(င)-ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဒသမတန်း ကျောင်းသားများအား ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့်ရရန်မည်သို့ ဆောင်ရွက်ရမည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့်မးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၆.၁.၂၀၁၄)

ဒေါက်တာဇော်မြင့်မောင် (ကျောက်ပန်းတောင်း)ဘုန်းတော်ကြီးသင်ပညာကျောင်းများမှာ ပုဂံခေတ်မှစ၍ ယနေ့တိုင် မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ထောင့်တစ်နေရာမှ ပါဝင် ဆောင်ရွက်လျက်ရှိရာ ကိုလိုနီခေတ်တွင် စာတတ်မြောက်မှုနှုန်းမှာ အင်္ဂလန်ထက် များနေသည်ကို အနောက်တိုင်းသားများအနေဖြင့် အံံ့အားသင့်စွာတွေ့ရှိခဲ့ရပါကြောင်း၊ ၁၉၉၂ ခုနှစ် နဝတ အစိုးရလက်ထက်တွင် ဘုန်းတော်ကြီးသင်ပညာကျောင်းများ ကို ပြန်လည် အားပေးခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဘုန်းတော်ကြီး သင်ပညာကျောင်းများကို အလယ်တန်းအဆင့် တိုးမြှင့်ပေးခဲ့ပါကြောင်း၊ သို့ရာတွင် ၁၉၉၆-၁၉၉၇ ခုနှစ်တွင် ပညာသင်အဆင့်တိုးမြှင့်ခြင်းကို ရပ်ဆိုင်းထားခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာအလယ်တန်းကျောင်းကို အထက်တန်းအဆင့်ဖြင့်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှာ စလေ ဘုန်းတော်ကြီးသင် ပညာကျောင်းကို အလယ်တန်းကျောင်းကို အထက်တန်းအဆင့်ဖြစ် သော် လည်းကောင်း ပညာရေးကော်မတီ ဥက္ကဋ္ဌမှ အဆင့်တိုးမြှင့်ပေးခဲ့သည်ကိုတွေ့ရှိရပါကြောင်း။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနစာရင်းဇယား များအရ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းကျောင်းပေါင်း၁၁၈၈ ကျောင်း၊ အလယ် တန်းအဆင့် ၄၀၅ ကျောင်းနှင့် အထက်တန်း အဆင့် နှစ် ကျောင်းရှိပြီး ကျောင်းသူကျောင်း သား ပေါင်းဟာ ၂၃၀၀၀၀ နီးပါးခန့် ရှိသည်ကို လေ့လာတွေ့ရှိရ ပါကြောင်း။

ဦးစီးဦးရွက်ဆောင်ရွက်နေကြသော ဆရာတော်ကြီးများမှာ ဘုန်းတော်ကြီးသင် ပညာကျောင်းများကို အဆင့်တိုး မြှင့်ပေးရန် အစဉ်တစိုက်ကြိုးပမ်းခဲ့ကြပြီး ကျောင်းသား အင်အားပြည့်စုံမှု၊ ဆရာလုံလောက်မှုနှင့် သင်ထောက်ကူ ပစ္စည်း ပြည့်စုံမှုပေါ်မူတည်ပြီး ဆရာတော်ကြီးများမှ ဘုန်းတော်ကြီးသင်ပညာကျောင်း ၄၁ ကျောင်းကို အဆင့်တိုးမြှင့်ပေးရန် တင်ပြခဲ့ကြပါကြောင်း။

၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာနတို့က သမ္မတကြီးထံ ဘုန်းတော်ကြီးသင် ပညာကျောင်းများအား အဆင့်တိုးမြှင့်ပေးနိုင်ရန် နှုတ်အားဖြင့်တင်ပြခဲ့ပြီး သာသနာရေးဝန်ကြီးဌာန ဝန်ကြီးမှလည်း ၆-၆-၂၀၁၃ ခုနှစ်တွင် စာအမှတ် ၁၀၀/၄-၂၁/၂၀၁၃ ဝကရ စာအမှတ်ဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဘုန်းတော်ကြီးသင်ပညာ ကျောင်း အလယ်တန်းကျောင်း ခြောက် ကျောင်းအား အထက်တန်းကျောင်း အဖြစ်သို့လည်းကောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်း မူလတန်းကျောင်း ၃၅ ကျောင်းကို အလယ်တန်း အဆင့် အဖြစ်သို့ လည်းကောင်း တိုးမြှင့်ပေးရန် အတည်ပြုစစ်ဆေး ထောက်ခံခဲ့ပါကြောင်း၊ ယင်းကဲ့သို့ အဆင့်တိုးမြှင့် ခံရသော ဘုန်းတော်ကြီးသင် ပညာကျောင်းများတွင် ကျောင်းသားများတိုးချဲ့လက်ခံပြီး ဆက်လက် ပညာသင်ကြားပေးခဲ့ ပါကြောင်း၊

ဇွန်လ ၁၄ ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် သမ္မတရုံးသို့လိပ်မူပြီး စာအမှတ် ၃၆ ပညာ (၂) င ၂၀၁၃(၅၄၈၆) စာအမှတ်ဖြင့် သမ္မတရုံးသို့လိပ်မူ၍ အစိုးရရုံးအဖွဲ့သို့တင်ပြအစီရင်ခံခဲ့ရာ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန၏ ကန့်ကွက်သတင်းများနဲ့အတူ သမ္မတရုံးမှ စာအမှတ် ၂၉ (၄၅) ၂၀၁၃/၁/သမ္မတရုံး စာ အမှတ်ဖြင့် ယခင်မူဝါဒများအတိုင်း ဆက်လက်ချမှတ် ဆောင်ရွက်ရန် အကြောင်းကြားလာခဲ့ရာ ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် သင်ကြားနေသော ဒသမတန်း ကျောင်းသူ ကျောင်းသား အားလုံးမှာ ၂၀၁၃-၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း လျှောက်လွှာတင်ခွင့်ဆုံးရှုံးခဲ့ရပါကြောင်း၊ ဆင်းရဲနွမ်းပါးသောကျောင်း သား ကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးရခြင်းမှာ သူတို့၏ အနာဂတ်ဘဝ ဝေဝါး သွားခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ဘုန်းတော်ကြီးသင် ပညာကျောင်းများတွင် သင်ကြားနေသော ကျောင်းသူကျောင်းသား များ၊ မိဘများနှင့် စေတနာရှေ့ထားပြီး အားကြိုး မာန်တက် ဆောင်ရွက်နေ ကြသော ဆရာတော်ကြီး များ၏ ကိုယ်စား ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ‌အောက်ပါ မေးခွန်း များကို မေးမြန်းလိုပါကြောင်း။

၂၀၁၃-၂၀၁၄ ခုနှစ် ဘုန်းတော်ကြီးသင် ပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ဒသမတန်း ကျောင်းသူကျောင်းသားများ မည်သည့်အတွက်ကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လျှောက်လွှာများ ပယ်ချခံခဲ့ရ ပါသနည်း။ ယခု ၂၀၁၃-၂၀၁၄ နဝမတန်းမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူကျောင်းသားများ အနေဖြင့် မကြာခင် ဒသမတန်းကိုရောက်ရှိတော့မည်ဖြစ်သည့်အတွက် ယခင်ကျောင်းသူကျောင်းသားများကဲ့သို့ မဖြစ်စေရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်နည်းကို သိရှိလိုပါကြောင်မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၁၉၉၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သော ယခင် မြန်မာနိုင်ငံ ပညာရေးကော်မတီ အစည်းအဝေးအမှတ် ၁/၉၆ မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် စပ်လျဉ်း၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အလယ်တန်း ပညာသင်ကြားခြင်းကို ခွင့်မပြုရန် ဆုံးဖြတ်ချက်ချထားခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်များကို မူလတန်းလွန်ကျောင်းအထိသာ  ဖွင့်လှစ်ခွင့်ပြုပါကြောင်း။ သာသနာရေးဝန်ကြီးဌာနမှ ညှိနှိုင်းမေတ္တာရပ်ခံ ချက်အရ ဘုန်းတော်ကြီးသင်တွဲဖက်အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း လေးကျောင်းတို့ကို အခြေခံပညာ အထက်တန်းကျောင်း အဆင့်သို့ လည်းကောင်း၊ အခြေခံပညာမူလတန်း လွန်ကျောင်း ၃၅ ကျောင်းတို့ကို အခြေခံပညာအလယ်တန်းကျောင်း အဆင့်သို့ လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ရေးကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ယခင်မူဝါဒအတိုင်း သာဆောင်ရွက်ရန် ညွှန်ကြားချက်အရ ပညာရေးဝန်ကြီးဌာနမှ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း ခွင့်မပြုခဲ့ခြင်းဖြစ် ပါကြောင်း။ သို့သော်လည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအနက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တွဲဖက် အခြေခံပညာ အထက်တန်းကျောင်း (ဖောင်တော်ဦး)နှင့် မဟာဝိဇယရံသီ(စလေ) ကျောင်း တို့ကိုသာ အလယ်တန်းအဆင့် သင်ကြားခွင့် ပြုထားပြီး ကျန်ကျောင်းများမှာ မူလတန်းနှင့် အလယ် တန်းအဆင့်သာ သင်ကြားနေရသော ကျောင်းများဖြစ် ပါကြောင်း။

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာများ တင်သွင်းခြင်းနှင့် လက်ခံခြင်းလမ်းညွှန်ချက်စာအုပ်၊ စာမျက်နှာ (၄) အပိုဒ် (၉) မှာပဲ ကျောင်းအလိုက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းရာတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ အနေဖြင့် ကျောင်းခေါ်ကြိမ်မှာ သက်ဆိုင်ရာကျောင်းများမှာ ဖြစ်ပါကြောင်း၊ ကျောင်းခေါ်ချိန် ၇၅ ပြည့် မီအောင် ကျောင်းတက်ရောက်ခြင်းမရှိပါက တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများတင်သွင်းခွင့် မပြုကြောင်း၊ ပထမအကြိမ် ဖြေဆိုမယ့် ကျောင်းသူကျောင်းသားများဟာ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်ပါက ပြင်ပဖြေအဖြစ်လည်း ဖြေဆိုခွင့်ပြုမည် မဟုတ်ပါကြောင်း ဖော်ပြသတ်မှတ် ထားရှိပြီး ဖြစ်ပါ သည်။ ကျောင်းခေါ်ချိန် ၇၅% ပြည့်မီအောင်တက်ရမည့်ကျောင်းများမှာ အထက်တန်းအဆင့်သင်ရန် တရားဝင် ဖွင့်လှစ်ခွင့် ပြုထားသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အစိုးရအခြေခံပညာ အထက်တန်းကျောင်းများ အဆင့် သင်ကျောင်းများတွင် ၇၅ ရာခိုင်နှုန်းပြည့်မီအောင် တက်ရမည်ဟု ညွှန်ကြားထား ပါကြောင်း။

ယခုမေးမြန်းသောမေးခွန်းနှင့်စပ်လျဉ်း၍ ကျောင်းသူကျောင်းသားများအနေဖြင့် နိုင်ငံတော်မှ တရားဝင် ဖွင့်လှစ်ထားသော အခြေခံပညာအထက်တန်း ကျောင်းများ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်သင်တန်း ကျောင်းများ၊ ဖောင်တော်ဦးနှင့် မဟာဝိဇယရံသီ (စလေ) ဘုန်းတော်ကြီးသင် တွဲဖက် အခြေခံပညာအထက် တန်းကျောင်းများတွင်သာ တက်ရောက်သင်ကြားသင့် ပါကြောင်း ရှင်းလင်းဖြေကြား ခဲ့ပါသည်။