ဂျာနယ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍မည်သည့်နိုင်ငံမှ မည်မျှနှင့် မည်ကဲ့သို့လုပ်ငန်းများ ဆောင်ရွက်နေသည်ကိုတိတိကျကျ မသိရှိသောကြောင့်ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု နှင့်ပတ်သက်၍ ဥပဒေများကိုလည်း မိမိတို့အနေဖြင့် ဆောင်ရွက်ပြီးဖြစ် ရာ သုံးနှစ်တာကာလအတွင်း နိုင်ငံတော်သမ္မတကြီး ဦးဆောင်သောအစိုးရအဖွဲ့သည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားရောက်လည်ပတ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည် ၏ ဆင်းရဲမွဲတေမှုလျှော့ချရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အ တွက် ဆွေးနွေးဆောင်ရွက်နေသည်ကိုတွေ့မြင်နေရပါကြောင်း၊သို့သော် ယနေ့ အချိန်ထိ ပြည်သူများ၏အလုပ်အကိုင်အခွင့်အလမ်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်မှုသည် အထိုက်အလျောက်ရရှိနေသော်လည်း အနာဂတ် ငါးနှစ်တာကာလအတွင်း ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံနှင့် နိုင်ငံသားများအတွက် မည်မျှအထိဆောင်ရွက်နေသည်နှင့် မည်သည့်မျှော်မှန်းချက်များထားရှိဆောင်ရွက်နေသည်ကို သိရှိလို၍မည် သည့်နိုင်ငံများက လာရောက်ပြီး ရင်းနှီးမြှုပ်နှံမည်ကိုလည်းကောင်း၊ မည်သည့်လုပ်ငန်းအမျိုးအစားများ လာရောက် ဆက်သွယ်ဆောင်ရွက်နေပြီး ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသန်းပေါင်း မည်မျှရရှိထားသည်နှင့်နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများမည်မျှအထိပေးနိုင်မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်၏ကြွယ်ဝသော သယံဇာတပစ္စည်းများကို ဖော်ထုတ်၍ ပြည်သူများ သုံးစွဲခံ စားနိုင်ရန်နှင့် ပိုလျှံလာသည်တို့ကို ပြည်ပသို့တင်ပို့ရောင်းချနိုင်စေရန်နှင့် လုပ်ငန်းများ တိုးတက်ကျယ်ပြန့်လာသည်နှင့်အမျှ ပြည်သူတို့အတွက် အလုပ်အကိုင်များပေါ်ပေါက် လာစေရန် ၁၉၈၈ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ၁၉၉၄ ခုနှစ် တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေများကိုပြဋ္ဌာန်းခဲ့ပါကြောင်း၊ တိုးတက်ပြောင်း လဲလာသော စီးပွားရေးအခြေအနေများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုစီးဝင်နိုင်ရန် ပွင့်လင်းမြင်သာသော စီးပွားရေး ပတ်ဝန်းကျင် ဖန်တီးနိုင်စေရန်ရည်ရွယ်၍ ၂-၁၁-၂၀၁၂ ရက်နေ့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ၃၁-၁-၂၀၁၂ ရက်နေ့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတင်ခွင့်ပြုသည့်အချိန်မှ၃၁-၁၂-၂၀၁၃ ရက်နေ့အထိ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၁ ခုတွင်ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းပေါင်း ၃၈၁ ခုရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၄၂၀၀.၀၀၂ (၃၄.၂ Billion US Dollar)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လုပ်ငန်း ၃၅ ခုတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၁၂၀.၅၃၈ (၁၄.၁၂ Billion US Dollar) ရင်းနှီးမြှုပ်နှံထားပြီးစုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၄၁.၂၈ ရာခိုင်နှုန်းဖြင့်ရင်းနှီးမြှုပ်နှံမှုအများဆုံးအဖြစ်လည်းကောင်း၊ ဟောင်ကောင်သည် လုပ်ငန်းပေါင်း ၄၈ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၆၃၇၉.၇၇၈ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၈.၆၅ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှပ်နှံမှု ဒုတိယအများဆုံးအဖြစ်လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံသည် လုပ်ငန်း ၇၁ ခုတွင်ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာသန်းပေါင်း ၂၉၇၃.၈၂၅ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၈.၆၉ ရာခိုင်နှုန်းဖြင့်တတိယရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၏ ၃၉.၈၄ ရာခိုင်နှုန်းရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် လုပ်ငန်း ၆၄ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၃၆၃၀.၁၀၂(၁၃.၆၃ BillionUS Dollar)ဖြင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၏ ၃၈.၇၄ ရာခိုင်နှုန်းရှိသော လျှပ်စစ်ကဏ္ဍသည် လုပ်ငန်း ၆ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၃၂၅၄.၄၃၂ ဖြင့်ဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီးစုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၆.၇၅ ရာခိုင်နှုန်းရှိသော သတ္တုကဏ္ဍသည် လုပ်ငန်း ၁၀ ခုတွင်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၃၀၈.၅၃၆ဖြင့် တတိယရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ပါကြောင်း၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ စတင်ပြဋ္ဌာန်းသည့်အချိန်မှ ယနေ့အထိ ပြည်တွင်းလုပ်သား ၃၀၅၂၁၄ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ပြီးအနာဂတ် ငါးနှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ လတ်တလောအခြေအနေတွင် လုပ်သားအင်အားအခြေပြုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင် လျက်ရှိပါကြောင်း၊ လုပ်သားအင်အား အခြေပြုလုပ်ငန်းများ (Labour Intensive) မှ တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်ခြင်း (Value Added)မှ အကြီးစား စက်မှုလုပ်ငန်းများ၊ နည်းပညာမြင့်မားသည့် လုပ်ငန်း (Heavy Hi-tech Industry) များအား တစ်ဆင့်ပြီးတစ်ဆင့် ဖိတ်ခေါ်သွားရန် မူဝါဒချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေ ကြားပါသည်။
