တောင်သူလယ်သမားများအတွက် အဓိကသွင်းအားစုဖြစ်သော ယူရီးယား ဓာတ်မြေသြ ဇာကို စွမ်းအင်ဝန်ကြီး ဌာနက တန်ချိန်ပေါင်း ၃၀၀ ကျော်ထုတ်ပြီး စက်ရုံထုတ်ဈေး တစ်အိတ်လျှင် ၁၄၄၀ဝိ ကျပ် နှုန်းဖြင့် ရောင်းချပေးသည်ဟု ကြားသိရသော်လည်း အစိုးရသစ်၏ သက်တမ်းတစ်ဝက်ကျော် ၂၈-၁၁-၂၀၁၃ ခုအထိ တောင်သူလယ်သမား တစ်ဦးတစ်ယောက်မှ သက်သာသောနှုန်းထားနှင့် ဝယ်ယူရရှိကြောင်းကို မကြားသိခဲ့ရ ပါကြောင်း၊ ကုမ္ပဏီကြီးအချို့ကိုသာ ပါမစ်စနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည့် အတွက် တစ်အိတ်လျှင် ၁၈၀၀ဝိ ကျပ်မှ ၂၀၀၀ဝိ ကျပ်ထိ ဈေးကြီးပေး ဝယ်ယူသုံး စွဲနေကြရသည့်အပြင် ကုန်သည်များ၏ ဈေးကစားခြင်းကိုလည်း ခံကြရပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှထုတ်သော ယူရီးယားဓာတ်မြေသြဇာမှာ နိုက်ထရိုဂျင် ၄၆% သာပါဝင်ပြီး အလေးချိန်လျော့နည်းခြင်း၊ ပါကင်ညြံ့ခင်း၊ အိတ်များ ပေါက်ပြဲခြင်း၊ အစိုပြန်၍ ခဲခြင်းဖြစ်လေ့ရှိကြောင်း၊ ကာလပေါက်ဈေး ၁၈၀၀ဝိ ကျပ်နှုန်းခန့် ရှိသည့်အပြင် တောင်သူလယ်သမား များ လိုအပ်ချိန်တွင် အလွယ်တကူ အလုံအလောက်ဝယ်ယူ၍ မရပါကြောင်း၊ စက်မှု(၁)မှထုတ်သော ရွှေတောင် ယူရီးယားဓာတ်မြေသြဇာများသည် ရှားပါးပြီး ဈေးနှုန်းလည်းပိုကြီးပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာန စက်ရုံ အသီးသီးမှ ထုတ်သော ဓာတ်မြေသြဇာများသည် လက်ဝါးကြီးအုပ် ကုမ္ပဏီများ၏ ဂိုဒေါင်များသို့ တိုက်ရိုက် ရောက်ရှိ သွားသည်သာမက အရောအနှောလည်း လုပ်ကြသည့်အပြင် တောင်သူလယ်သမားများအနေဖြင့်လည်း နည်းမျိုးစုံ လိမ်ညာရောင်းချခြင်းကို ခံနေကြရပါကြောင်း၊ သနပ်ပင်မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီက ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် သက်သာသောနှုန်းထားနှင့် ပြန်လည်ရောင်းချပေးရန် ပြည်ထောင်စု ဝန်ကြီးဌာနအထိ အဆင့်ဆင့်လျှောက်ထားသော်လည် ဝယ်ယူခွင့်မရသေးကြောင်းနှင့် ယခုရက်ပိုင်းတွင် ပါမစ် ရထားသော ကုမ္ပဏီမှတဆင့် တစ်အိတ်လျှင် ၁၆၀၀ဝိကျပ် နှုန်းဖြင့် ရောင်းချပေးလာကြောင်း ကို လည်းသိရှိရပါကြောင်း၊ တစ်ဆင့်ခံမဟုတ်ဘဲ မြို့နယ်အဖွဲ့အစည်းသို့ို တိုက်ရိုက် ကိုယ်စားလှယ်ပေး ရောင်းချ ပေးမည်ဆိုပါက အရည် အသွေးနှင့် အလေးချိန်လျော့နည်းမှု ထိန်းနိုင်မည်ဖြစ်ပြီး တောင်သူလယ်သမားများ အတွက်လည်း ပိုမိုအကျိုးရှိစေ ရန်အတွက် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း
(၁) ပုလဲဓာတ်မြေသြဇာများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီအချို့ကိုသာ ဝယ်ယူခွင့်ပါမစ် ထုတ်ပေးရောင်းချနေခြင်းမှာ ဟုတ်/မဟုတ်၊
(၂) နိုင်ငံတော်ပိုင်စက်ရုံများက ပုလဲဓာတ်မြေသြဇာများကို တစ်နှစ်လျှင် တန်ချိန်/အိတ်ရေ မည်မျှ ထုတ်လုပ်ရောင်း ချသည်ကိုလည်းကောင်း၊ တောင်သူလယ်သမားများ လိုအပ်ချိန်တွင် လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးရန် အစီ အစဉ်ရှိ/မရှိ၊
