(က)-ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ချင်းပြည်နယ်နှင့် ဆက်စပ်တည်ရှိသော ကျောက်တော်မြို့ပင်မကမ်း နားလမ်းကို၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင်တိုးချဲ့ပြုပြင် ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၆)ရက်မြောက်နေ့ (၁၅.၇.၂၀၁၅)

ဦးသာစိန် (ကျောက်တော်)ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိသည့် ကျောက်တော်မြို့သည် ရပ်ကွက်ပေါင်း ငါးရပ်ကွက်ရှိပြီး အိမ်ခြေပေါင်း ၃၂၇၅၊ မြို့ပေါ်လူဦးရေ ၂၅၀၀၀ ကျော်၊ အိမ်ထောင်စုဦးရေ ၃၄၁၃၊ မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာအုပ်စု ၈၄ အုပ်စု၊ ကျေးရွာပေါင်း ၂၈၃ ရွာ၊ မြို့နယ်အပါအဝင် လူဦးရေ ၂၂၁၆၀၁ ရှိသော မြို့ငယ်တစ်ခုဖြစ်ပါကြောင်း၊ မြစ်ကမ်းပါးတစ်လျှောက် တည်ရှိသော မြို့အနေအထားအရ မြို့လမ်းမကြီးတွင်မူလက ကမ်းနားလမ်းတစ်ခုသာ ရှိခဲ့ပါကြောင်း၊ ၎င်းလမ်းမသည် လမ်းအကျယ်  ၈ ပေ၊ ၉ ပေခန့်၊ မြို့အရှည်အလိုက် ၂ ဖာလုံကျော်ခန့်ရှိပြီး လွန်ခဲ့သော ၁၅ နှစ်မှစ၍ ကတ္တရာခင်းထားသော်လည်း ယခုအခါကတ္တရာများပျက်စီးပြီး မြေသားလမ်းသာသာဖြစ်နေပါကြောင်း၊ ကျောက်တော်မြို့နယ်သည် ယခုအခါ စီးပွားရေးလုပ်ငန်းများ တိုးတက်လာ ခြင်း၊ ကုန်းလမ်းဖြင့် ဆက်သွယ်ရေးကောင်းမွန် တိုးတက်လာခြင်းတို့ကြောင့် ယခင်က ပင်မလမ်းကိုပင် ခရီးသွားလာ မှုများပြားစွာဖြင့်  အသုံးပြုနေကြပါကြောင်း၊ ၎င်းလမ်းသည် အလွန်ကျဉ်းမြောင်းပြီး ဆိုက်ကား၊ မော်တော်ကား တစ်စီးနှင့်တစ်စီး ရှောင်တိမ်းရန် ခက်ခဲသောကြောင့် မကြာခဏ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပါကြောင်း၊ လမ်း၏ အနေအထားသည် အသုံးပြုမှုများလာသော်လည်း ပြုပြင်မှုလုံးဝမရှိသလောက်ဖြစ်နေပါကြောင်း၊

ထို့ကြောင့် တိုးတက်လာသောလူဦးရေနှင့် သွားလာမှုများပြားနေခြင်း၊ လမ်းလျှောက်၍ပင် သွားလာမှု မရနိုင်သောအခြေအနေများကြောင့် မူလပင်မကမ်းနားလမ်းကို မဖြစ်မနေတိုးချဲ့ပြုပြင်ရန် လိုအပ်နေပါကြောင်း၊ လမ်းအရှည်သည် ၂ ဖာလုံခွဲခန့်သာရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်တော်မြို့ ပင်မကမ်းနားလမ်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ပြုပြင်ရန် အစီအစဉ်ရှိ/မရှိ နှင့် မရှိပါက မည်သည့်ခုနှစ်တွင် လုပ်ဆောင်ပေးမည်ကိုသိရှိ လိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
အဖြေ

ကျောက်တော်မြို့၊ ကမ်းနားလမ်းအရှည်သည် ၁ မိုင် ၄ ဖာလုံရှိပြီး ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေဖြင့် လမ်းအရှည် ပေ ၆၀၀x ၁၆ ပေx ၈ လက်မ နှစ်လမ်းသွား ကုန်ကျငွေ ၅၉၈.၅၀၀၀၀၀ ဖြင့် လမ်းအပိုင်း(၁)အား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည် ၂၆၈ ပေx ၁၆ ပေx ၈ လက်မ နှစ်လမ်းသွား ကုန်ကျငွေ ၂၈၄.၄၀၀၀၀၀ ဖြင့် လမ်းအပိုင်း(၂)ကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်လမ်းအရှည် ၁ မိုင် ၃ ဖာလုံ အား ၂ လမ်းသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ၈၃၇.၃၁ သန်း ကုန်ကျမည်ဖြစ်ပြီး ၎င်းလမ်း ပေါ်ရှိ သံကူကွန်ကရစ်တံတားငါးစင်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၁၅၄.၂၈ သန်း ကုန်ကျမည် ဖြစ်သဖြင့် စုစုပေါင်း  ၉၉၁.၅၉ သန်းကုန်ကျမည်ဖြစ်ပါကြောင်း၊ ကျောက်တော်မြို့နယ်အတွင်းရှိ မြို့ပြ လမ်းတံတား၊ ရေပေးဝေရေးလုပ်ငန်းများကို ဦးစားပေးအလိုက် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် အထောက်အကူပြုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီများ၏ ပေါင်းစပ်ညှိနှိုင်းဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါကမ်းနားလမ်း တိုးချဲ့ခြင်းလုပ်ငန်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားပါဝင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။