၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဖြေကြားသည့် စာအပေါ်တွင် မိမိ ပြန်လည်ရှင်းလင်းတင်ပြသည်နှင့် ဖြေဆိုရန်တာဝန်ရှိသော လယ်ယာ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနက ဖြေဆိုရန်အတွက် ကြယ်ပွင့်ပြမေးခွန်းဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍လည်း ဒေါ်ဥမ္မာသိန်းမှ သူမ၏ နစ်နာမှုအတွက်ကို ကော်မတီကို အကြိမ်ကြိမ်တင်ပြလာပါကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးကလည်းပဲ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်မှာရှိသော မ-၉/ ဦးပိုင်(၁၉)/ ဦးအောင်လှဝင်း အမည်ပေါက်ဂရန်မြေနှင့် ပတ်သက်ပြီး အမှုဖြစ်စဉ်တွင် တရားရုံးအချို့၊ အုပ်ချုပ်ရေးအာဏာပိုင်အချို့နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတို့က ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဘဲ ပါဝင်စွက်ဖက်ခဲ့ခြင်းကြောင့် နစ်နာမှုများကို လွှတ်တော်တွင် မေးမြန်းခဲ့သည့်အပြင် ထိုကဲ့သို့ မေးမြန်းသည်ကိုလည်း ပြည်ထောင်စုအစိုးရမှ တစ်ဆင့်တင်ပြရာ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ဖြေကြားခဲ့သော အဖြေလွှာမိတ္တူကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကတစ်ဆင့် နစ်နာသူထံသို့ လည်းကောင်း၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့လည်းကောင်း ပေးပို့တင်ပြလာပါကြောင်း၊ အဆိုပါ အဖြေလွှာနှင့် ပတ်သက်၍လည်း ဥပဒေနှင့် အညီ ပြန်လည်ရှင်းလင်းတင်ပြခြင်းဖြစ်ပါကြောင်း၊
ပုဂ္ဂလိကအချင်းချင်း ဖြစ်ပွားစေခဲ့သော တရားမမှုခင်းများနှင့် ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ခံဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့် သက်ဆိုင် ခြင်းမရှိဆိုသော ရှေ့နေချုပ်ရုံးမှ ဖြေကြားချက် သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ၎င်းတို့ကို ဖြေကြားရန်ပေးပို့ခဲ့သော ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့သာ ပြန်လည်တင်ပြသင့်သည့် ကိစ္စဖြစ်ပါကြောင်း၊ ပြည်သူတစ်ယောက်၏ နစ်နာဆုံးရှုံးနေခြင်းကို ပြည်သူကရွေးချယ် တာဝန်ပေးထားသော လွှတ်တော်သို့ မေးခွန်းများမေးမြန်းခဲ့ခြင်းသည်လည်း မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈၊ ပုဒ်မ၂၁ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၃၄၇ နှင့်အညီဆောင်ရွက်ခြင်းဖြစ်သောကြောင့် ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြန်ကြားလာချက်သည်လည်း လျော်ကန်သင့်မြတ်မှုမရှိဟု ထင်မြင်ယူဆကြောင်း၊ ယင်းအမှုကိစ္စအတွက်ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့သာ မေးမြန်းခြင်းဖြစ်ခဲ့ပါကြောင်း၊
ဝန်ကြီးဌာနက ၎င်းဌာန၏ လက်အောက်တွင်ရှိသော မန္တလေးမြို့ စာချုပ်စာတမ်းရုံးမှာရှိသော စာချုပ် စာတမ်းရုံး ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ ဆောင်ရွက်ခဲ့သော တရားမအထူးအယူခံအမှု အမှတ်စဉ်(၁)၊ အမှတ်စဉ်(၂)၊ အမှတ်စဉ်(၁၃)၊ အမှတ်စဉ်(၁၅/၂၀၀၂) ခုနှစ်၏ စီရင်ဆုံးဖြတ်ချက်ဖြစ်သော အချင်းဖြစ် မြေနှင့် ပတ်သက်ပြီး ၁၆-၉-၁၉၉၄ ခုနှစ်နောက်ပိုင်းတွင် ပိုင်ရှင်ဖြစ်သူ ဦးအောင်လှဝင်းထံမှ နောက်ထပ် ကိုယ်စားလှယ်လွှဲစာအသစ် လွှဲပြောင်းမပေးမချင်း၊ ကိုယ်စားလွှဲပြောင်းရောင်းချ ပေးကမ်း ခြင်းမပြုနိုင် ဆိုသည်ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီးကာ ဒေါ်ကြည်မြိုင်က အထွေထွေကိုယ်စားလှယ်လွှဲစာ တရားမဝင်ထပ်ပေးသော ဒေါ်သင်းသင်းနွယ်ကနေပြီး ဦးသိန်းထွန်းဦး သို့လည်းကောင်း၊ ဦးသိန်းထွန်းဦးမှ ဦးဝင်းကျော်ကျော်အောင်ပါ ၃ ဦးသို့ လည်းကောင်း လက်ဆင့်ကမ်းရောင်းချပေးခဲ့ခြင်းကို တရားမဝင်မှတ်ပုံတင်ပေးခဲ့သော စာချုပ်စာတမ်း များ ဦးစီးဌာန တာဝန်ရှိသူများ၏ လုပ်ရပ်သည် ဥပဒေနှင့် ညီညွတ်မှုရှိ/မရှိ မေးမြန်းခြင်းဖြစ်ပါကြောင်း၊ အဆိုပါကိစ္စသည် အဓိကဆောင်ရွက်ရသော စာချုပ်စာတမ်းရုံးများ၏ မိခင်ဌာနဖြစ်သော လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေဆိုပေးရန်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး ဖြေကြားရန်တာဝန်ရှိသော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဖြေကြားပေးပါရန် တင်ပြမေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက် အကွက်အမှတ် မ-၉၊ ဦးပိုင် ၁၉ ၊ ဧရိယာ ဝ.၃၄၄၃ ဧကရှိပြီး ၁၈-၁၀-၁၉၈၉ မှ ၁၇-၁၀-၂၀၁၉ ရက်နေ့ထိ နှစ် ၃၀ မြေငှားဂရန် ဦးအောင်လှဝင်းအမည်ပေါက် မြေကွက်ကိစ္စဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ အဆိုပါမြေကွက်ကို ဦးအောင်လှဝင်းမှ ဒေါ်ကြည်မြိုင်သို့ အထူးကိုယ်စားလှယ် လွှဲစာအမှတ်(၄၆၇/၁၉၄၄) ဖြင့် လွှဲအပ်ခဲ့၍ ဒေါ်ကြည်မြိုင်မှ ဒေါ်ခင်စန်းမြထွဋ် သို့အရောင်းအဝယ်မှတ်ပုံတင်စာချုပ်အမှတ်(၄၆၉၃/၁၉၉၅) ဖြင့် ရောင်းချခဲ့ကြောင်း၊ ယင်းမြေကွက် ကိုပင် ဒေါ်ကြည်မြိုင်မှ ၂၄-၄-၁၉၉၅ ရက်နေ့တွင် ဒေါ်အုံးသို့ အရပ်ကတိစာချုပ်ဖြင့် ထပ်မံရောင်းချ ခဲ့ကြောင်းနှင့် ဒေါ်ကြည်မြိုင်မှပင် ၁၁-၁၁-၁၉၉၅ ရက်နေ့တွင် ဒေါ်ခင်စိန်သို့ စာချုပ်မှတ်ပုံတင်အမှတ် (၄၅၉၉/၁၉၉၅) ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါကြောင်း၊ မြေကွက်ကို ရောင်းချသူနှင့် ဝယ်ယူ သူတို့မှ ၎င်းတို့ပိုင်ဆိုင်ခွင့်အတွက် တရားရုံးအဆင့်ဆင့်တွင် ဖြေရှင်းဆောင်ရွက်ခဲ့ကြပြီး