(ခ)-ညောင်ရွှေမြို့နယ်၊မိုင်း သောက် ကျေးရွာအုပ်စု၊ မီးသွေးဖုတ်ကွင်းအတွင်းရှိ တောင်သူ(၂၁)ဦး၏လယ် ယာမြေများအတွက်ထိုက်သင့်သောလျော်ကြေးများ သို့မဟုတ် မြေယာများအားမည်သည့်အချိန်တွင်ပြန် လည်ပေးအပ်နိုင်မည်နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၅)ရက်မြောက်နေ့ (၁၄.၇.၂၀၁၅)

ဦးဝင်းဆွေ (ညောင်ရွှေ)ညောင်ရွှေမြို့နယ်၊ မိုင်းသောက် ကျေးရွာအုပ်စု၊ မီးသွေးဖုတ်ရွာ အနီးရှိ ဦးပိုင်အမှတ် ၃၉ မီးသွေးဖုတ်ကွင်း အတွင်းရှိ တောင်သူ ၂၁ ဦး ပိုင်ဆိုင်သော လယ်မြေ ၄၃.၅၉ ဧကကို ၁၉၉၁ ခုနှစ်တွင် တောင်သူများ၏ သဘောဆန္ဒ မပါဘဲ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအမည်ဖြင့် သိမ်းယူခဲ့ပါကြောင်း၊ ယခုအခါ ၎င်းသိမ်းဆည်းထားသော လယ်မြေများကို ပီလာအင်းလေး ဟိုတယ်အား အငှားစနစ်ဖြင့်လည်းကောင်း၊ မြမင်္ဂလာ ဟိုတယ်အား ရောင်းချထားသည်ကို လည်းကောင်း (၈.၃.၂၀၁၅) ရက်နေ့တွင် ညောင်ရွှေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်မတွင် တောင်သူများနှင့်တွေ့ဆုံပြီး ပီလာအင်းလေး ဟိုတယ်အား တာဝန်ခံ မန်နေဂျာ ဦးအောင်ကိုကို၊ အောင်မင်္ဂလာ ဟိုတယ်မှ တာဝန်ခံ မန်နေဂျာ ဦးမြအေး တို့၏ ပြောဆိုချက်အရ မြေယာပြဿနာသည် မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင်‌့သာ သက်ဆိုင်ပါကြောင်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ မူလတောင်သူများ အတွက် များစွာနစ်နာမှု ရှိခဲ့ပါသဖြင့် မိမိမေးလို သည့် မေးခွန်းမှာ (က) တောင်သူလုပ်ငန်းရှင်များ နစ်နာဆုံးရှုံးခဲ့ရသော လယ်ယာမြေများ အတွက် ထိုက်သင်‌့သော လျော်ကြေးကို မည်သည့် အချိန်တွင် ပေးအပ်နိုင်မည်နှင့် (ခ) လျော်ကြေး မပေးနိုင်ဘဲ မြေယာများအား ပြန်လည်ပေးအပ်မည် ဆိုပါက မည်သည်‌့ အချိန်တွင် ပြန်လည်ပေးအပ် နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဖြေကြားသည့် ဌာန ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ
အဖြေ

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က တောင်သူ ၂၀ ဦး ပိုင်သော မီးသွေးဖုတ်တွင်းရွာ အနီး ဦးပိုင်အမှတ် ၃၉ ၏ မီးသွေးဖုတ်ကွင်း အတွင်းရှိ လယ်မြေ ၄၃.၅၉ ဧက ကို (၁/၁၉၉၁) ဆုံးဖြတ်ချက်နှင့် သိမ်းဆည်းပြီး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဌာနကို ပေးအပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် တောင်ကြီး ဟိုတယ်မန်နေဂျာက သက်ဆိုင်သည့် တောင်သူများကို ခေါ်ယူ၍ လယ်မြေဧက ၁၅.၈၉ ဧကအတွက် တစ်ဧကလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊

ဝါးခြံမြေ ၁၅.၈၉ ဧက ရှိ ဝါးလုံးအရေအတွက် ၃၈၀၁၃ လုံးအတွက် တစ်လုံးလျှင် ၁၅ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြံစိုက်ခင်း ၄.၇၇ ဧကအတွက် တစ်ဧကလျှင် ၁၄၂၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း စုစုပေါင်း ငွေ ၇၉၆၈၂၉ ကျပ်ကို မြို့နယ်တာဝန်ရှိသူ များ၏ရှေ့တွင် တောင်သူဦးကြီး ၃၀ ဦးကို စာချုပ်စာတမ်း ဖြင့် ပေးဆောင်ခဲ့ရာတွင် တောင်သူနှစ်ဦးမှ လာရာက်လက်ခံခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊

၂၀၁၅ ခုနှစ် မတ်လ ၁၄ ရက်နေ့ နေပြည်တော် MICC-2 ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ မြေအသုံးချမှု ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲတွင်လည်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ၁၉၉၁ ခုနှစ် ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုရှိ ဟိုတယ်စီမံကိန်းအတွက်သိမ်းဆည်းထားသော မြေ ၄၃.၅၉ ဧက နှင့် စပ်လျဉ်း၍ စီမံကိန်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် လယ်မြေများ ဆက်လက်လုပ်ကိုင်နိုင်ကြောင်း ကျေးရွာသားများ၏ တောင်းဆိုမှုအပေါ် မြေယာကော်မတီနှင့် ရှမ်းပြည်နယ်မြေယာစီမံခန့်ခွဲမှုကော်မတီတို့ ကွင်းဆင်းစစ်ဆေး ညှိနှိုင်းချက် အရ အဆိုပါမြေသည် နှစ်ဦးသဘောတူစာချုပ်စာတမ်းဖြင့် သတ်မှတ်နှုန်းထားများအတိုင်း လျော်ကြေး ပေးချေပြီးဖြစ်ခြင်း၊ ဟိုတယ်မြေအဖြစ် သတ်မှတ်နည်းလမ်းများအတိုင်း အသုံးချရန်စေ့ဆိုခဲ့ခြင်း၊ အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ခြင်း၊ ဟိုတယ်စီမံကိန်းနေရာတွင် မြတ်မင်္ဂလာဟိုတယ်မှ လုပ်ငန်းများစတင်၍ အဆောက်အဦများ တည်ဆောက်နေခြင်းများကြောင့် မစွန့်လွှတ်ရန် ဆုံးဖြတ်ထားပြီဖြစ်သည်ကို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊

ပုဂ္ဂလိကပိုင် မြေယာပိုင်ဆိုင်ရေးကော်မရှင်က ၂၀၁၀ ခုနှစ်တွင် ၂၁.၈၂ ဧကကို ၄၃.၆၄ သန်းဖြင့် ရောင်းချခဲ့သော Win Hotel and Resort Company Limited က လျော်ကြေးလာရောက် ထုတ်ယူခဲ့ခြင်းမရှိသည့် တောင်သူနှစ်ဦးသည် လာရောက် တောင်းဆိုသည့်အတွက် ဦးထွန်းစိန်၏ အမွေခံစားထိုက်သော ဦးဇော်မင်းထွန်းကိုလည်းကောင်း၊ ဦးထွန်းမြင့်၏ အမွေခံထိုက်သော ဦးမောင်နိုင်ကိုလည်းကောင်း တစ်ဦးလျှင် သိန်း ၃၅၀ ဖြင့် စုစုပေါင်း သိန်း ၇၀၀ ကို သုံးရစ်ခွဲပြီး လျော်ကြေးပေးအပ်ခဲ့ပါကြောင်း၊

