(ခ)-မောက်မယ်မြို့နယ်၊ဟိုနမ့်ကျေးရွာအုပ်စုနှင့်ပန်း တန်ကျေးရွာအုပ်စုသို့ ရာသီမရွေး ဆက်သွယ်သွား လာနိုင်မည့် လမ်းပိုင်း အားကျောက်ချော လမ်းပိုင်း အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက် ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၅) ရက်မြောက်နေ့ (၅.၁၀.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

sai n sai heinမောက်မယ်မြို့နယ်ရှိ ဟိုနမ်‌့ကျေးရွာအုပ်စုနှင့် ပန်းတိုင်ကျေးရွာအုပ်စုတို့တွင် ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ကြပြီး ယခင်က ဆက်သွယ်သွားလာရေးခက်ခဲသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် မောက်မယ်-ဟိုနမ့် ကတ္တရာလမ်းပိုင်း ဆောင်ရွက်ပြီး စီးခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းများကို ရာသီအလိုက်ဆောင် ရွက် နိုင်ခဲ့သဖြင့် တောင်ပိုင်းဒေသတွင် ဆက်သွယ် သွားလာရေး လွယ်ကူသွားပြီဖြစ်ပါကြောင်း၊ ယခုတင်ပြသည့် မြောက်ပိုင်းဒေသ မြေသားလမ်းများကို ကိုယ့်အားကိုယ်ကိုး ကျောက်ချောလမ်း အဖြစ် ဆောင်ရွက် ခဲ့သော်လည်း ယနေ့တိုင် ပြီးစီးမှုမရှိခဲ့ပါကြောင်း၊ ယခင် က အောင်သုခ-ပုန်းအောင်-ထီပျဉ် မြေသားလမ်းနှင့် ဟိုနမ့်-ထီပျဉ်မြေသားလမ်း တို့ကိုလည်း ကျောက်ချော လမ်းဆောင် ရွက်ပေးပါရန် တင်ပြခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပါကြောင်း၊ ယခုတင်ပြသည့် ဟိုနမ့်မှအောင်သုခ-ပုန်းအောင်-ထီပျဉ်မြေသားလမ်းမှာ ကျေးရွာလူထုမှ အများဆုံးအသုံးပြုသော လမ်းပိုင်းဖြစ်ပြီး မိုးရာသီတွင် ဆက်သွယ်သွားလာရေး လွန်စွာခက်ခဲပါသဖြင့် ကျောက်ချောလမ်းပိုင်းအဖြစ် အဆင့်မြှင့် တင်ပေးပါရန် တင်ပြတောင်းဆိုရခြင်း ဖြစ်ပါကြောင်း၊သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာ အုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုတို့တွင် ရာသီအချိန်မရွေး ဆက်သွယ်သွားလာနိုင်မည့် အောင်သုခ-ပုန်းအောင်-ထီပျဉ် လမ်းပိုင်း အား ကျောက်ချောလမ်းပိုင်း အဖြစ် အဆင့်မြှင့် တင်ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

tun winရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာ အုပ်စုသို့ ဆက်သွယ်သည့် အရှည် ၁၀ မိုင် ၃ ဖာလုံရှိ အောင်သုခ-ပုန်းအောင်-ထီပျဉ်ကျေးရွာချင်းဆက် လမ်း၏ လက်ရှိအခြေအနေမှာ မြေသားလမ်းဖြစ်၍ အဆိုပါလမ်းအား ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပါက စုစုပေါင်းငွေကျပ် ၈၀၈.၂၁၂ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာလေးရွာ၊ အိမ်ခြေ ၅၂၄ ရှိ လူဦးရေ ၂၉၄၂ ဦးတို့အား အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဘတ်ဂျက် လျာထား ဆောင်ရွက်ရာတွင် ပြည်နယ်/တိုင်း ဒေသကြီးများအတွင်းရှိ လူဦးရေအချိုးအစားအရ လျာထားသည့်အပြင် မြို့နယ်များအားလုံးကို ပါဝင်လျာထားပါကြောင်း၊ ထို့အပြင် ကျေးရွာများ၏ လိုအပ်ချက်များကို မြို့နယ်/ခရိုင်နှင့် ပြည်နယ်/တိုင်း ဒေသကြီးများမှတစ်ဆင့် ထောက်ခံတင်ပြလာမှုများအပေါ် ဦးစားပေး အစီအစဉ် အတိုင်း ရွေးချယ်လျာထား ဆောင်ရွက်ပါကြောင်း၊

ရှမ်းပြည်နယ်တစ်ခုလုံးအတွင်းမှာရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ် တစ်ခုလုံး အတွက်ကို ခွင့်ပြုရန်ပုံငွေကျပ် ၇၈၂၀.၂၈၁ သန်းဖြင့်လျာထား ဆောင်ရွက်ပါကြောင်း၊ မောက်မယ်မြို့နယ် တစ်ခုလုံးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်အဖြစ် ၂၁၁.၂၇၅ သန်းဖြင့် လျာထားပါကြောင်း၊ ကျောက်ချောလမ်း ၂ မိုင် ၂ ဖာလုံနှင့် ကွန်ကရစ်တံတား နှစ်စင်းတို့အား လျာထားဆောင်ရွက်လျက်ရှိရာမှာ လျာထားလမ်းနှစ်လမ်းအနက် ဈေးကုန်း-ပြင်သာယာ-ထီတခေါ့ ကျောက်ချောလမ်း ၁ မိုင် ၂ ဖာလုံမှာ ကိုယ်စားလှယ်ကြီးတင်ပြတဲ့ အောင်သုခ-ပုန်းအောင်-ထီပျဉ်ကျေးရွာချင်းဆက်လမ်းအရှည် ၁၀ မိုင် ၃ ဖာလုံအပိုင်းတွင် ပါဝင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောင်သုခ-ပုန်းအောင်း-ထီပျဉ်လမ်း၏ ကျန်ရှိသည့် ၉ မိုင် ၁ ဖာလုံအပိုင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပါ၍ လတ်တလောဆောင် ရွက်ပေးနိုင်ခြင်းမရှိ ပါကြောင်းနှင့် နှစ်အလိုက် ဦးစားပေးအတိုင်း တင်ပြဆောင် ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။