(စ)-တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စက်မှု လယ်ယာ ဦးစီးဌာနသို့ လယ်ထွန်စက်များအစီးရေ တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၆.၁.၂၀၁၄)

ဦးဘိုနီ (ရမည်းသင်း) ကျေးလက်နေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနား၌ မိမိတို့နိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများ ရှိနေသော်လည်း ယနေ့ဆင်းရဲ နွမ်းပါးမှုနှုန်းများနေသေးကြောင်း၊ ဆင်းရဲနွမ်းပါးမှု အများဆုံးသည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်နေပြည်သူများဖြစ်ကြပြီး လက်လုပ်လက်စားသမားများအနေဖြင့်လည်း ယင်းလုပ်ငန်းများအပေါ်တွင် မှီခိုအား ထားနေရပါကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် မှသာကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ လက်ရှိအခြေအနေတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်အောင်  အလေးထားဆောင်ရွက်နေသည် ဟု နိုင်ငံတော်သမ္မတက ညွှန်ကြား ထားခဲ့ပါကြောင်း၊ တောင်သူလုပ်ငန်းလုပ်ကိုင် စားသောက်နေကြသော တောင်သူ လယ်သမားများသည် ရာသီအမီထွန်ယက်စိုက်ပျိုးနိုင်ရန် အခက်အခဲကြုံတွေ့နေ ရကြရသောကြောင့် ၎င်းတို့၏လက်ရှိခိုင်း နွားအကြီးများ ကိုရောင်းပြီး ခိုင်းနွားအငယ်များ၊ နွားမများဖြင့် ထွန်ယက် စိုက်ပျိုးကြသည့်အပြင် နွားပေါင်ထိကန် စိုက်ပျိုးစရိတ်ကို ပိုမိုသုံးစွဲမှုပြီး အားသွန်ခွန်စိုက် လုပ်အားကြိုးစားအား ထုတ်ပါသော်လည်း ထိုကဲ့သို့ အင်အားနည်းနွားများဖြင့် ရာသီအမီမစိုက်ပျိုးနိုင်ကြောင်းကို တွေ့ရှိရပါကြောင်း၊ စပါးစိုက်ရန်အတွက် လက်တွန်းထွန်စက်များဖြင့် ထွန်ရက်စိုက်ပျိုးနိုင်သော်လည်း ပဲယာမြေများတွင် အဆင်မပြေနိုင်ပါကြောင်း၊  ပဲ၊ နှမ်း၊ ပြောင်း၊ ဝါ၊ ငရုတ်၊ ဂုံလျော်၊ ကြံနှင့် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သော ဝါ၊ ဂုန်လျော်၊ ကြံစသည်များကို ရာသီအမီစိုက်ပျိုးနိုင်ရန် ထွန်စက်ကြီးများနှင့် ထွန်ရက်နိုင်ပါမှ အချိန်မီ စိုက်ပျိုးနိုင်မည့်အနေအထားရှိနေပါကြောင်း၊ ယခုအချိန်သည် တောင်သူလယ်သမားများအနေဖြင့် ထွန်စက်ကြီးများ ငှားရမ်း အသုံးပြုလိုသူများပြားနေတဲ့ အချိန်အခါလည်းဖြစ်နေပြီ ဖြစ်သဖြင့် ရာသီအမီစိုက်ပျိုးနိုင်ရန် မြို့နယ်အသီးသီးရှိထွန်စက်စခန်းများတွင် လက်ရှိထွန်စက်စီးရေထက် ပိုမိုတိုးချဲ့ချ ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်ကဲ့သို့စီမံထားရှိသည်ကိုသိရှိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်စက်မှုလယ်ယာဦးစီးဌာနဟာ မြန်မာနိုင်ငံတစ်ဝန်းမြို့နယ်အဆင့် စက်မှုလယ်ယာ စခန်းပေါင်း ၁၁၇ ခုဖွင့်လှစ်ထားရှိပြီးလယ်ယာဝန်ဆောင်မှု လုပ်ငန်းများဆောင် ရွက်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဖြူးပေးခြင်းနှင့် တောင်သူလယ် သမားများ အားလေ့ကျင့်ပညာပေးခြင်းတို့ကို အဓိကထားဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ စက်မှု လယ်ယာစခန်းများတွင် ထွန်စက်ကြီးစီးရေ ၁၈၂၂ စီးရှိပြီးလုပ်ငန်းခွင် ဝင်နိုင်သောထွန်စက်စီးရေ ၁၃၈၀ စီးဖြင့် လယ်သမားများအတွက် ထွန်ယက်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ဆောင် မှုပေးနေသော လက်ရှိဌာနပိုင် ထွန်စက်ကြီးအများစုသည် သုံးစွဲမှုသက်တမ်းကြာမြင့်ပြီး စွမ်းဆောင် ရည် ကျဆင်းလာမှုကြောင့် စက်အသစ်များဖြင့် အစားထိုးခြင်းကိုပထ မဦးစားပေးနှင့် ထွန်စက်စီးရေ ထပ်မံတိုးချဲ့ ရင်းနှီးမြှုပ်နှံမှုကို ဒုတိယဦးစားပေးအဖြစ် လျာထားဆောင်ရွက်လျက်ရှိရာ ထွန်စက်ကြီးများ အစားထိုးဖြည့်တင်းရန် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ၃၀ စီး နှင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၈၀ စီးတို့အတွက်ခွင့်ပြုရန်ပုံငွေများ ရရှိဆောင်ရွက်နိုင်ခဲ့သည့်နည်းတူ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ၄၀၀ စီး နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၄၀၀ စီးအစားထိုးဖြည့်တင်းနိုင်ရန် အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွင် ထည့်သွင်းလျာထားပါသောကြောင့် ရန်ပုံငွေခွင်‌့ပြုချက်ရရှိပါက မြို့နယ်စက်မှုလယ်ယာစခန်းများတွင် လုပ်ငန်းဝင် ထွန်စက် များပိုမိုထားရှိ ဆောင်ရွက်ပေး သွားနိုင်မည် ဖြစ် ပါကြောင်း၊ တစ်ပြိုင်တည်းမှာပင် ပုဂ္ဂလိကပိုင်းနှင့် သမဝါယမပိုင်းတွင်လည်း တောင်သူလယ်သမားများ လိုအပ်ချက်အရဒေသအလိုက် စိုက်ပျိုးလျက်ရှိသော စပါး၊ ပြောင်း၊ ကြံ၊ ဆီထွက်သီးနှံ အမျိုးမျိုးအစရှိသည့် သီးနှံအမျိုးအစားအလိုက် အချိန်မီစိုက်ပျိုးလုပ်ကိုင်နိုင် ရန်မြေယာပြုပြင်ခြင်းးနှင့် ရိတ်သိမ်း ခြွေလှေ့ခြင်းလုပ်ငန်းများ ကို လယ်ယာသုံးစက်ကိရိယာများ ပူးပေါင်းကူညီဖြည့် ဆည်းဆောင်ရွက်နိုင်ရန် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများမှ ဆက်စပ်ပေါင်းစပ်ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များတွင် ထွန်ယက်ရေးလုပ်ငန်းအား ရာနှုန်းပြည့် စက်မှုလယ်ယာ ကူးပြောင်းဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများနှင့် သမဝါယမဝန်ကြီးဌာနတို့ပူးပေါင်း၍ တောင်သူများ ကြိုက်နှစ်သက်သည့် စက်ကိရိယာများကိုသင့်တော်သောအရစ်ကျစနစ်ဖြင့် ဝယ်ယူအသုံးပြုနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိပြီး ရိတ်သိမ်းခြွေလှေ့လုပ်ငန်းများတွင်လည်း အလေအလွင့်နည်းပါး၍ အရည်အသွေးကောင်းသီးနှံများ ရရှိကာ တောင်သူများဝင်ငွေတိုးစေရန်အတွက် ရိတ်သိမ်းခြွေလှေ့စက်များအားစုဖွဲ့၍ ရှေ့တန်းဝန်ဆောင်မှု စခန်းများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊စက်မှုဝန်ကြီးဌာနမှ ခေတ်မီရိတ်သိမ်းခြွေလှေ့စက်ကြီးများ ကို ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်၍ ကူညီဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စပါးရိတ်သိမ်းခြွေလှေ့စက်ကြီးများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် သော်လည်းကောင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှုအနေဖြင့်သော် လည်းကောင်း ကျယ်ပြန့်စွာဖြည့်တင်းအသုံးပြုနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင် ရွက် ပေးလျက်ရှိ ပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ယခုအခါ စပါးရိတ်သိမ်းခြွေလှေ့စက်များကို ပထမအသုတ်အနေဖြင့် ၄၀၀ စီးကို ကြိုတင်စုဆောင်းထားရှိပြီး၊ တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုအပ်ချက် အပေါ်ရောင်းချပေးရန် အသင့်ရှိကြောင်း၊ ထိုကဲ့သို့ ပုဂ္ဂလိကပိုင်းမှသော်လည်းကောင်း၊ သမဝါယမပိုင်းမှသော် လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများကိုမတည်ဆောင်ရွက်ပေးပြီး၊ တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းခွင် တွင် လယ်ယာသုံးစက်ကိရိယာများ ပိုမိုတိုးချဲ့အသုံးပြုဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အဆိုပါ လယ်ယာသုံးစက်ကိရိယာများအား လယ်ယာ လုပ်ငန်းခွင်တွင် ထိရောက်စွာကိုင်တွယ် မောင်းနှင်အသုံးပြုနိုင်ရေးအတွက် တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှုသင်တန်းများ၊ စပါးရိတ်သိမ်းခြွေလှေ့စက်  မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများ၊ လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှုသင်တန်းများကို စက်မှုလယ်ယာဦးစီးဌာန လက်အောက်ရှိ ဗဟိုသင်တန်းကျောင်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သင့်လျော်သောနေရာများတွင် အခမဲ့ ဖွင့်လှစ်သင်ကြားလေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။