဲများအတွက် နေပြည်တော် လုံခြုံရေးဆပ်ကော်မတီ၊ ရန်ကုန်ဇုံ လုံခြုံရေးဆပ်ကော်မတီ၊ မန္တလေးဇုံခြုံရေးဆပ်ကော်မတီ၊ ငွေဆောင်ဇုံလုံခြုံရေးဆပ်ကော်မတီနှင့် မီးရှူးတိုင် လုံခြုံရေးဆပ်ကော်မတီဟူ၍ ကော်မတီ ၅ ရပ် ဖွဲ့စည်းကာ စီမံချက်များရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း။

အထက်ဖော်ပြပါဇုံများအလိုက် လုံခြုံရေးဆပ်ကော်မတီများတွင် လုံခြုံရေးကိစ္စများကို ပေါင်းစပ်ညှိနှိုင်းပြီး (က) နေရာလုံခြုံရေး၊ (ခ) လမ်းကြောင်းလုံခြုံရေး၊ (ဂ) လူပုဂ္ဂိုလ်လုံခြုံရေး၊ (ဃ) ယာဉ်တန်းလုံခြုံရေး၊ (င) နယ်မြေ လုံခြုံရေး၊ (စ) အရေးပေါ်လုံခြုံရေးနှင့် (ဆ)မီးဘေးလုံခြုံရေး ဟူ၍ အပိုင်း ၇ ပိုင်းဖြင့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လုံခြုံရေးစီမံချက်ကိုလည်း ရေးဆွဲဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ လုံခြုံရေး လုပ်ငန်းစဉ်များကို အပိုင်း ၃ ပိုင်း၊ ကာလ ၃ ခုခွဲပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမကျင်း ပမီကာလ၊ ပြိုင်ပွဲကျင်းပစဉ်ကာလနှင့် ပြိုင်ပွဲကျင်းပပြီးကာလဟူ၍ ကာလ ၃ ရပ်အတွက်လုံခြုံရေး လုပ်ငန်းစဉ်များကို ပြည့်စုံလုံလောက်ပြီး ပြီးပြည့်စုံသောစီမံချက် (Camperships Security Plan) ရေးဆွဲ ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးအတွင်း လုံခြုံရေးပြဿနာများ မဖြစ်ပွားစေရန် ဂရုတစိုက် ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း။

ဆက်လက်၍ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားနှင့် မြန်မာ အသင်းပါဝင်ယှဉ်ပြိုင်မည့် မြန်မာပြည်သူများစိတ်ဝင်စားမည့် အားကစားပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့်ပြ သပြီး ပြည်သူများကြည့်ရှုနိုင်စေရေးအတွက် နေပြည်တော်ရှိ မြို့မဈေးရှေ့၊ သပြေကုန်းဈေးရှေ့၊ ပျဉ်းမနားမြို့ မြို့တော်ခန်းမရှေ့၊ လယ်ဝေးအားကစားကွင်းရှေ့၊ လယ်ဝေး ဈေးလမ်းဆုံရှေ့နှင့် တပ်ကုန်းဈေးရှေ့တို့တွင် LED Board ကြီးများကို တပ်ဆင်ထားပြီးဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြို့အသီးသီးရှိ စီးပွားရေးေ ကြာ်ငြာများ တပ်ဆင်ထားသော LED  Monitor Board ကြီးများတွင်လည်း အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် စိတ်ဝင်စားဖွယ်ရာ အားကစားပြိုင်ပွဲများကို Live ကြည့်ရှုနိုင်ရေးအတွက် အဆိုပါစီး ပွားရေးကြော်ငြာဘုတ်ကြီးများတွင်လည်း Sky Net ရုပ်သံဌာနနှင့် ဆက်စပ်၍ ထုတ်လွှင့်နိုင်ရေးကို မိမိတို့အနေဖြင့် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း။

၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သတင်းပြန်ကြားရေး၊ မှတ်တမ်းတင်ရေးနှင့် လူ့စည်းရုံး လှုံ့ဆော်ရေးဖွင့်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်ကျင်းပမည့် အမျိုးသား ဘောလုံးပြိုင်ပွဲများကို တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲကြီး၏ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများနှင့် အားကစားနည်း ၃၃ နည်းအနက် ယခုအချိန်ထိ ၁၉ မျိုးကို တိုက်ရိုက် ထုတ်လွှင့်နိုင်ရန်စီစဉ်ထားပြီး ကျန်အားကစားနည်းများ Delay ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း၊ အားကစားနည်းများ ယခုထက်ပိုမိုများပြားစွာ တိုက်ရိုက်ထုတ် လွှင့်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင် လက်ရှိထုတ်လွှင့်နေသောလိုင်းများနှင့် Digital နည်းပညာဖြင့် ထုတ်လွှင့်သော Sport Channel များအပြင် MRTV-4 မှ Channel-4 Sky Net လိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့်မှုများ၊ Delay ထုတ်လွှင့်မှုများနှင့်တကွ ပြည့်စုံလုံလောက်စွာ ထုတ်လွှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း။

ဆက်လက်၍ နေပြည်တော်-ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-မန္တလေး-နေပြည်တော်၊ နေပြည်တော် မြို့တွင်း၊ ရန်ကုန်မြို့တွင်း၊ မန္တလေးမြို့တွင်း ယာဉ်စီးရေများသတ်မှတ်ပြီး ယခုပြေးဆွဲလျက်ရှိပါကြောင်း၊ စင်းလုံး ငှား တက္ကစီများလည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တို့တွင်ပြေးဆွဲလျက်ရှိပါကြောင်း၊ လက်ရှိ ပုံမှန်ပြေးဆွဲနေမှုများ အပြင် ပြိုင်ပွဲကာလတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးခရီးစဉ်အတွက် အထူးယာဉ်လိုင်းများ အစီးရေးထပ်မံတိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ အထူးယာဉ်လိုင်းပြေးဆွဲရေးအနေဖြင့် ပြိုင်ပွဲနေရာများသို့ သွားရောက်ကြည့်ရှုနိုင်ရန် နေပြည်တော်တွင် ယာဉ်လိုင်း ၅ လိုင်း၊ ယာဉ်စီးရေ ၁၄၁ စီး၊ ရန်ကုန်တွင် ယာဉ်လိုင်း ၁၀ လိုင်း၊ ယာဉ်စီး ရေ ၁၁၄၀ စီး၊ မန္တလေးတွင် ယာဉ်လိုင်း ၇ လိုင်း၊ ယာဉ်စီးရေ ၁၃၅ စီးကို မူလရှိပြီးသားယာဉ်စီးရေးထက် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲကာလအတွင်း စင်းလုံးငှား တက္ကစီယာဉ်များကိုလည်း ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လူ ၅ ဦးအထက် စင်းလုံးငှား ယာဉ်များ ငှားရမ်းရန်အတွက်လည်း အငှားဝန်ဆောင်လုပ်ငန်း ၃ ခုမှ ယာဉ်စီးရေ ၆၈ စီးဖြင့် ပြေးဆွဲပေး သွားမည်ဖြစ်ပါကြောင်း။

