နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ ကျေးလက်ဒေသတွင်လည်း ဖွံ့ဖြိုးတိုးတက်နေပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ကျေးရွာများမှာ မော်တော်ဆိုင်ကယ်များ၊ ထွန်စက်များ၊ Light Truck ကဲ့သို့ မော်တော်ယာဉ်ငယ်လေးများနှင့် ထော်လာဂျီ တော်တော်များများ သုံးစွဲနေကြပါပြီဖြစ်ကြောင်း၊ ယင်းသို့ ယာဉ်များဝယ်ယူ သုံးစွဲမှုကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကြုံတွေ့နေရပါကြောင်း၊ ယင်းအန္တရာယ်မှ ရှောင်လွှဲနိုင်ရန် အတွက် ကျေးရွာချင်းဆက်လမ်းတွေ၊ ရွာဝင်/ ရွာထွက်လမ်းများ၊ ရွာတွင်း လမ်းများအား စနစ်တကျ သတ်မှတ်တိုင်းတာထိန်းသိမ်းပေးမှ အဆင်ပြေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့အပြင် ကျေးရွာအတွင်း ၌ လူနေအိမ်များသည်လည်း အလျဉ်းသင့်သလို တည်ဆောက်ကြသည့်အတွက် ကျေးရွာတွင်းလမ်းများသည် ကျဉ်းမြောင်းလာ၍ လူမှုရေးအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ထိုကြောင့် ကျေးလက်လမ်းများ၊ ကျေးရွာတွင်းလမ်းများကို စနစ်တကျတည်ဆောက်နိုင်ရန် သက်ဆိုင်ရာဌာနများ အနေဖြင့် တိုင်းတာသတ်မှတ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဥပဒေများ၊ နည်းဥပဒေများ ထုတ်ပြန်ဆောင်ရွက်နိုင်ခြင်းရှိ/မရှိကို မေးမြန်း အပ်ပါသည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာ ရေးဝန်ကြီးဌာန၏ ၁၆- ၁၀- ၁၉၉၈ ရက်နေ့ထုတ် ကျေးလက်ဒေသစည်ပင်သာယာရေးလုပ်ငန်းများ လမ်းညွှန်စာချုပ်ပါ စံပြကျေးရွာများသတ်မှတ်ချက် အတိုင်း ဆောင်ရွက်လျက်ရှိရာမှာ လမ်းအမျိုးအစားအရ တင်ပြရမယ်ဆိုရင် အဓိကလမ်း (ကျောက်ချောလမ်း)သည် ပေ ၄၀ ဖြစ်ပါကြောင်း၊ လမ်းသွယ် (မြေသားလမ်း) သည် ပေ ၂၀ ဖြစ်၍ ကျေးရွာချင်းဆက်လမ်းသည် ပေ ၃၀ ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းများ၏လမ်းဘေး တစ်ဖက်တစ်ချက်၌ ရေွမောင်းနှစ်ခုဖောက်လုပ်ပေးခြင်း၊ ရေမြောင်းအပြင်ဘက်တွင် အရိပ်ရသစ်ပင်နှစ်တန်း စိုက်ပျိုးစေခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၏ လူသွားလမ်း၊ လှည်းလမ်း၊ မော်တော် ကားလမ်းနှင့် မော်တော် ဆိုင်ကယ်လမ်း အကျယ်များ တိုင်းတာသတ်မှတ်ရန်နှင့် လူနေအဆောက်အအုံများအား လမ်းများအလိုက်အကွက် ချဆောက်လုပ်ရန်အတွက် ဥပဒေများထုတ်ပြန်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါ သည်။
ဦးကြည်ပြုံး(စဉ့်ကိုင်)။ ။ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိမြို့နယ်တစ်ခုတည်းတွင် တွေ့ရှိရသည်မှာ အုပ်စု ၅၃ စု၊ ရွာပေါင်း ၁၆၃ ရွာ ရာခိုင်နှုန်းအရပြောမည်ဆိုပါက ၂၅ ရာခိုင်နှုန်းထက် မပိုပါကြောင်း၊ ကျေးရွာအတွင်း၌ အိမ်များဆောက်ချင်သလိုဆောက်ခြင်းကြောင့် လမ်းများကျဉ်းမြောင်းလာကာ နာရေးတစ်ခုရှိပါက ယင်းအလောင်းကို အိမ်နှင့်ထားသည့်နေရာအထိ ခက်ခက် ခဲခဲသယ်နေရသည်ကိုလည်း ကြုံတွေ့နေရကြောင်း၊ ရွာချင်းဆက်လမ်းများတွင်လည်း လှည်းတစ်စီးနှင့် တစ်စီး မရှောင်သာသည့်အတွက် ခိုက်ရန်ဒေါသဖြစ်ကြကြောင်း၊ ယင်းသို့ကြုံတွေ့နေရသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါ ကြောင်း၊ ဥပဒေအရ ပြဋ္ဌာန်းရန်အစီအစဉ် မရှိသော်လည်း အမိန့်၊ ညွှန်ကြားချက်များဖြင့် တိတိကျကျ ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိကို မိမိအနေဖြင့် ဆက်စပ်မေးခွန်း မေးမြန်းအပ်ပါသည်။
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
အဓိက မိမိတို့ တွေ့ရသည့် အချက်မှာ လမ်းများဖောက်သည့်အချိန်တွင် သက်ဆိုင်ရာလမ်းကို နယ်ပေးရန်အတွက် သက်ဆိုင်ရာ ကျေးရွာလူထုမှနေ၍ အဆင်ပြေခြင်း/မပြေခြင်း၊ ညှိနှိုင်း၍ရခြင်း/မရခြင်းစသည့် အပိုင်းများ ဖြစ်ခဲ့သည့် အတွက်ကြောင့် ယခင်က ဖောက်ခဲ့သည့်လမ်းများသည် ကျဉ်းမြောင်းခြင်းနှင့် ရှောင်၍မရခြင်းများရှိကြောင်း၊ လမ်းနယ်ဧရိယာထဲတွင် ကျူးကျော်မှုများနှင့် စပါးစိုက်ထားခြင်းများ စသည့်အခက်အခဲများရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တင်ပြချက်ကို သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အခြေအနေ အကြောင်းကြားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကျေးလက်ဦးစီးဌာနစသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအား မိမိတို့ ထပ်မံ၍အကြောင်းကြားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။
