(ခ)-ရမည်းသင်းဘူတာ ယာဉ်ဝင်းရှိ အသုံး မပြုသောမြေများတွင်ရထားလုပ်ငန်းနှင့်ဆက် စပ်လျက်ရှိသောအဆောက်အဦများစီးပွားရေး လုပ်ငန်းများ စီမံကိန်းချဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၇၄)ရက်မြောက်နေ့ (၁၃.၇.၂၀၁၅)

ဦးဘိုနီ (ရမည်းသင်း မဲဆန္ဒနယ်)ရမည်းသင်းဘူတာသည် ရမည်းသင်းမြို့၏ အနောက်ခြမ်းတွင် တည်ရှိပြီး ရန်ကုန်-မန္တလေး ရထားလမ်းကို တောင်၊ မြောက် ဖြတ်သန်းဖောက်လုပ် ထားပါကြောင်း၊ မီးရထား-ရဲစခန်း၊ မီးရထား-ဆေးရုံ၊ သံလမ်းအုပ်ကြီးရုံး နှင့် ဝန်ထမ်းနေအိမ်များ စနစ်တကျစီမံ ထားရှိပါကြောင်း၊ ဘူတာယာဒ်ဝန်း နယ်မြေများ ဖြစ်သော အ.ထ.က (၁) အခြေခံပညာ အထက်တန်းကျောင်း တောင်ဘက်၊ မြို့နယ် လျှပ်စစ်ရုံး တောင်ဘက်၊ မီးရထား-ရဲစခန်း တောင်ဘက်တို့တွင် မြေလွတ်ဧကများ၊ ဘူတာရပ်ဝန်း၏ အရှေ့ထိပ်တွင် ရပ်ကွက်နှင့် ဆက်စပ် မီးရထား ကန်များရှိပါကြောင်း၊ ယခုအချိန်တွင် မီးရထားကန်များ တိမ်ကောနေခြင်း၊ မီးရထား-ရဲစခန်းရှေ့ ဈေးဆိုင်ခွဲ များကြောင့် ပြည်သူလူထု မီးရထား-ရဲစခန်းကို သတိမမူနိုင်ခြင်းနှင့် မြေလွတ်နေရာများတွင် ကန္တာရ ခြုံနွယ်များ များစွာပေါက်ခြင်းတို့ကြောင့် ဘူတာယာဒ်ဝန်းသည် မြို့အင်္ဂါရပ်နှင့်မညီ ဖြစ်နေပါကြောင်း၊ ဘူတာယာဒ်ဝန်းကို သန့်ရှင်း သပ်ရပ်အောင် ပြုလုပ်ပြီး အသုံးပြုသော အဆောက်အဦများ၊ သီးပင်စားပင်များဖြင့် ပြုပြင် တည်ဆောက် နိုင်ပါက များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ရမည်းသင်း ဘူတာယာဒ်ဝန်းရှိ အသုံးမပြုသော မြေများတွင် ရထားလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော အဆောက်အဦများ၊ ဌာနအတွက် ဝင်ငွေရရှိနိုင်သော အဆောက်အဦများ၊ လူနေ အဆောက်အဦများ အစရှိသော စီးပွားရေး လုပ်ငန်းများ စီမံကိန်းချ ဆောင်ရွက်နိုင်ပါက နိုင်ငံတော် အတွက်လည်း အကျိုးရှိပြီး မိမိတို့ ဘူတာဝန်းကျင် သာယာလှပမည် ဖြစ်ပါ၍ စီမံကိန်းချ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင်ရမည်းသင်း ဘူတာသည် ရထားလမ်းနှင့် ကားလမ်းကြားတွင် တည်ရှိပြီး အထက်တန်းကျောင်းနှင့် နီးသဖြင့် ဘူတာယာဒ်ဝန်း အတွင်း ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်ခြင်း၊ သန့်ရှင်းသပ်ရပ်မှု မရှိခြင်းတို့ကြောင့် မြို့ကို အမြင်မတင်‌့တယ် စေသည်‌့အပြင် မကောင်းသူများ လာရောက်ခိုအောင်း လုပ်ကိုင်နိုင်သည့် အတွက် ဘူတာသန့်ရှင်း သပ်ရပ်လှပအောင် ပြုလုပ်ပေးရန် တင်ပြမှုအတွက် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ခြုံနွယ်များ ရှင်းလင်းခြင်း၊ သွပ်ဆူးကြိုး၊ ခြံစည်းရိုး ကာရံခြင်းတို့ကို ၂၀၁၄ ခုနှစ် အတွင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်း အဆင်‌့မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းကို ဂျပန်နိုင်ငံ ODA Loan နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အပိုင်း (၃) ပိုင်းအဖြစ် ရန်ကုန်-တောင်ငူ၊ တောင်ငူ-ရမည်းသင်း၊ ရမည်းသင်း-မန္တလေး အဖြစ် ခွဲခြားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရမည်းသင်း ဘူတာသည် တောင်ငူ-ရမည်းသင်းနှင့် ရမည်းသင်း-မန္တလေး လမ်းပိုင်း၏ အလယ်ပိုင်းတွင် တည်ရှိပြီး ၎င်းမြေနေရာမှာ စီမံကိန်း လုပ်ငန်းသုံး ပစ္စည်းများ ထားရှိရေး၊ စီမံကိန်းရုံးများ တည်ဆောက်ရေး၊ ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပြီး စီမံကိန်း ဝန်ထမ်းများ နေထိုင်ရန် အဆောက်အဦများ ဆောက်လုပ်ရန် စီမံလျာထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။