(၃) ထုတ်လုပ်သော ဓာတ်မြေသြဇာများ၏ အရည်အသွေးကို မထိခိုက်စေရန် ပိုမိုကောင်းမွန်သော ထုပ်ပိုးမှုစနစ်ဖြင့် ထုတ်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊
(၄) တောင်သူလယ်သမားများ ဈေးနှုန်းချိုသာစွာ အလွယ်တကူဝယ်ယူသုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးအသုံးပြုချိန်အ မီ ဖြန့်ဖြူးပေးမည့် အစီအစဉ်များရှိ/မရှိ၊
(၅) တောင်သူလယ်သမား တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းလိုက်သော်လည်းကောင်း တိုက်ရိုက် ဝယ် ယူခွင့်ရှိ/မရှိ၊
(၆) သနပ်ပင်မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ၏ ပုလဲဓာတ်မြေသြဇာ ဝယ်ယူခွင့်လျှောက် လွှာကို နွေစပါးစိုက်ပျိုးချိန်အမီ ဝယ်ယူခွင့်ပါမစ်ချပေးရန် အစီအစဉ်များရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
စွမ်းအင်ဝန်ကြီးဌာနသည် ယူရီးယားဓာတ်မြေသြဇာများအား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးသီးနှံများ အထွက်တိုးစေရန်အတွက် ဦးစားပေး၍ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဖြန့်ဖြူးရောင်းချရာတွင် တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောက်ရှိရန် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ နှင့် ၎င်းအဖွဲ့များမှ တာဝန်ယူသတ်မှတ်ပေးသည့် Authorized Dealers များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း လက်အောက်ရှိ ဆန်စပါးအထူးပြုကုမ္ပဏီများနှင့် စက်ရုံများ၏ ထုတ်လုပ်နိုင်မှုနှင့် လိုအပ်ချက်အပေါ် အခြေခံကာ အချိုးကျ ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် စက်ရုံများ၏ ထုတ်လုပ်နိုင်မှု အခြေအနေပေါ်မူတည်ပြီး အမှတ်(၁) ဓာတ်မြေသြဇာစက်ရုံ(စလေ) နှင့် အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်) ရှိ ယူရီးယားဓာတ်မြေသြဇာများကို ၁-၄-၂၀၁၃ ရက်နေ့မှ ၃၁-၅-၂၀၁၃ ရက်နေ့ထိ လွတ်လပ်စွာ ရောင်းချပေးမည်ဖြစ်ကြောင်းကို နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်းကြော်ငြာ ပြီး တောင်သူလယ်သမားများလက်ဝယ်သို့ တိုက်ရိုက်ရောင်းချ ပေးခဲ့ပါကြောင်း၊ အမှတ်(၅) ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်) တွင် စက်ရုံမှူး၏ အစီအစဉ်ဖြင့် ၂၄-၄-၂၀၁၃ ရက်နေ့မှ ၃၀-၆-၂၀၁၃ ရက်နေ့အထိ လူတစ်ဦးလျှင် အများဆုံး တန် ၅၀ ထက်မပိုသော ပမာဏနှင့် ၁-၇-၂၀၁၃ ရက်နေ့မှ ၃၁-၈-၂၀၁၃ ရက်နေ့အထိ လူတစ်ဦးလျှင် အများဆုံး ၂၅ တန်ထက် မပိုသော ပမာဏတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြ၍ စက်ရုံတွင် တိုက်ရိုက် ဝယ်ယူခွင့်ပြုခဲ့ရာ ယူရီးယားဓာတ်မြေသြဇာတန်ချိန် ၃၀၉၅၂.