မြန်မာနိုင်ငံတွင် နှစ်စဉ်လျှပ်စစ်သုံးစွဲမှုသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိ တိုးတက်သုံးစွဲ လျက်ရှိရာ လာမည့် (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁) ခုနှစ်တို့တွင် ပြည်သူများကို လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရန်နှင့် လုံလောက်ကောင်းမွန်အောင် လျှပ်စစ်ထုတ်လုပ်ရေးအပိုင်းတွင် မည်ကဲ့သို့ အစီအစဉ်ချပြီး လုပ်ဆောင်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှုသည် ၂၀၁၅ ခုနှစ်တွင် ၂၄၉၇ မဂ္ဂါဝပ် ၊ ၂၀၁၆ ခုနှစ်တွင် ၂၈၀၂ မဂ္ဂါဝပ်၊ ၂၀၁၇ ခုနှစ်တွင် ၃၀၇၅ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃၅၈၇ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်တွင် ၄၀၃၂ မဂ္ဂါဝပ်၊ ၂၀၂၀ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲမည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၀၁၈ ခုနှစ် ဓာတ်အားလိုအပ်ချက်မှ ၃၅၈၇ မဂ္ဂါဝပ်ဖြစ်ပြီး လက်ရှိထုတ်လုပ်နိုင်သည့် အနေအထားသည် ၃၁၀၀ ရှိသည့်အတွက် ၄၈၇ မဂ္ဂါဝပ်ထပ်မံထုတ်လုပ်ရမည်ဖြစ်ပါကြောင်း၊ သို့သော် Plan အရ ၄၃၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့်အတွက် ၄၈ မဂ္ဂါဝပ်လိုအပ်နေပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ၄၀၃၂ မဂ္ဂါဝပ် သုံးစွဲမည်ဟု ခန့်မှန်းထားသော်လည်း ၃၅၃၉ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်မည်ဖြစ်ပါသဖြင့် ၄၉၃ မဂ္ဂါဝပ်ထပ်မံ လိုအပ်မည်ဖြစ်ပါကြောင်း၊ Plan အရ ၇၅၀ မဂ္ဂါဝပ်သာထုတ်လုပ်ပြီး ၂၀၂၀ ခုနှစ်တွင် ၂၆၀ မဂ္ဂါဝပ်၊ ၂၀၂၀ ခုနှစ်တွင် ၉၇၁ မဂ္ဂါဝပ်ထုတ် နိုင်မည်ဟု ရည်မှန်းထားပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ပမာဏအရ ၂၀၁၈ ခုနှစ်တွင် ထုတ်လုပ်မှုမှားသွားပါက ၂၀၁၉ ခုနှစ်တွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင်မပြီးပြတ်ခဲ့ပါက ၂၀၂၀ ခုနှစ်တွင်လည်းကောင်း မိမိတို့ ပြည်သူများ အတွက် မီးအခက်အခဲများရှိနိုင်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့်၂၀၁၈ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား မည်သို့ထုတ်လုပ်၍ မည်သည့်အချိန်တွင်ပြီးမည်၊ ၂၀၁၉ ခုနှစ်တွင် ၎င်းတို့ Plan အရ မည်ကဲ့သို့ထုတ်လုပ်၍ ဘယ်လောက်ပြီးမည်ကို တိတိကျကျ သိလိုပါကြောင်းနှင့် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ အတွက် ပြည်သူလူထု၏လျှပ်စစ်လိုအပ်ချက်ကို မည်ကဲ့သို့စီမံထုတ်လုပ် ဖြည့်စွမ်းပေး မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ပြန်ပြီးစိစစ်လေ့လာကြည့်မည်ဆိုပါက ၂၀၁၀-၁၁ ခုနှစ်မှ ၂၀၁၆-၁၇ ခုနှစ်အထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု သည် ၁၅ / ၁၆ ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးတက် လျက် ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်နှစ်လုံးအတွက် အမြင့်ဆုံးဝန်အားသည် ၃၁၈၉ မဂ္ဂါဝပ် အထိ မြင့်တက်လာခဲ့သော်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဓာတ်အားကို လုံလောက်နိုင်နင်းအောင် ထုတ်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊ နှစ်အလိုက် လျှပ်စစ် ဓာတ်အားလိုအပ်ချက်များကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အချိန်မီ တိုးတက် ပြည့်မီအောင် ထုတ်လုပ် နိုင်ရန် စီစဉ်လျာထားလျက်ရှိပါကြောင်း၊ လက်ရှိကာလတွင် ဓာတ်အား ထုတ်လုပ်သည့် အရင်းအမြစ်များကို စနစ်တကျထိန်းညှိထုတ်လုပ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများကို ဆောင်ရွက် ခဲ့သည့် အတွက် ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်တွင်လည်းကောင်း၊ ၂၀၁၆ ခုနှစ်ထက် ၂၀၁၇ ခုနှစ် တွင်လည်းကောင်း၊ ဓာတ်အားပေးစက်ရုံများကို အသစ်တိုးချဲ့တည်ဆောက်နိုင်ခြင်း မရှိ သော်လည်း မဂ္ဂါဝပ် ၄၀၀ မှ ၅၀၀ အထိ နှစ်စဉ်တိုးတက်ထုတ်လုပ်နိုင်အောင် မိမိတို့ကြီးကြပ် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးပိုင်းသာမက ဓာတ်အားစနစ်ပိုမို ကောင်းမွန်ရေး အတွက် ၅၀၀ ကေဗွီလိုင်းနှင့် ခွဲရုံများကို ဆက်စပ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊
လာမည့်(၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁) ကာလတွင် လျှပ်စစ်ဓာတ်အား ပြည့်မီနိုင်အောင်အတွက် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းများမှာ ရာဇဂြိုလ် ၄ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း၊ မင်းဘူးနေရောင် ခြည်သုံး ၄၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ သာကေတ(UREC) ၁၀၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံစီမံကိန်း၊ မြင်းခြံ ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံစီမံကိန်းတို့ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် စီမံ ဆောင်ရွက် လျက် ရှိပါကြောင်း၊
၂၀၁၉-၂၀ ခုနှစ်မှ ၂၀၂၁-၂၂ ကာလအတွင်း အထက်ကျိုင်းတောင်း ၅၁ မဂ္ဂါဝပ် ရေအားလျှပ်စစ် စီမံကိန်း၊ အထက်ရဲရွာ ၂၈၀ မဂ္ဂါဝပ် ရေအား လျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်း၊ အလုံ ၃၅၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း၊ ကန်ပေါက် ပထမအဆင့် ၆၁၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ ရွာမ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ပုထိုးလုံ ၁၂ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးစက်ရုံစီမံကိန်း၊ မြန်အောင် ၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ် အားပေးစက်ရုံစီမံကိန်း၊ သီလဝါ ၁၀၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ဧရာဝတီတိုင်း ဒေသ ကြီး၊ မီးလောင်ချိုင့်မှာတည်ဆောက်မည့် ၁၃၉၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံ စီမံကိန်းတို့ဖြစ်ပြီး စုစုပေါင်း ၃၆၁၀ မဂ္ဂါဝပ်ခန့် ဓာတ်အားထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ လာမည့်လေးနှစ်တွင် လျှပ်စစ်ဓာတ်အား လုံလောက်ကောင်းမွန်အောင် ဓာတ်အား ထုတ်လုပ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများကို နိုင်ငံတော်၏ ဘတ်ဂျက်ကို အသုံးပြု၍ လည်းကောင်း၊ နိုင်ငံတကာချေးငွေအသုံးပြု၍လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပါဝင် ဆောင်ရွက်၍ လည်းကောင်း သတ်မှတ်ကာလတွင် အချိန်မီ ပြီးစီးအောင် ကြိုးစားဆောင်ရွက် လျက်ရှိပြီး လက်ရှိ တည်ဆောက်ပြီးစီးထားသည့် ဓာတ်အားပေး စက်ရုံများအနက် သက်တမ်းကြာမြင့် နေသည့် ဓာတ်အားပေးစက်ရုံများကိုလည်း သက်တမ်းပိုပြီး Extension လုပ်နိုင်အောင် လိုအပ်သည့် ပြုပြင်မွမ်းမံ ဆောင်ရွက်မှုများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးတို့ကို စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
