မိမိတို့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်းမြို့တွင် အနာဂတ်ရင်သွေးငယ်ကလေးများအတွက် မူလတန်းကြိုကျောင်း၊ တစ်ကျောင်းရှိပါကြောင်း၊ ၎င်း မူလတန်းကြိုကျောင်းတွင် ကျောင်းသား/ကျောင်းသူ ၆၃ ဦးနှင့် ဆရာဆရာမ ၄ ဦး ပညာသင်ကြားရေး၊ ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧကအားဖြင့် ဝ.၂၅ ဧကရှိပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ဌာနပိုင်နယ်မြေ အတွင်းတွင် ကျရောက်ပြီး ကျဉ်းမြောင်းသည့်အတွက် အနာဂတ် မူကြိုကလေးများ၏ သွားလာလှုပ်ရှားမှု၊ အားကစားလေ့ကျင့်မှု၊ ပြုစုပျိုးထောင်ရန်အတွက် အခက်အခဲများစွာ ရှိနေပါကြောင်း၊ ထို့ကြောင့် မိမိတို့ မိုင်းပြင်းမြို့တွင် ကျယ်ဝန်းသပ်ရပ်ပြီး အနာဂတ်ရင်သွေးငယ်ကလေးများ၏ ပြုစုပျိုးထောင်ခြင်းလုပ်ငန်းကို လူမှုဝန်ထမ်းဌာနပိုင် မြေအနေဖြင့် မြို့ကွက်မြေတစ်နေရာကိုယူပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရှေးဦးအရွယ် ကလေးသူငယ်များကို သုံးနှစ်မှငါးနှစ်အရွယ်အား ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းများနှင့်အညီ စနစ်တကျပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား အသိအမှတ်ပြု၍ နည်းပညာပံ့ပိုးပေးခြင်း၊ မူကြိုဆရာမများကို လစာငွေထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပြင်းမြို့နယ်၊ အောက်ဈေးတန်းရပ်ကွက်၊ အကွက်အမှတ်(၁၃/ဝမ်ကောင်း)၊ ဦးပိုင်အမှတ်(၁၆)၊ မြေဧရိယာ(ဝ.၁၀၄)ဧကပေါ်ရှိ (၁)ထပ်၊ သွပ်မိုး၊ အုပ်ညှပ်၊ ပျဉ်ခင်း၊ အကျယ်အဝန်း ၄၉ ပေ၊ ၁၂ ပေ ရှိသည့် အဆောက်အဦသည် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ မူလတန်းကြိုကျောင်း ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ၎င်းမြေသည် ယခင်က သမာဓိမြို့စားရုံး ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပိုင် နှစ်(၃၀)ဂရန်မြေ ဖြစ်ပါကြောင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌမှ မြို့နယ်အတွက် ပညာရေး၊ ကျန်းမားရေး တိုးတက်စေရန် ကူညီဖြည့်ဆည်းပေးနေသည့် အနေဖြင့် မြို့နယ်၏ လိုအပ်ချက်အရ မူလတန်းကြိုကျောင်းကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည့်အတွက် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင်မြေနေရာနှင့် အဆောက်အဦကို အခမဲ့အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေဦးစီးဌာန အနေဖြင့် ဝန်ထမ်းအင်အားအခြေအနေအရ ဝန်ထမ်းအင်အားများတွင် လုံလောက်စွာနေထိုင်ရခြင်းမရှိဘဲ စုပေါင်းနေထိုင်ရခြင်း၊ ပြင်ပတွင် ငှားရမ်းနေထိုင်ရခြင်း ဖြစ်သည့်အတွက် မိုင်းပြင်းမြို့နယ်တွင် ပုဂ္ဂလိကမူကြိုကျောင်းများ ဖွံ့ဖြိုးလာနိုင်ခြင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေရာပြောင်းလဲဖွင့်လှစ်ခြင်း သို့မဟုတ် ဆက်လက်လုပ်ကိုင်ခြင်း မပြုပါက မူကြိုကျောင်းဖွင့်လှစ်သည့် နေရာနှင့်အဆောက်အဦကို ဝန်ထမ်းများအိမ်ရာအဖြစ် အသုံးပြုရန် ရည်ရွယ်ထားသည့်အတွက် မြေနေရာနှင့် အဆောက်အဦကို လွှဲပြောင်းပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း မိုင်းပြင်းမြို့နယ်သည် တောင်ကုန်းတောင်တန်းများအကြားတွင် တည်ရှိပြီး မြို့မြေဧရိယာမြေ၏ ၇၄၂ ဧကအနက် လယ်ယာစိုက်ပျိုးမြေသည် ၁၇၉ ဧကပါဝင်နေပြီး မြေလွတ်မြေလပ်များ မရှိပါသဖြင့် မူလတန်းကြိုကျောင်း ဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာသတ်မှတ်ပေးနိုင်ခြင်းမရှိပါကြောင်း၊ ရပ်ရွာအခြေပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ဆက်လက်ဖွင့်လှစ်ရန် အခက်အခဲဖြစ်ပါက အထောက်အထား အချက်အလက်များနှင့် မြေပိုင်ဆိုင်မှုအား လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးနိုင်ပါကြောင်း၊ မိုင်းပြင်းမြို့ မူလတန်းကြိုကျောင်းကို ၁၉၈၇ ခုနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုခဲ့ပြီး ၁၉၉၀ ခုနှစ်မှစပြီး ထောက်ပံ့ကြေးများပေးလျက်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းအတွက် ကျယ်ဝန်းသပ်ရပ်သော မြို့မြေတစ်နေရာကို သက်ဆိုင်ရာက သတ်မှတ်ပေးနိုင်ပါက လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် မူလတန်းကြိုကျောင်း ဆောက်လုပ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