တရားရုံးချုပ် (မန္တလေးထိုင်)၏ ၂၀၀၂ ခုနှစ်၊ တရားမ အထူးအယူခံအမှုအမှတ် (၁)၊ (၂)၊ (၁၃)နှင့် (၁၅) တို့အရ မန္တလေးတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ချမ်းမြသာစည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ ယင်းမြေကွက်ကို ဒေါ်ကြည်မြိုင်သို့ လက်ရောက်ပေးအပ်ခဲ့ကြောင်း၊ ၎င်းနောက် ဒေါ်ကြည်မြိုင်၏ အထွေထွေကိုယ်စားလှယ်လွှဲစာ ရရှိသူ ဒေါ်သင်းသင်းနွယ်မှ ဦးသိန်းထွန်းဦးသို့ ၆-၇-၂၀၀၇ ရက်နေ့တွင် ရောင်းချသောစာချုပ်ကို မန္တလေးမြို့တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးသို့ မှတ်ပုံတင်ပေးရန် တင်ပြလာသဖြင့် ယာယီစာချုပ်အမှတ်(၁၄၈၁/၂၀၀၇)ဖြင့် မှတ်ပုံ တင်ပေးခဲ့ကြောင်း တွေ့ရှိရပါတယ်။
ယာယီမှတ်ပုံတင်ပေးထားသည့်အချိန်တွင် ယင်းမြေကွက်နှင့်ပတ်သက်၍ တရားရုံး၌ နှစ်ဖက် အငြင်းပွားမှုများ ရှိနေသဖြင့် မန္တလေးမြို့တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှ အပြီးသတ် မှတ်ပုံတင် ပေးခြင်းမပြုဘဲ တရားရုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းခြင်း၊ မန္တလေးတိုင်းဥပဒေရုံးသို့ ယင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေအကြံဉာဏ် တောင်းခံရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၁-၁၁-၂၀၀၇ ရက် နေ့တွင် မြေကွက်ဝယ်ယူထားသူ ဦးသိန်းထွန်းဦးမှ တရားရုံးစီရင်ချက်များ ပြီးပြတ်၍ ယာယီစာချုပ် အမှတ်(၁၄၈၁/၂၀၀၇)ကို ဆက်လက် ဆောင်ရွက်ပေးရန် တရားရုံးစီရင်ချက်များ ကိုးကားတင်ပြ လျှောက်ထားလာသဖြင့် ၁၀-၅-၂၀၁၁ ရက်နေ့တွင် အပြီးသတ် မှတ်ပုံတင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးသိန်းထွန်းဦးမှ အဆိုပါမြေကွက်ကို ဦးဝင်းကျော်ကျော်အောင်ပါ ၃ ဦးသို့ ဆက်လက်ရောင်းချခဲ့ပြီး မန္တလေးမြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ ၆-၂-၂၀၁၃ ရက်နေ့တွင် စာချုပ်ကို မှတ်ပုံတင်ပေးပါရန် တင်ပြလျှောက်ထားလာခဲ့ရာ ဒေါ်အုန်းမှ ကန့်ကွက်တင်ပြလာသည့် အတွက် ဥပဒေနှင့်အညီ တရားရုံးမှ ယာယီတားဝရမ်းရယူ၍ တင်ပြရန် အကြောင်းကြားခဲ့ရာ သတ်မှတ်ကာလအတွင်း ယာယီတားဝရမ်းတင်ပြနိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ဦးအောင်လှဝင်း၏ အထူး ကိုယ်စားလှယ်လွှဲစာရရှိသူ ဒေါ်ယဉ်ယဉ်သိန်းမောင်မှလည်း ကန့်ကွက်လွှာ တင်သွင်းခဲ့သဖြင့် ယာယီတားဝရမ်း တင်ပြရန် အကြောင်းကြားခဲ့ရာ သတ်မှတ်ကာလအတွင်း တရားရုံး၏ယာယီတားဝရမ်း တင်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ဦးဝင်းကျော်ကျော်အောင်ပါ ၃ ဦးမှ ဆက်လက်ဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလျှောက်ထား သည့်အတွက် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေနှင့်အညီ အပြီးသတ်မှတ်ပုံတင်ပေးခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊
စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ၏ အမိန့်ဆင့်ဆိုချက်များ အခန်း(၄) အပိုဒ် ၃၅ ၌ စာချုပ် စာတမ်းမှတ်ပုံတင် အရာရှိသည် မှတ်ပုံတင်ရန်တင်သွင်းလာသော စာချုပ်စာတမ်းများတွင် ပါဝင်သည့် လွှဲပြောင်းပေးအပ်သော ပစ္စည်းများ၏ ပိုင်ဆိုင်ခွင့်ကို စစ်ဆေးမေးမြန်းရန် တာဝန်မရှိကြောင်းနှင့် စာချုပ်တွင်ပါဝင်သည့် ရေးသား ဖော်ပြချက်များကို စာချုပ်ချုပ်ဆိုသူများမှ ဝန်ခံမှုရှိ/မရှိကိုသာ ကြည့်ရှုရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်းထားရှိ ထားသည့်အပြင် မြန်မာနိုင်ငံတော် စာချုပ်စာတမ်း မှတ်ပုံတင်ဌာနချုပ်မင်းကြီးရုံး၏ ၂၉-၆-၁၉၆၂ ရက်စွဲပါစာ အမှတ်၊ ၇၈၀/၄၇-၅ ဖြင့်လည်း မှတ်ပုံတင်သွင်းရန် လာရောက်သည့် စာချုပ်စာတမ်းများကို ၁၉၀၈ ခုနှစ် မှတ်ပုံတင်ဥပဒေပြဋ္ဌာန်းချက်ကြောင့် မဟုတ်ဘဲ အခြားအကြောင်းပြချက်များဖြင့် မှတ်ပုံတင်ပေးရန် ငြင်းပယ်ခြင်း မပြုရန် ညွှန်ကြားထားရှိ ပါကြောင်း၊
သီးခြားသက်သာခွင့်ဥပဒေ၊ အခန်း(၅) ပုဒ်မ ၃၉ အရ စာဖြင့်ရေးသားသည့် စာချုပ်စာတမ်း များကို မဖျက်မသိမ်းဘဲထားလျှင် နစ်နာမှုရှိခြင်း၊ နစ်နာရန်အကြောင်းရှိနိုင်ခြင်းတို့ဖြစ်ပေါ်ပါက အကျိုးနစ်နာသူမှ စာချုပ်ပျက်ပြယ်စေရန် တရားစွဲဆိုရန် အခွင့်ရှိကြောင်းနှင့် သက်ဆိုင်ရာ တရားရုံး အဆင့်ဆင့်တို့က စာချုပ် စာတမ်းအတည်ဖြစ်စေခြင်း၊ ဖျက်သိမ်းစေခြင်းတို့ကို စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိသည်ကို ဖော်ပြထားပါကြောင်း၊ မှတ်ပုံတင်ပြီးသော စာချုပ်စာတမ်းများအား တရားရုံးမှ ဖျက်သိမ်းပါက မှတ်ပုံတင်အရာရှိသည် စာချုပ်ကို ဖျက်သိမ်းပေးရပါကြောင်း၊
ယခုဖြစ်စဉ်တွင် မှတ်ပုံ တင်ရန်တင်ပြလာသော စာချုပ်စာတမ်းကို စာချုပ်စာတမ်း ဥပဒေပြဋ္ဌာန်းချက်များ၊ တရားရုံးဆုံးဖြတ်ချက်များနှင့်အညီ မှတ်ပုံတင်ပေးခြင်းသာဖြစ်ပြီး ယင်းကဲ့သို့ မှတ်ပုံတင်ထားသော စာချုပ်နှင့်ပတ်သက်၍ မကျေနပ်ပါက အကျိုးနစ်နာသူသည် သက်ဆိုင်ရာ တရားရုံးတွင် ယင်းစာချုပ်စာတမ်းကို သီးခြား သက်သာခွင့်ဥပဒေတွင် ပြဋ္ဌာန်းချက်နှင့်အညီ ဖျက်သိမ်းပေးရန် လျှောက်ထားဆောင်ရွက်နိုင်ပါကြောင်း၊
