(ဂ)-မင်းဘူး-စကုလမ်းမကြီးနှင့် ဆက်သွယ်ထားသော မန်းရေနံမြေအရှေ့ဘက်ဂိတ်မှ မန်းရေနံမြေလမ်းဆုံ အထိလမ်းအပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ (၁၅.၁.၂၀၁၈)

မင်းဘူး-စကုလမ်းမကြီးနှင့် ဆက်သွယ်ထားသော မန်းရေနံမြေအရှေ့ဘက်ဂိတ်မှ ကြာကန်- ပေါက်ကုန်း- အောက်ကျောင်း-နန်းဦး-လေးအိမ်တန်း-လက်ပံတော-မယ်ဘေ့ကုန်းရွာအနီး မန်းရေနံမြေလမ်းဆုံ အထိလမ်းအပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မင်းဘူး- စကုလမ်းမကြီးနှင့်ဆက်သွယ်ထားသည့် မန်းရေနံမြေအရှေ့ဘက်ဂိတ်မှ မယ်ဘေ့ကုန်း ကျေးရွာကို ဆက်သွယ်ထားသောလမ်းသည် မူလက ၁၉၅၅ ခုနှစ်အချိန်ခန့်က ဝန်ကြီးချုပ်ဦးနု လက်ထက်ကတည်းက ဒေသခံပြည်သူများ ခရီးသွားရန်အဆင်ပြေစေရေးအတွက် ပြည်တော်သာလမ်းအဖြစ် ကျေးရွာချင်းဆက်လမ်းဟူ၍ ဖောက်လုပ်ပေးခဲ့သည့်လမ်းလည်း ဖြစ်ပါကြောင်း၊ ၁၉၇၀ နောက်ပိုင်းတွင် မန်းရေနံမြေ ပေါ်ပေါက်လာသည့်အခါ ရေနံမြေနယ်မြေနှင့်ထိစပ်နေသည့်အတွက် မန်းရေနံမြေက ပြုပြင်ထိန်းသိမ်း‌ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မန်းရေနံမြေ အထွေထွေမန်နေဂျာ၏လက်မှတ်ရေးထိုးပြီး ထွက်သည့်စာအရဆိုပါက အဆိုပါလမ်းကို နောင်အချိန်ခါတွင် မန်းရေနံမြေက CSR လုပ်ငန်းနှင့်ပတ်သက်ပြီး ပြုပြင်ထိန်းသိမ်းရသည့်အခါ အခက်အခဲရှိသည့်အတွက် ကျေးလက်လမ်းဦးစီးအနေဖြင့် ကျေးလက်လမ်းက ပြုပြင်ဆောင်ရွက်ပေးရန် ခရိုင်ကျေးလက်လမ်းဦးစီးဌာနကို စာပို့ထားပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းသည် ဝန်ကြီးချုပ်ဦးနုလက်ထက် ၁၉၅၅ ခုနှစ်က ကျေးလက်လမ်းအဖြစ် ဖောက်လုပ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် မန်းရေနံမြေက ထိန်းသိမ်းခဲ့ပါကြောင်း၊ အဆိုပါလမ်းသည် မင်းဘူး-စကုမြို့နယ်က ဒေသခံပြည်သူများသာမက ပွင့်ဖြူမြို့နယ်က ဆယ်မုန်း၊ ကုန်းစု၊ ထနောင်းကုန်း၊ ရွှေလှေ၊ ချွန်းစု၊ ပေါက်စု စသည့်ကျေးရွာများကပါ အသုံးပြုသည့်လမ်းဖြစ်ပါကြောင်း၊ ယခုအခါ မန်းရေနံမြေက မပြုပြင်တော့ပါကြောင်း၊ ကျေးလက်လမ်းဦးစီးတွင်လည်း ကျေးလက်လမ်းအဖြစ် အမည်ပေါက်ခြင်း မတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းကို မန်းရေနံမြေ CSR လုပ်ငန်းအနေဖြင့် ပြုပြင်ရန် အခက်အခဲရှိနေပါကြောင်း၊ သို့သော်လည်း လမ်းက ကျောက်ကြီးများချထားသော်လည်း ချိုင့်ခွက်များ ဖြစ်ပေါ်ပြီး ပျက်စီးချို့ယွင်းနေသည့်အတွက် ပြုပြင်ရန်လိုအပ်နေပါကြောင်း၊ ထို့ကြောင့် မင်းဘူး-စကုလမ်းမကြီးနှင့်ဆက်သွယ်ထားသော မန်းရေနံမြေအရှေ့ဘက်ဂိတ်မှ ကြာကန်-ပေါက်ကုန်း-အောက် ကျောင်း-နန်းဦး-လေးအိမ်တန်း-လက်ပံတော-မယ်ဘေ့ကုန်းရွာအနီးရှိ မန်းရေနံမြေလမ်းဆုံအထိ လမ်းအပိုင်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပြုပြင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၎င်းလမ်းအပိုင်းသည် ရေနံမြေနှင့်ထိစပ်နေသော ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး၊ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်ရည်ရွယ်၍ မန်းရေနံမြေ၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် လူမှုတာဝန်သိမှု ရန်ပုံငွေဖြင့် မြေသားလမ်း ပေ ၁၅၀၀၀ ကို မြေနီခင်း၍ ပြုပြင်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်းသည် ရာသီမရွေးသွားလာနိုင်သောလမ်းတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းသည် ကုန်ကျစရိတ်အထူးများပြားသည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ကျေးလက်လမ်းအား အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းသည် ရေနံထုတ်လုပ်မှု လုပ်ငန်းနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့်အတွက် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းအသုံးစရိတ်က ဘတ်ဂျက်ထည့်သွင်းပြီး ကျခံဆောင်ရွက်ရန် အခက်အခဲရှိပါကြောင်း၊ ကျေးရွာချင်းဆက်လမ်းဖြစ်ခြင်း၊ ရေနံထုတ်လုပ်မှုနှင့်မသက်ဆိုင်၍ အသုံးစရိတ်(ဘတ်ဂျက်) လျာထားရန် အခက်အခဲရှိခြင်းနှင့် လူမှုစီးပွား အစီအစဉ်ဖြင့် ဆောင်ရွက်ရန်မှာလည်း အသုံးစရိတ်ကန့်သတ်ချက်ရှိနေခြင်းကြောင့် လက်ရှိအချိန်တွင် ဝန်ကြီးဌာနအနေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးဝင်းဝင်း(မင်းဘူးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိမေးခွန်းစတင်ကတည်းက အဆိုပါလမ်းသည် မန်းရေနံမြေက ဝန်ကြီးဌာနအနေဖြင့် ပြုပြင်ထိန်းသိမ်းရန် မဆောင်ရွက်နိုင်တော့သည်ကို သိရှိသည့်အတွက် ကျေးလက်လမ်းအဖြစ် လွှဲပြောင်းပြီး ပြုပြင် ဆောင်ရွက်ပေးရန်အတွက် တင်ပြထားပါကြောင်း၊ မူလကကျေးလက်လမ်းဖြစ်ပါကြောင်း၊ နောက်ပိုင်းတွင် မန်းရေနံမြေနှင့်ထိစပ်နေသည့်အတွက် ရေနံမြေက CSR လုပ်ငန်းများနှင့် ထည့်သွင်းပြီး ဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ရက်စွဲအရ ကျေးလက်လမ်းဦးစီးကိုလည်း မန်းရေနံမြေအထွေထွေမန်နေဂျာကိုယ်တိုင် လက်မှတ်ထိုးပြီး CSR လုပ်ငန်းအနေဖြင့် ဆောင်ရွက်ရန် အဆင်မပြေပါကြောင်း၊ ကျေးလက်လမ်းအဖြစ် ကျေးလက်ဒေသဦးစီးဌာနက ဘတ်ဂျက်လျာထား ညှိနှိုင်းပြီး ဆောင်ရွက်ပေးရန် စာပို့ထားပါကြောင်း၊ မိမိထံကိုလည်း မိတ္တူပေးထားပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းသည် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရန်အခက်အခဲရှိသည်ဟု သိရှိထားပါကြောင်း၊ ထို့ကြောင့် ကျေးလက်လမ်းဦးစီးကို တင်ပြထားပါကြောင်း၊ ကျေးလက်လမ်းဦးစီး၊ ဆောက်လုပ်ရေးက လာရောက်ဖြေကြားလိမ့်မည်ဟု မိမိမျှော်လင့်ထားသော်လည်း ရေနံမြေနှင့်လည်းထိစပ်နေပြီး ကျေးလက် လမ်းတွင်လည်း အမည်မပေါက်သည့်အတွက် ကျေးလက်လမ်းဦးစီးအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

လက်ရှိမြေသားလမ်းကို ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူပြီး ဆောင်ရွက်ပေးရန်ကိစ္စနှင့်ပတ်သက်ပြီး မိမိတို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဆောက်လုပ်ရေးဝန်ကြီးဌာနကို ညှိနှိုင်း အကြောင်းကြားပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။