ဒိုက်ဦးမြို့နယ်ရှိ အကြောင်ချောင်း၊ ဘိုင်းဒါးချောင်း၊ ဒရယ်မီးချောင်း၊ ပျဉ်းမလွင်ချောင်းနှင့် ဂုံညင်းတန်းချောင်း တူးဖော်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ ကျိုက်စကောကျေးရွာ အောင်ရေလုံလောက်မှုမရရှိခြင်း၊ ရေရယူမှု အဆင်ပြေစေရေးတို့အတွက် တိမ်ကောနေသော ရိုးများတူးဖော်ပေးရန် ဒေသခံများ၏ တင်ပြချက်အရ ကွင်းဆင်းစစ်ဆေးပြီး တူးဖော်ရမည့်လုပ်ငန်းများ ပမာဏ၊ ခန့်မှန်းကုန်ကျငွေတို့ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် သရက်ကွင်းတောကန် ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ချောင်းကော၊ မြောင်းကောများအား တူးဖော်ခြင်းသည် ဒေသခံများအတွက် ချက်ချင်းအကျိုးရှိစေနိုင်ပါသဖြင့် ဆောင်ရွက်သင့်သော လုပ်ငန်းများဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဒရယ်မီးချောင်းနှင့် အကြောင်ချောင်းကို တူးဖော်ပေးရန် ရန်ပုံငွေပါရှိသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်ရှိသည့် ချောင်းကော၊ မြောင်းကောများ တူးဖော်ခြင်းလုပ်ငန်းများတွင် အမှန်တစ်ကယ် လုပ်ဆောင်သင့်သည့် လုပ်ငန်းများဖြစ်ခြင်း၊ ရန်ပုံငွေကိုလည်း အမှန်တကယ်ထည့်သွင်းပေးရန် လိုအပ်ခြင်း၊ ချောင်းတူးသည့် မြေကြီးလုပ်ငန်းများတွင် ပွင့်လင်းရာသီ၊ ကုန်းခြောက်သည့်ရာသီ၌သာ လုပ်ကိုင်နိုင်မည့် လုပ်ငန်းများဖြစ်ခြင်းတို့ကြောင့် ယခုအချိန်ကပင် စတင်ဆောင်ရွက်မှသာလျှင် တောင်သူလယ်သမားများအတွက် တစ်နှစ်စော၍ အကျိုးရှိမည်ဖြစ်ခြင်းတို့ကြောင့် လုပ်ငန်းများကြိုတင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဒိုက်ဦးမြို့နယ်ရှိ ဒရယ်မီးချောင်းနှင့် အကြောင်ချောင်းကို တူးဖော်ပေးရန်နှင့် ကျန်ရှိသည့် ချောင်းကော၊ မြောင်းကောများအား တူးဖော်ပေးရန်လုပ်ငန်းများကို ပွင့်လင်း ရာသီ ဖြစ်သည့် ယခုအချိန်မှ စတင်၍ ကြိုတင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဘိုင်းဒါးချောင်း (ဘလိတ်ချောင်း) သည် ပုကိုင်ချောင်းမှ တစ်ဆင့် ခမုံ-မြစ်ကျိုးဖြတ်မြောင်းအတွင်း စီးဝင်ပြီး ၎င်းမှ တစ်ဆင့် စစ်တောင်းမြစ်အတွင်းသို့ စီးဝင်ပါကြောင်း၊ ပျဉ်းမလွင်ချောင်းသည် ရန်ကုန်-မန္တလေးကားလမ်း အရှေ့ဘက်ခြင်းတွင် ဂုံညင်းတန်းချောင်းနှင့် ပေါင်းဆုံပြီး ၎င်းမှတစ်ဆင့် နဂါးပေါက်ချောင်းအတွင်းသို့ စီးဝင်ပါကြောင်း၊ နဂါးပေါက်ရေထိန်းတံခါးမှတစ်ဆင့် ခမုံ-မြစ်ကျိုးဖြတ်မြောင်းအတွင်းသို့ စီးဝင်ပြီး ထိုမှတစ်ဆင့် စစ်တောင်းမြစ်အတွင်းသို့ စီးဝင်သွားပါကြောင်း၊ ဘိုင်းဒါးချောင်း (ဘလိတ်ချောင်း) သည် သောင်ခုံများ ဖြစ်ထွန်းနေခြင်း၊ ချုံနွယ်များ ပိတ်ဆို့နေခြင်းတို့ကြောင့် ရေစီးရေလာ အဟန့်အတားများ ဖြစ်နေပြီး ပျဉ်းမလွင်ချောင်းနှင့် ဂုံညင်းတန်းချောင်းတို့မှာလည်း တိမ်ကောနေ၍ ရေစီးရေလာ ကောင်းမွန်ခြင်းမရှိသဖြင့် ပျဉ်းမလွင်ကျေးရွာ၊ ဖောင်တော်သီကျေးရွာနှင့် အမရစံပြကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများ၏ လယ်မြေများမှာ ရေကြီးနစ်မြုပ်မှုများနှင့် ကြုံတွေ့နေရပါကြောင်း၊ ဘိုင်ဒါးချောင်း (ဘလိတ်ချောင်း) ပြန်လည်တူးဖော်ပေးခြင်းဖြင့် ဖအောင်းစုကျေးရွာ၊ နှင်းဝိကျေးရွာနှင့် ပနွတ်ကျေးရွာအုပ်စုများရှိ ဒေသခံတောင်သူများ၏ လယ်မြေဧက (၅၀၀၀)ခန့် အားလည်းကောင်း၊ ပျဉ်းမလွင်ချောင်းနှင့် ဂုံညင်းတန်းချောင်းတို့အား ပြန်လည်တူးဖော်ပေးခြင်းဖြင့် ပျဉ်းမလွင်ကျေးရွာ၊ ဖော်တော်သီကျေးရွာနှင့် အမရစံပြကျေးရွာအုပ်စုများရှိ လယ်မြေဧက ၃၀၀၀ ခန့်အား လည်းကောင်း ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာလာစေပြီး မိုးစပါး ရေတော်မိုးတော်စိုက်ဧကများဖြင့် ပြောင်းလဲစိုက်ပျိုး တိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ကျိုက်စကောအရှေ့ကွင်းရှိ နံကတ်ချောင်း၊ လှေလမ်းရိုး၊ မြခဲရိုး၊ ဇိုင်မရိုး၊ ထိန်ပင်ကွင်းရိုး၊ မောင်းဒူးမညွတ်ရိုး၊ စက်တူးမြောင်း၊ ကျွဲသေရိုင်း၊ ဆားကျင်းမြောင်း၊ ကဒါမြောင်း၊ အဆုံဘုရားမြောင်းစသည့် ချောင်းများမှာ တိမ်ကောနေပြီး ရေစီးရေလာ ကောင်းမွန်ခြင်းမရှိသဖြင့် ပြန်လည်တူးဖော်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒရယ်စီးချောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် ရန်ပုံငွေရရှိထားပြီးဖြစ်ပါကြောင်း၊ အကြောင်ချောင်း တူးဖော်ခြင်းလုပ်ငန်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် ပထမဦးစားပေး အစီအစဉ်ဖြင့် ရန်ပုံငွေ တင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း၊ ဘိုင်းဒါးချောင်း (ဘလိတ်ချောင်း)၊ ပျဉ်းမလွင်ချောင်းနှင့် ဂုံညင်းတန်းချောင်း တူးဖော်ခြင်း လုပ်ငန်းများအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် ပထမဦးစားပေးအစီအစဉ်ဖြင့် ရန်ပုံငွေတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ကျိုက်စကောအရှေ့ကွင်းရှိ တူးဖော်ပေးရန်လိုအပ်သည့် နံကတ်ချောင်း၊ လှေလမ်းရိုး၊ မြခဲရိုး၊ ဇိုင်မရိုး၊ ထိန်ပင်ကွင်းရိုး၊ မောင်းဒူးမညွတ်ရိုး၊ စက်တူးမြောင်း၊ ကျွဲသေရိုင်း၊ ဆားကျင်းမြောင်း၊ ကဒါမြောင်း၊ အဆုံဘုရားမြောင်းတူးဖော်ခြင်းလုပ်ငန်းအား ၂၀၁၅-၂၀၁၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် ဒုတိယဦးစားပေး အစီအစဉ်ဖြင့် တင်ပြတောင်းခံထားပြီး ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အထက်ပါချောင်း/မြောင်း တူးဖော်ခြင်းလုပ်ငန်းများအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားတောင်းခံထားပြီးဖြစ်၍ ရန်ပုံငွေခွင့်ပြုချက်ရရှိပြီးမှသာ လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း နောက်ဆုံးအခြေအနေများအား ဖြည့်စွက် တင်ပြသွားမည် ဖြစ်ပါကြောင်း၊ အကြောင်ချောင်း တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် ရန်ပုံငွေရရှိ၍ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဘိုင်ဒါးချောင်း၊ ပျဉ်းမလွင်ချောင်းနှင့် ဂုံညင်းတန်းချောင်း တူးဖော်ခြင်းလုပ်ငန်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် ရန်ပုံငွေရရှိ၍ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဘိုင်ဒါးချောင်းနှင့် ပျဉ်းမလွင်ချောင်း တူးဖော်ခြင်းလုပ်ငန်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံ၍ ရရှိပါက ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နံကပ်ချောင်း၊ လှေလမ်းရိုး၊ မြခဲရိုး၊ ဇိုင်မရိုး၊ ထိန်ပင်ကွင်းရိုး၊ မောင်ဒူးမညွတ်ရိုး၊ စက်တူးမြောင်း၊ ကျွဲသေရိုး၊ ဆားကျင်းမြောင်း၊ ကဒါမြောင်း၊ အဆုံဘုရားမြောင်း တူးဖော်ခြင်းလုပ်ငန်းများအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ (BE) တွင် ပါဝင်ခြင်းမရှိသဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံ ငွေတင်ပြတောင်းခံ၍ ရရှိပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမင်းဆွေ (ဒိုက်ဦး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ ဒိုက်ဦးမြို့နယ်တွင် ရဲနွယ်ချောင်း၊ ဗိုင်းနားချောင်း၊ ကောလိယချောင်းနှင့် ဘောနီချောင်း စသည့် တောင်ကျချောင်း (၄) ခုရှိပါကြောင်း၊ ဒုတိယဝန်ကြီး၏ ဖြေကြားချက်တွင် ကျန်သည့်ချောင်းများသည် လယ်မြေများမှ ကျသည့် လယ်ကျချောင်းများသာဖြစ်ပါကြောင်း၊ ချောင်းကြီး (၄) ခုတွင် ရဲနွယ်ချောင်းသည် အောက်ပိုင်း၌ ညောင်လေးပင်မြို့နယ်ထဲမှ စစ်တောင်းမြစ်ထဲသို့ စီးဝင်သွားပါကြောင်း၊ ဗိုင်းနားချောင်းသည် ကျောက်တံခါးမြို့နယ် တောင်ပေါ်မှ အမြန်လမ်းမကြီးအောက်ဘက်ရောက်လာပြီး ဒိုက်ဦးမြို့နယ်ထဲကို ဖြတ်သွားပြီးတော့မှ စစ်တောင်းမြစ်ထဲသို့ စီးဝင်ပါကြောင်း၊ ကောလိယချောင်းနှင့် ဘောနီချောင်းသည် မိမိတို့မြို့နယ်ထဲမှ စပြီး အောက်ပိုင်းတွင် ဝေါ ကနေတစ်ဆင့် မြစ်ကျိုးဘက်ကို စီးဆင်းပြီး စစ်တောင်းမြစ်ထဲသို့ စီးဝင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ မြို့နယ်အတွက် ဗိုင်းနားချောင်းသည် အဓိကချောင်းကြီး