၉၅ တန်အား ဖြန့်ဖြူးရောင်းချ ပေးနိုင်ခဲ့ပါကြောင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီကြီးအချို့ကိုသာရွေး၍ ယူရီးယားဓာတ်မြေသြဇာ ဝယ်ယူခွင့်ပါမစ် ထုတ်ပေးရောင်းချနေသည်မှာ မဟုတ်ပါကြောင်း၊ ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ဓာတ်မြေသြဇာစက်ရုံ (၅)ရုံတွင် သဘာဝဓာတ်ငွေ့ ခွဲဝေသုံးစွဲမှု အစီအစဉ်အရ ၃-၆-၂၀၀၉ရက်နေ့တွင် အမှတ် (၂)ဓာတ်မြေသြဇာစက်ရုံ (ကျွန်းချောင်း)နှင့် ၇-၉-၂၀၁၀ ရက်နေ့ တွင် အမှတ်(၃)ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ)တို့ကို ရပ်ဆိုင်းထားခဲ့ရပြီး အမှတ်(၁)၊ အမှတ်(၄)၊ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ များကိုသာ လည်ပတ်ထုတ်လုပ်လျက်ရှိပါကြောင်း၊ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဖြန့်ဖြူးရန်တောင်းခံသည့် ပမာဏသည် တန်ချိန် ၈၆၁၇၃၇ ဖြစ် သော်လည်း စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူးပေးနိုင်သော ပမာဏသည် တန်ချိန် ၂၀၈၆၁၄.၄၅ ဖြစ်ခြင်းကြောင့် လိုအပ်ချက်အပေါ် ၂၄.၂၁ % သာဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းကြောင့် လိုအပ်ချက်များ ပြည့်မီစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဓာတ်မြေသြဇာတန်ချိန် ခြောက်သိန်းခန့်အား နယ်စပ်နှင့်ပုံမှန် လမ်းကြောင်းများမှ တင်သွင်းခွင့်ပြုခဲ့ပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ဒီဇင်ဘာလကုန်အထိတန်ချိန် ၁၀၉၆၉၂.၃၀ တန် ထုတ်လုပ်နိုင်ခဲ့ပြီး တန်ချိန် ၁၄၈၂၁၆.၅၀ တန် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း။
တတိယမေးခွန်းနှင့်စပ်လျဉ်း၍ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်မြေသြဇာစက်ရုံများမှ ထုတ်လုပ်သော ဓာတ်မြေသြဇာများ အရည်အသွေး ထိန်းသိမ်းနိုင်ရန်အတွက် ဓာတ်မြေသြဇာများကို Poly Ethykene (PE) ပလတ်စတစ်အိတ်အတွင်း ထည့်သွင်းပြီး အပြင်မှ Woven Poly Propylene (WPP) အိတ်များဖြင့် ထပ်မံထုတ်ပိုးကာ ၎င်းအိတ်များပေါ်မှ အမှတ်တံဆိပ်၊ အသားတင်အလေးချိန်နှင့် နိုက်ထရိုဂျင် ပါဝင်မှု ရာခိုင်နှုန်းများ ထည့်သွင်းဖော်ပြ ထားရှိပါကြောင်း၊ အမှတ်(၁) ရေနံချက်စက်ရုံ သန်လျင် မှ ထုတ်လုပ် သော Woven Poly Propylene (WPP) အိတ်များမှာ Woven 10 x10 နဲ့ ကော်စေ့နှင့် Calcium Carbonate အချိုး 8:1 ရှိ အရည်အသွေးကောင်းမွန်သော အိတ်များဖြစ်ပြီး အရောင်အသွေးမှာ အနည်းငယ် နောက်သော် လည်း ပိုမိုခိုင်ခန့်ကောင်းမွန်သည့်အပြင် လက်ရှိထုတ်လုပ်သော အိတ်ခွံများကိုလည်း ချည်သားညီညာမှု ရှိစေရန်နှင့် ချည်သားထပ်မှုမရှိစေရန် ဂရုတစိုက် ထုတ်လုပ်လျက်ရှိပါကြောင်း။