သို့ဖြစ်ပါ၍ တင်ပြပါ မြေကွက်အရောင်းအဝယ်စာချုပ်များကို တရားရုံးအဆင့်ဆင့်၏ ဆုံးဖြတ်ချက်များအရ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှတ်ပုံတင် ဆောင်ရွက်ပေးခြင်း သာ ဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဖော်ပြ မေးမြန်းထားသည့် အကြောင်းအရာမှာ စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိမှ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့် ညွှန်ကြားချက်များအရ စာချုပ် မှတ်ပုံတင်ပေးရန် ငြင်းပယ်နိုင်သည့်အကြောင်း ကိစ္စမဟုတ်ဘဲ သက်ဆိုင်သူများမှ တရားရုံး အဆင့်ဆင့်သို့သာ တင်ပြ၍ ဆုံးဖြတ်ချက်ရယူပြီး တရားရုံး ၏ဆုံးဖြတ်ချက်အရသာ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
သူရဦးအောင်ကို(ကန်ပက်လက်) မှ ဆက်စပ်မေးခွန်းကို ဆက်လက်မေးမြန်းပါသည်။
ပြည်သူ့လွှတ်တော်၏ တရားစီရင်ရေး၊ ဥပဒေရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီတွင် ယနေ့အထိ တိုင်ကြားစာအမှု တွဲပေါင်း ၁၀၀၀၀ ကျော် လက်ခံရရှိထားပြီး အမှုတွဲများ၏ ၉၅ ရာခိုင်နှုန်းသည် မြေ၊ အဆောက်အဦ၊ ငွေကြေးနှင့် အမွေကိစ္စများနှင့် ပတ်သက်သော တရားမမှုများ ဖြစ်ပါကြောင်း၊ ယခုအမှုသည်လည်း ၁၉၉၄-၁၉၉၅ ကတည်းက စတင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လိုရင်းအချုပ် တင်ပြရမည်ဆိုပါက မြေပိုင်ရှင်က ဦးအောင်လှဝင်းက ဒေါ်အုန်းကို တရားဝင် ရောင်းချပါကြောင်း၊ ဒေါ်အုန်းအနေဖြင့် ရောင်းချမှု စာချုပ်ကို စာအုပ်ထဲ မှတ်ပုံတင်နောက်ကျသွားခဲ့သည်ကို အခွင့်ကောင်းယူကာ ဒေါ်ကြည်မြိုင်က ဦးအောင်လှဝင်း၏ General Power၊ Special Power မရှိဘဲ ကိုယ်စားလှယ်လွှဲစာ အတုသုံးကာ နောက်ထပ်လူသုံးဦးကို ဆက်လက်ပြီးရောင်းချပါကြောင်း၊ တရားရုံးအဆင့်ဆင့်တွင် တရား ရင်ဆိုင်ရာ၌ ပထမဆုံးဝယ်သော ဒေါ်အုန်းက အမှုရှုံးပါကြောင်း၊ ယခုဆိုလျှင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်အထိ ရောက်ရှိနေပါကြောင်း၊ ထိုကြောင့် ပြည်သူများ ယခုကဲ့သို့ နစ်နာနေသောကိစ္စများ အပေါ်တွင် ဌာနဆိုင်ရာများအနေဖြင့် ဖိဖိစီးစီးကြပ်မတ်အရေးယူပေးရန်နှင့် တရားမဝင်သော နောက်ထပ် စာချုပ်စာတမ်းမှတ်ပုံတင်ပေးမှုတွေကို ပယ်ဖျက်ပေးသင့်ပါကြောင်း တင်ပြမေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
ယင်းကိစ္စနှင့် ပတ်သက်ပြီး မိမိအနေဖြင့် သက်ဆိုင်ရာကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနကို မေးမြန်းပြီးမှ တွေ့ရှိချက်များ ပြုစုတင်ပြခြင်းဖြစ်ပါကြောင်း၊ ယင်းကိစ္စကို ခြုံငုံတင်ပြရသည်မှာ သက်ဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် ပတ်သက်သော မြေစာရင်းမှတ်ပုံတင်ဌာနအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း အတိုင်းလုပ်ခြင်းဖြစ်သည်ဟု သုံးသပ်ရရှိခြင်းကြောင့် ယင်းအပေါ်တွင် ဖြေကြားခြင်းဖြစ်ကြောင်းကို ရှင်းလင်းတင်ပြသွားပါသည်။
