နန်းယွန်းမြို့နယ်သည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက် အစွန်ဆုံးတွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖွံ့ဖြိုးရေးများတွင် အစစအရာရာ အခြားမြို့နယ်များထက် ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးမြို့နယ် တစ်မြို့နယ်ဖြစ်ပါကြောင်း၊ မြို့နယ်အပါအဝင် မြို့သုံးမြို့ရှိသည့်အနက် ဒုံဟီးမြို့ဧရိယာသည် နယ်မြေကျယ်ပြန့်ပြီး ခရီးသွားလာရန်အခက်ခဲဆုံး မြို့နယ်အပိုင်းလည်း ဖြစ်ပါကြောင်း၊ ဒုံဟီးမြို့ဧရိယာသည် ကျေးရွာပေါင်း ၆၂ ရွာ၊ အိမ်ခြေ ၄၀၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၃၀၀၀၀ ဝန်းကျင်နေထိုင်ကြခြင်း ဖြစ်ပါကြောင်း၊ တစ်ရွာနှင့်တစ်ရွာကြား ဆိုင်ကယ်ဖြင့် သွားလာခြင်းရှိသကဲ့သို့ ကျေးရွာအများပိုင်းကို ခြေလျင်ခရီးဖြင့် ခက်ခက်ခဲခဲသွားကြရပါကြောင်း၊ ယခု တမီးချောင်းကိုဖြတ်ပြီး အသုံးပြုသွားလာသည့် ကျေးရွာပေါင်း ၂၀ ကျော်ရှိပါကြောင်း၊ တမီးချောင်း ရေကြီးပြီဆိုသည်နှင့် ဒုံဟီး၊ နန်းယွန်းဘက်ကို ဆက်သွယ်သွားလာ၍ မရတော့ပါကြောင်း၊ တခြားဖြတ်လမ်းလည်းမရှိပါကြောင်း၊ ထို့ကြောင့် ရေကြီးချိန်ဆိုလျှင် အထူးသဖြင့် အရေးပေါ်လူနာများ ရှိလာသည့်အခါ ဒေသခံပြည်သူများပိုပြီး ဒုက္ခကြုံကြရပါကြောင်း၊ နှစ်စဉ်နှစ်တိုင်းလည်း ကကြီးချမ်းမြူးနှင့် ဒုံဟီးမြို့ပေါ်က ပြည်သူများပူးပေါင်းပြီး ဒေသဖြစ်သစ်၊ ဝါးများနှင့် ယာယီတံတားဆောက်ပြီးသွားလာ နေကြသော်လည်း မိုးများသည့်ဒေသ ဖြစ်သည့်အတွက် ဆောက်ပြီးသည်နှင့် အချိန်သိပ်မကြာဘဲ ကမ်းများပြိုပြီး ရေထဲပြန်ပြန်မျောပါ သွားလျက်ရှိပါကြောင်း၊ ယခုနှစ် ၂၀၁၇-၁၈ မှာဆိုလျှင် ဧပြီလကတည်းက တမီးချောင်း ရေကြီးသဖြင့် ကျေးလက်ကျောင်းများအတွက် ကျောင်းသုံးစာအုပ်များ သွားရောက်သယ်ယူရန် အခက်အခဲ ဖြစ်ခဲ့ကြပါကြောင်း၊ လမ်းအခက်အခဲကြောင့် ကျောင်းဖွင့်ချိန်လည်း နောက်ကျခဲ့ရပြီး ချောင်းကူးမရသည့်အတွက် ဒေသခံပြည်သူများ ဆန်၊ ဆီ၊ ဆားသွားရောက်ဝယ်ယူရန်နှင့် သယ်ယူရန် အခက်အခဲများလည်း ကြုံခဲ့ကြရပါကြောင်း၊ ထို တမီးချောင်းဘက် ခရီးသွားကြရသည့် ပြည်သူလူထုများက ရောက်သွားသည့်အခါတိုင်း ၎င်းတံတားကို အမြန်ဆုံးဆောက်လုပ်ပေးရန် ဦးစားပေး တင်ပြကြပါကြောင်း၊
ပြည်သူလူထုများ ခရီးသွားလာရေးအဆင်ပြေစေရန် တမီးချောင်း ဆောက်လုပ်ပေးနိုင်ရေးသည် မရှိမဖြစ် အမှန်တကယ် အရေးကြီးလိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ တမီးချောင်းကို တာရှည်ခံသည့် တံတားတည်ဆောက် ပေးမည်ဆိုပါက ဒေသခံပြည်သူများ ခရီးသွားလာရေးအတွက် အဆင်ပြေ လွယ်ကူသွားမည် ဖြစ်သည့်အတွက်ကြောင့် ဒုံဟီးမြို့နှင့် ကကြီးချမ်းမြူး ကျေးရွာကြားပေ ၂၀၀ အကျယ် တမီးချောင်းအား တာရှည်ခံတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်။ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြသော ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကနေပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၇၅၅.၇၁၂၇ သန်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၀၂၂.၁၄၁ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ် မေးခွန်းနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ၁၇.၁၀.၂၀၁၇ ရက်နေ့တွင် သဘောထားမှတ်ချက် တောင်းခံပြီးဖြစ်ပါကြောင်း၊ သဘောထားမှတ်ချက်က သက်ဆိုင်ရာကနေ စိစစ်ပြီး ထောက်ခံတင်ပြလာမည်ဆိုပါက မိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်း ရန်ပုံငွေလျာထားချက်တွင် နှစ်အလိုက်တင်ပြ တောင်းခံသွားမည် ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
