ကချင်ပြည်နယ်အတွင်းရှိ ချီဖွေ-ဝိုင်းမော် ကားလမ်းကို ချီဖွေမြို့နယ်မှတစ်ဆင့် ဆော့လော်မြို့နယ်နှင့် နယ်စပ်မြို့နယ် တို့ကို ဆက်သွယ်သွားလာသော အဓိကလမ်းပိုင်းတစ်ခု ယခင်ဝိုင်းမော်မြို့မှ ချီဖွေမြို့နယ်သို့ နေ့ချင်းပြန်သွား လာနိုင်သောလမ်းလည်း ဖြစ်ပါသည်။ အစိုးရအဆက်ဆက်မှ ပြုပြင်မှုရှိသော်လည်း ပျက်စီးခြင်းနှင့် ပြုပြင်မှု မမျှတသောကြောင့် ပိုမိုပျက်စီးလာ၍ သွားလာရန်ခက်ခဲလျက်ရှိပါကြောင်း၊ ချီဖွေ-ဝိုင်းမော်ကားလမ်းကို ဝိုင်းမော်မြို့မှ ကျေးရွာအထိတံတားပြုပြင်ခြင်း၊ ကတ္တရာနှစ်မိုင်နှင့် ချိုင့်ခွက်များတွင် သဲကျောက်ဖြင့်ပြုပြင်ခြင်းဆောင် ရွက်ထားရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ရှငေါချောင်းမှ ချီဖွေလမ်းအပိုင်းကို ပြုပြင်ခြင်း မရှိဘဲတည်ရှိနေပါသည်။ ယခင် ချီဖွေမြို့မှ ၂၆ မိုင်ခန့်ကို ဒေသအဖွဲ့အစည်းမှ ခွဲကျောက်များဖြင့် ကျောက်စီခင်းခြင်းဖြင့် ကျောက်ချောလမ်း ခင်းထားသော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်း ပြုပြင်ခြင်းပြုလုပ်၍ ယခုအခါ ထိုလမ်းများသည် လုံးဝပျက်စီးသလောက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ ချီဖွေ-ဝိုင်းမော်ဆက်သွယ်သောကားလမ်းကို ရှငေါချောင်းမှချီဖွေမြို့အထိ လမ်းအပိုင်းကို ကျောက်ချောလမ်းအဖြစ် ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်နှင့် ချီဖွေမြို့နယ်တို့အား ဆက်သွယ်ထားသောလမ်းသည် မံဝိန်း-ချီဖွေလမ်းဖြစ်ပြီး ပြည်သူ့ဆောက်လုပ်ရေးပိုင် လမ်းဖြစ်ပါကြောင်း၊ ၎င်း လမ်းပိုင်းကို ရှငေါ်မှ ချီဖွေအထိ လမ်းပိုင်းအား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ ကျောက်ချောလမ်းခင်းရန် ရန်ပုံငွေပါရှိခြင်းမရှိပါကြောင်း၊ တံတားဆောက်လုပ်ခြင်း လုပ်ငန်းအနေနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၁၀၀ ဖြင့် ပေ ၅၀ အောက် ကွန်ကရစ်တံတား (၄)စင်း ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်ရန်ပုံငွေ ၄၈၆.၅ သန်းဖြင့် ပေ ၁၈၀ အထက် ဘေလီတံတား (၂)စင်းအား ပြုပြင်ခြင်း၊ ပေ ၆၀ ကွန်ကရစ်တံတား (၁)စင်း၊ ပေ ၅၀ အောက် ကွန်ကရစ်တံတား (၅)စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် သဲကျောက်အမာခံလမ်း (၂)မိုင်တို့အား ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် လမ်းပိုင်းပြုပြင်နိုင်ရေး ရန်ပုံငွေ တင်ပြတောင်းခံပြီး ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။