စတုတ္ထမေးခွန်းနှင့်စပ်လျဉ်း၍ တောင်သူလယ်သမားများ ဈေးနှုန်းချိုသာစွာနှင့် စိုက်ပျိုးရာသီအချိန်မီ အလွယ်တကူဝယ်ယူသုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးချိန်တွင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့အား တာဝန်ခံမည့် ၎င်းတို့ သတ်မှတ်ပေးထားတဲ့အဖွဲ့အစည်း Authorized Dealers များမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊ Authorized Dealers သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ တစ်ဦးစီ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လေးဦး၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ငါးဦး သတ်မှတ်ပေးထားပါကြောင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့များ ဖွဲ့စည်းသတ်မှတ်ပေးပြီး မကွေး၊ တနင်္သာရီ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ Authorized Dealers များ သတ်မှတ်အကြောင်းကြားထားခြင်း မရှိသေးပါကြောင်း။
ပဉ္စမမေးခွန်းနှင့်စပ်လျဉ်း၍ တောင်သူလယ်သမား တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း လိုက်သော်လည်းကောင်း ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ တစ်ဆင့် လျှောက်ထားဝယ်ယူ နိုင်ပါကြောင်း၊ ယူရီးယား ဓာတ်မြေသြဇာ ဖြန့်ဖြူး ရောင်းချမှု၊ ထုပ်ပိုးမှုနှင့် စပ်လျဉ်း၍ သိရှိလိုကြောင်းကို သနပ်ပင်ပြည်သူများမှ စွမ်းအင်သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာဆပ်ကော်မတီကို မေးမြန်းရာ ၇-၁-၂၀၁၄ ရက်နေ့ မြန်မာ့အလင်း သတင်းစာတွင် ရှင်းလင်းဖြေကြားထားပါကြောင်း။
ဆဌမမေးခွန်းနှင့်စပ်လျဉ်း၍ သနပ်ပင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီမှ စွမ်းအင်ဝန်ကြီးဌာနသို့ ယနေ့အထိ ဓာတ်မြေသြဇာဝယ်ယူခွင့် လျှောက်ထားလာခြင်း မရှိသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်းနှင့် ကော်မတီအနေဖြင့် ယူရီးယား ဓာတ်မြေသြဇာများကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှတဆင့် လျှောက်ထားဝယ်ယူနိုင်ပါကြောင်း ဖြေကြားပါသည်။
ဦးမြင့်ဦး( သနပ်ပင်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိတို့ သနပ်ပင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီမှ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနသို့ သွားရောက်လျှောက်ထားရာ ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ ထိုမှတဆင့် ပါမစ်ပေးပြီးသား ကုမ္ပဏီကြီးများထံသို့သာ ပြန်လည်စေလွှတ်သည့်အတွက် အဆိုပါကိစ္စကို ပြေလည်အောင် ဖြေရှင်းရန် ထပ်မံတောင်းဆိုပါသည်။
ဦးမြင့်ဇော် (ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန) မှ ထပ်မံဖြေကြားပါသည်။
မိမိတို့ရောင်းချရာတွင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့အား တာဝန်ခံမည့် ၎င်းတို့သတ်မှတ်ပေးထားသော အဖွဲ့အစည်း Authorized Dealers များမှတဆင့် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်ဟု ရှင်းလင်းတင်ပြထားပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအစဉ်အတိုင်း ဆောင်ရွက် ရောင်းချပေးသွားမည် ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။
