မလိခမြစ်သည် ကချင်ပြည်နယ်၊ ပူတာအိုလွင်ပြင်၌ တည်ရှိပြီး မြောက်ဘက်စွန်း မှတောင်ဘက်စွန်းသို့ စီးဆင်းပါကြောင်း၊ မလိမမြစ်၏ အရှေ့ဘက်ကမ်းတွင် မချမ်းဘောမြို့နယ်နှင့် အနောက်ဘက်ကမ်းတွင် ပူတာအိုမြို့နယ်တို့ တည်ရှိပြီး ဒေသခံပြည်သူလူထုများအနေဖြင့် အဆိုပါမြစ်ကိုပင် အမှီပြု၍ လုပ်ကိုင် စားသောက်နေကြပါကြောင်း၊ မြစ်ကမ်းတစ်ဖက်တစ်ချက်၌ နေထိုင်ကြသော ဒေသခံပြည်သူတို့သည် မလိခမြစ်မှ အသားငါးများကို ရိုးရာငါးဖမ်းကိရိယာများဖြင့် ရှာဖွေစားသောက်ခြင်းဖြင့် နေ့စဉ် ဝမ်းရေး အဆင်ပြေခဲ့ကြပါကြောင်း၊
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပူတာအိုမြို့၌ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ရုံးဖွင့်လှစ်ပြီး မလိခမြစ်ရိုးတစ်လျှောက် အင်းအိုင်များကို လေလံတင်ရောင်းချခဲ့ရာတွင် ဒေသခံပြည်သူများ လွတ်လပ်စွာငါးဖမ်းရှာဖွေဖမ်းဆီးခွင့် မရရှိဘဲ စားသောက်ရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံ တွေ့နေရပါကြောင်း၊ အင်းအိုင်လိုင်စင်ရထားသူများလည်း အသားငါး များကို မှန်ကန်စွာ မရောင်းချနိုင်ပဲ မြစ်ချောင်းအင်းအိုင်များကို အပိုင်းလိုက်၊ အပိုင်းလိုက် အမြတ်တင်၍ ထပ်ဆင့်ရောင်းချခဲ့သဖြင့် အသားငါးဈေးနှုန်းကြီး မြင့်မှုဒဏ်ခံနေရပြီး စားဝတ်နေရေး ပိုမိုကျပ်တည်းလာပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုများအတွက် နေ့စဉ်စားသောက်မှု အဆင်ပြေစေရန် မလိခမြစ်ရိုးတစ်လျှောက် မုန်လန် ချောင်းဆုံမှ မြစ်ဖျားပိုင်း ထုံဒမ်းရွာအထိ အင်းအိုင်လိုင်စင်စနစ်ကို ရုပ်သိမ်းပြီး အခွန်လွတ်ငါးဖမ်းဧရိယာအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှှိ နှင့် ပူတာအိုဒေသရှိ မြစ်ချောင်းအင်းအိုင်များ၌ မိုင်းခွဲခြင်း၊ လျှပ်စစ်ဓာတ်အားဖြင့် ရှော့တိုက်ခြင်း၊ အဆိပ်ခတ်ခြင်းတို့ဖြင့် ငါးဖမ်းဆီးခြင်းများ ပြုလုပ်ကြသောကြောင့် ရေခဲတောင်ငါး(ခေါ်) ရှားပါးသော ငါးမျိုးများ မသုဉ်းရေးအတွက် ကာကွယ်ရန် မည်သည့်အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးမျိုးပြုန်းတီးမှု များအားကာကွယ် တားဆီးရန်၊ ရေချိုငါးလုပ်ငန်း ရေပြင်များပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ ပြည်နယ်မှရသင့်ရထိုက်သော အခွန်များအားရရှိစေရန်၊ ငါး လုပ်ငန်းများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲအရေးယူဆောင်ရွက်ခြင်းဟူသော အချက် ငါးချက်ဖြင့် ရေချိုငါးလုပ်ငန်း ဥပဒေပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရာတွင် သက်ဆိုင်ရာ ခရိုင်/မြို့နယ် အသီးသီးမှ ကျေးရွာအနှံ့ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်ကြရန်အတွက် ဆက်စပ်ဌာနများနှင့် ပူးပေါင်း ကွင်းဆင်းပညာပေးဟောပြောခြင်း၊ အသိပညာပေးကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ငါးလုပ်ငန်းဦးစီးဌာနက ရေချိုငါးလုပ်ငန်း ရေပြင်များဖြစ်သည့် မြစ်/ချောင်း/အင်းအိုင်များ ကို ကြပ်မတ် ဆောင်ရွက်ရာတွင် ၎င်းတို့၏ တည်နေရာ၊ အကျယ်အဝန်း၊ တောတောင် ချိုင့်ဝှမ်းတို့အပေါ်မူတည်၍ အင်းချောင်းများအတွင်း ငါးများ ဝင်ထွက်သွားလာခိုအောင်းနိုင်မှုအရ အင်း၏ငါးထုတ်လုပ်မှုအခြေအနေတို့အား နှစ်စဉ် စိစစ်မှတ်တမ်းတင်လျက် တင်ဒါငါးဖမ်းကွက်အဖြစ် လည်းကောင်း၊ ထို့နောက် အမြဲတမ်း တည်မြဲနိုင်သော တင်ဒါငါးဖမ်းကွက်၏ အခြေအနေအရပ်ရပ်အား အနည်းဆုံး သုံးနှစ် မှတ်တမ်းပြုစုလျက် အဆင့်ဆင့်စိစစ်ပြီးမှ ဂရန်အင်းအဖြစ် သတ်မှတ်နိုင်ရန် အင်းနှင့်ပတ်သက်သည့် ပတ်ဝန်းကျင်ပြ မြေပုံ၊ အင်းငါးအထွက်မှတ်တမ်း၊ သက်ဆိုင်ရာဌာနများ၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်၊ မြေစာရင်းဦးစီးဌာန၏ မြေပုံများ၊ သုံးသပ်ချက်များနှင့်တကွ မြို့နယ်/ခရိုင်မှ ပြည်နယ်သို့ အတည်ပြုနိုင်ရေးအတွက် စိစစ်တင်ပြရမည်ဖြစ်ပါကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနသည် ဒေသအာဏာပိုင်အဖွဲ့များနှင့် ပေါင်းစပ်လျက် ငါးရစ်ငါသန်ကာလအတွင်း မည်သူမျှ ငါးဖမ်းဆီးခြင်းမပြုကြရန် အတွက် နှစ်စဉ် နိုင်ငံတစ်ဝှမ်း ဒေသအနှံကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကချင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေအား (၁၀.၅.၂၀၁၃) ရက်စွဲဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်ပြီးဖြစ်ပါသဖြင့် ကချင်ပြည်နယ်အတွင်း တင်ဒါငါးဖမ်းကွက်များကို ဖျက်သိမ်း ၍ အခွန်လွတ်ဘုံငါးဖမ်းကွက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ပူတာအိုဒေသ မြစ်/ချောင်း/အင်းအိုင်များမှ ရေခဲငါးမျိုးများအား မျိုးသုန်းပျောက်ကွယ်မှု မဖြစ်ပေါ်စေရေးအတွက် ပူတာအိုဒေသ ရေခဲတောင်မှ စီးဆင်းလာသော မူလာချောင်းရှိ ရေခဲငါးမျိုးသားပေါက်များကို ဖေဖော်ဝါရီလနှင့် မတ်လများတွင် ဖမ်းဆီးပြီး သုတေသနပြုခြင်း၊ မျိုးငါးအဖြစ် ပူတာအိုငါးလုပ်ငန်း စခန်းတွင် ပြုစုမွေးမြူပြီး သားဖောက်နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊ ၎င်းငါးမျိုးများ သဘာဝ သားပေါက်(Spawning Ground)များကို စူးစမ်းရှာဖွေပြီး ထိန်းသိမ်းခြင်း၊ ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ခြင်းများ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