မိမိတို့ ရရှိထားသော ၄၃.၅၉ ဧကကို နိုင်ငံတော်အတွက် အကျိုးရှိအောင် ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍  ၂၁.၇၇ ဧကကို  Kappa International Co.,Ltdသို့  တစ်ဧကလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ငှားရမ်းပြီး ဟိုတယ်တည်ဆောက်ပြီးချိန်တွင် ကျပ် ၂၄ သိန်းနှုန်းဖြင့် နိုင်ငံသားဝင်ငွေ၏ ၅ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဟု သတ်မှတ်ပြီး ၂၀၀၂ ခုနှစ်မှ စတင်ပြီး ၂၀၂၂ အထိ အနှစ် ၂၀ ငှားရမ်းခဲ့ပါကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့်  ၂၀၀၇ ခုနှစ်ရောက်မှသာ လုပ်ငန်းစတင် ဆောင်ရွက်နိုင်ပြီး သတ်မှတ်ထားသည့် ဝင်ငွေခွန်နှင့် အခွန်များပေးဆောင်ခဲ့သည်ကို မှတ်တမ်းများအရ တွေ့ရှိရပါကြောင်း၊၂၀၀၉ ခုနှစ်တွင် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် Win Hotel and Resort Co.,Ltd သို့  ကျန်ရှိမြေဧကကို ၄၃.၆၄ သန်းဖြင့်ရောင်းခဲ့သည့်အတွက် အဆိုပါကုမ္မဏီမှ ခြံဝင်းစိုက်ထူခဲ့ပါကြောင်း၊

မီးသွေးဖုတ်ကျေးရွာအတွင်းရှိ တောင်သူများက ၎င်းတို့ကိုးကွယ်ရာ ညောင်ပင်ကြီးကို ဆက်လက် ပူဇော်ပသလိုသောကြောင့် လူသွားလမ်းပေးရန် တောင်းဆိုခဲ့သည့် အတွက် အကျယ် ၁၂ ပေအရှည် ၃၄၄ ပေရှိ လမ်းကို  ဖောက်လုပ်ပေးခဲ့သည်ကို မှတ်တမ်းများအရတွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် Kappa International Co. Ltd က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်ဆက်သွယ် ဆောင်ရွက်နေခြင်း၊ မြေငှားခ၊ ရေအသုံးချခများကိုလည်း ဥပဒေနှင်‌့အညီ ပေးဆပ်ထားသကဲ့သို့ Win Hotel and Resort Co. Ltd က ၂၀၁၅ ခုှနှစ် သုံးလပိုင်းတွင် ဟိုတယ်တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက ဟိုတယ် တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။  

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက Human Resort Development  ဖွံ့ဖြိုးတိုးတက်ရန် ဒေသတွေမှာ ဒေသဆိုင်ရာ ဧည်‌့လမ်းညွှန် သင်တန်းများကို ဖွင့်လှစ် ပို့ချပေးရာတွင် ညောင်ရွှေ အင်းလေးဒေသ အင်းလေးမောင်မယ် ၁၈ ယောက်ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် Human Resort Development ဒေသဆိုင်ရာ ဧည်‌့လမ်းညွှန်သင်တန်းတစ်ခုကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊  National Special Development Plan၊ Myanmar Industry Development Plan ၊ National Special Development Plan ဖြစ်သည့် နယ်မြေဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကို ဆောင်ရွက်ရန်နှင့် မြန်မာ့ထုတ်ကုန် တိုးတက်ရန်အတွက် ဒုတိယဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ်မှ စီမံ/စီးပွားရေး ဝန်ကြီးများနှင်‌့ တွေ့ဆုံညှိနှိုင်းခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ယခုနှစ်တွင် လယ်ယာမြေ ပြန်လည် ဖော်ထုတ်ရေး အစီအစဉ်ကို ထည့်သွင်း ထားပါကြောင်း၊ ထို့ကြောင့် ကိုယ့်ပြည်နယ် ကိုယ့်တိုင်း ဝန်ကြီးချုပ်ကြီးများနှင့် တွေ့ဆုံညှိနှိုင်းပြီး လယ်ယာမြေအသစ် ဖော်ထုတ်ရေးကို ဝိုင်းဝန်းပြီးဆောင်ရွက်ကြမည်ဆိုပါက အလုပ်လက်မဲ့ လျော့ပါးပြီး လုပ်ငန်းများလည်း  ဖွံ့ဖြိုးတိုးတက်နိုင်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။