ရထားခရီးစဉ်များအနေဖြင့် မြန်မာ့မီးရထားမှ ပုံမှန်ပြေးဆွဲလျက်ရှိသော ရန်ကုန်၊ ပျဉ်းမနား၊ နေပြည်တော် ခရီးစဉ်များအပြင် ပြိုင်ပွဲကာလမတိုင်မီ တစ်ပတ်အလို ၂၄-၁၁-၂၀၁၃ ရက်နေ့မှစပြီး ပြိုင်ပွဲပြီးဆုံးသည်အထိ ၂၃-၁၂-၂၀၁၃ ရက်နေ့အထိ အထူးရထား ၂ စီးကို ရန်ကုန်-နေပြည်တော်-မန္တလေး အစုန်၊ အဆန် ပြေးဆွဲ သွားမည်ဖြစ်ပါကြောင်း၊ ငွေဆောင်တွင်ပြုလုပ်မည့် ရွက်လှေပြိုင်ပွဲအတွက်လည်း ရန်ကုန်-ပုသိမ်-ငွေဆောင် ခရီးစဉ်လိုင်းတွင် ယာဉ်လိုင်း ၁၀ လိုင်းမှ ယာဉ်စီးရေ စုစုပေါင်း ၆၄ စီးဖြင့် ပြေးဆွဲလျက်ရှိပါကြောင်း၊ ပရိသတ်များပြား၍ ယာဉ်လုံလောက်မှုမရှိပါက ဧရာဝတီတိုင်းဒေသအတွင်း လက်ရှိပြေးဆွဲနေသော Bus Car ၅၁၆ စီးမှ ထုတ်လုပ်၍ ခရီးစဉ်များ ဖြည့်စွက်ပြေးဆွဲပေးသွားမည် ဖြစ်ပါကြောင်း၊ စင်းလုံးငှား တက္ကစီများအနေဖြင့်လည်း ယာဉ်အငှားဌာန ၃ ခုမှ စုစုပေါင်း ယာဉ်စီးရေ ၁၅၀ ဖြင့် တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ အခြားသောတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပွဲကြည့်ပရိသတ်များ သွားလာမှု အဆင်ပြေရန်ကိစ္စနှင့် ပတ်သက်၍  ပြိုင်ပွဲကျင်းပရေး၊ သယ်ယူပို့ဆောင်ရေးကော်မတီအနေဖြင့် ပြိုင်ပွဲကို တရားဝင်လာရောက်ကြမည့် ပြည်ပနိုင်ငံများမှ လူအင်အား ၈၆၀၀ ကျော် ဖွင့်ပွဲ၊ ပိတ်ပွဲ ဖြေဖျော်ရေးအင်အား ၉၀၀၀ ကျော်၊ စုစုပေါင်းအင်အား ၁၇၆၉၀ ကျော်ကို သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြားသော တိုင်းဒေသကြီး/ပြည်နယ်များမှ ပွဲကြည့်ပရိသတ်များ သယ်ယူပို့ဆောင်ရေးအတွက် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသယ်ယူ ပို့ဆောင်ရေး ကော်မတီမှ တိုက်ရိုက်စီစဉ်ဆောင်ရွက်ပေးနိုင်မှုမရှိသေးသောကြောင့် မိမိတို့အနေဖြင့် သယ်ယူ ပို့ဆောင်ရေး ကိစ္စအဝဝကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်းလမ်း၊ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးညှိနှိုင်းမှုကော်မတီများနှင့် ပူးပေါင်းညှိနှိုင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း၊

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မီးရှူးတိုင် ထွန်းညှိခြင်း၊ လက်ဆင့်ကမ်းသယ်ယူခြင်း၊ ပြင်ပမီးရှူးတိုင်ကြီးသို့ မီးကူးထွန်းညှိခြင်း အစီအစဉ်များကိုလည်း အပိုင်း ၄  ပိုင်း ခွဲ၍ ကျင်းပမည်ဖြစ်ပါကြောင်း၊ အပိုင်း (၁) အနေဖြင့် ဖွင့်ပွဲမတိုင်မီ ၁ ရက်၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၁၆း၃၀ နာရီအချိန်တွင် ရန်ကုန်မြို့အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏအားကစားကွင်းတွင် ပြိုင်ပွဲဝင် နိုင်ငံ အားလုံးမှ နိုင်ငံံ့အလံများကို လွှင့်ထူခြင်းအစီအစဉ်၊ ၁ရး၃၀ နာရီအချိန်တွင် လက်ကိုင်မီးညှိတိုင် ထွန်းညှိခြင်းနှင့် လက်ဆင့်ကမ်းသယ်ယူခြင်း၊ မီးရှူးတိုင်အားမီးညှိ၍ ညအိပ်ရပ်နားရန် အစီအစဉ်ကျင်းပခြင်းများ၊ မီးရှူးတိုင်ကို အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏအားကစားကွင်းတွင် ညအိပ်ရပ်နားခြင်းများ ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းရုံးချုပ်နေရာမှ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ လှေကားထိပ်အထိသယ်ယူပြီး ညအိပ်ရပ်နားမှုအစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အပိုင်း (၂) အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၅ နာရီ မိနစ် ၃၀ အချိန်တွင် သုဝဏ္ဏအားကစားကွင်းမှ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းဇုန်ထိ အားကစားသမားများမှ လက်ဆင့်ကမ်း သယ်ယူခြင်း၊ သစ္စာလမ်းဆုံမှ နေပြည်တော်မြို့တော်ခန်းမအထိ မော်တော်ယာဉ်ဖြင့်သယ်ယူခြင်းကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အပိုင်း (၃) အနေဖြင့် နေပြည်တော်မြို့တော်ခန်းမမှ ဝဏ္ဏသိဒ္ဓိအားကစားကွင်းထိ ဖွင့်ပွဲအစီအစဉ်နှင့် အချိန်ကိုက်ညှိပြီး လက်ဆင့်ကမ်းသယ်ယူခြင်းကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း နှင့် အပိုင်း (၄) အနေဖြင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း လက်ဆင့်ကမ်းသယ်ယူပြီး ပင်မ မီးရှူးတိုင်ကြီး သို့ မြှားပစ်ထွန်းညှိခြင်းအစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ မီးရှူးတိုင်လက်ဆင့်ကမ်း သယ်ယူရန်အတွက် အရှေ့တောင်အာရှ ကျွန်းစွယ်အားကစားပြိုင်ပွဲနှင့် ပြီးခဲ့သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံံ့ဂုဏ်ကို အားကစား အောင်မြင်မှုဖြင့် မြှင့်တင်ဆောင်ရွက်ခဲ့သော ရွှေတံဆိပ်ဆုရှင် အားကစားသမားကြီးများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ခြံရန်လိုက်ပါမည့်သူများမှာ ကျောင်းသူကျောင်း သား အားကစားလူငယ်များ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပင်မမီးရှူးတိုင်မှ ပင်မမီးရှူးတိုင်ကြီးကို မီးထွန်းညှိမည့် အစီအစဉ်နှင့် ပတ်သက်၍ နောက်ဆုံးသယ်ယူလာသော ဂုဏ်ထူးဆောင်အားကစား သမားဟောင်းကြီးမှ မြှားပစ်ထွန်းညှိမည့်သူ ထံသို့ မီးရှူးတိုင်မှ မီးကိုကူးပေးပြီး မြှားဖြင့်ပင်မမီးရှူးတိုင်ကြီးကို ပစ်၍ထွန်းညှိသွားမည်ဖြစ်ပါကြောင်း၊ နောက်ဆုံး အားကစားကွင်းကြီး၏ ခေါင်မိုးပေါ်တွင် တပ်ဆင်ထားရှိသော ပင်မမီးရှူးတိုင်သည် မြှင့်မားသည့်နေရာတွင် ရောက်ရှိနေသောကြောင့် မြှားပစ်သူကို စက်သီးကြိုးတပ် ဆင်ထားသော ပန်းရထားဖြင့် ချိတ်ဆွဲမတင်ပြီး ပစ်ခတ်ရန်စီစဉ်ထားပါကြောင်း၊ ယခုအချိန်တွင် နည်းပညာ၊ လေ တိုက်နှုန်း၊ အပူချိန်၊ စက်သီးကြိုး၏ ခံနိုင်မှုဝန်အား စသည့်အသေးစိတ်တွက်ချက်မှုများကို စီစဉ်ကိုက်ညှိပြီး အရန်အစီအစဉ်များပါ ထည့်သွင်း၍ မီးရှူးတိုင်မီးထွန်းညှိရေးအစီအစဉ်များကို ဆောင်ရွက်ထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။