ဖြစ်နေပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဗိုင်းနားချောင်းနှင့် မြစ်ကြောင်းတူးဖော်ပေးခြင်းဖြင့် လယ်မြေဧက ၅၀၀၀ ကျော်နှင့် မြို့ပေါ်ရပ်ကွက်ရှိ အချို့ရပ်ကွက်များ ရေကြီးနစ်မြုပ်မှု သက်သာစေမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဟု ပြန်ကြားခဲ့ပါကြောင်း၊ ထို့အပြင် နာယကကြီး၏ ခရီးစဉ်တွင်လည်း ဒိုက်ဦးမြို့နယ် အထောက်အကူပြုဥက္ကဋ္ဌ ဦးသိန်းမြင့်က ဗိုင်းနားချောင်း တူးဖော်ပေးရန် တင်ပြသည့်အခါ ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ဦးတင်စိုးက တိုင်းဒေသကြီးရန်ပုံငွေမှာ ထည့်သွင်းဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ဖြေခဲ့ပါကြောင်း၊ သို့သော် အမှန်တကယ် ဘဏ္ဍာငွေခွဲဝေသည့်အခါ ဗိုင်းနားချောင်းတူးရန်မပါရှိဘဲ ဒရယ်မီးချောင်း၊ အကြောင်ချောင်း၊ ကုန်းမင်းနားချောင်းတို့ ပါရှိသည့်အတွက် တူးဖော်ပြီးဖြစ်ပြီး လယ်သမားများအတွက်လည်း အမှန်တကယ် အကျိုးရှိပါကြောင်း၊ သို့သော် ဗိုင်းနားချောင်းကြမ်းပြင်သည် ဒရယ်မီးချောင်းကြမ်းပြင်ထက် မြင့်နေသည့်အတွက် ယခု မိုးကာလတွင် ဗိုင်းနားရေများသည် ဒရယ်မီးချောင်းထဲစီးဝင်ပြီး လယ်မြေဧက ၅၀၀၀ ကျော်နှင့် ဒိုက်ဦးမြို့ပေါ် ရပ်ကွက်များ ရေကြီးနစ်မြုပ်မည်ဖြစ်ပါကြောင်း၊ လယ်တစ်ဧကကို တင်း ၁၀၀ ထွက်ပါက စပါးတင်း ၅ သိန်း ရရှိမည်ဖြစ်ပြီး တစ်တင်းကို ၅၀၀၀ နှုန်းဖြင့် ရောင်းရပါက သန်း ၂၅၀၀ ရမည်ဖြစ်သည့်အတွက် မိမိတို့မြို့နယ်ရှိ ပြည်သူများ နစ်နာခြင်းမဟုတ်ဘဲ နိုင်ငံတော်နှင့် မြို့နယ်အတွက်ပါ နစ်နာဆုံးရှုံးခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန်တူးမည်ဆိုပါက ဇွန်လတစ်လ ဆောင်ရွက်ရန် အချိန်ရှိပါသေးသဖြင့် ဗိုင်းနားချောင်း တူးဖော်ရေးအတွက် ရန်ပုံငှေအား ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ယခုအချိန်ကပင် ကြိုတင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
မိမိ၏ ဖြေကြားချက်တွင် ဗိုင်းနားချောင်းနှင့် ပျဉ်းပသွယ်ချောင်းတူးဖော်ရေးလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေမှ တောင်းခံဆောင်ရွက်ပေးသွားမည်ဟ ပါရှိပြီး ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး၏ တင်ပြချက်များသည် အမှန်တကယ် အရေးကြီးသည့် အချက်များ ဖြစ်သည့်အတွက် ဆည်မြောင်းဦးစီးဌာနကိုလည်း ယခုအခြေအနေများကို အကြောင်းကြားပေးမည် ဖြစ်ပါကြောင်း၊ တတ်နိုင်သလောက် အဆင်ပြေစေရန် ဆောင်ရွက်ပေးနိုင်ပါက ဆောင်ရွက်ပေးမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီစေရန် ညှိနှိုင်းပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
