မေးခွန်း အကြောင်းအရာ
ကျောက်ပန်းတောင်းမြို့နယ်သည် လူဦးရေ သုံးသိန်း၊ အိမ်ထောင်စု ခြောက်သောင်းကျော်၊ အုပ်စုအားဖြင့် ကျေးရွာအုပ်စု ၁၀၉ အုပ်စုနှင့် ရပ်ကွက်ပေါင်း ၁၂ ခု၊ ကျေးရွာပေါင်း ၃၃၉ ရွာရှိပါကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်၏ ကျေးရွာအရေအတွက်သည် မန္တလေးတိုင်း ဒေသကြီးတွင် အများဆုံးဖြစ်ပြီး မြန်မာပြည်တစ်ပြည်လုံးအနေဖြင့် ဒုတိယအများဆုံးဟု သိရှိရပါကြောင်း၊ ကျေးရွာအရေအတွက်သည် အခြားမြို့နယ်များတွင်ရှိသော ကျေးရွာအရေအတွက် များထက် နှစ်ဆ၊ သုံးဆရှိသော်လည်း မီးလင်းသည့်ကျေးရွာအရေအတွက်က ၅၉ ရွာသာရှိသည့် အတွက် မြို့နယ်၏ မီးလင်းမှုသည် ၁၇.၄ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ မီးလင်းသည့် အရေအတွက်သည့် ၃၇.၅ ရာခိုင်နှုန်းရှိသည့်အတွက် မိမိတို့မြို့နယ်၏ မီးလင်းမှုအနေအထားသည် အင်မတန်ကို နောက်ကျနေပါကြောင်း၊
ကျောက်ပန်းတောင်းမြို့နယ်၏ မြောက်ဘက်ခြမ်း ပုပ္ပါးမြို့နယ်ဘက်တွင် 5 MVA ခွဲရုံတစ်ရုံကို မီးလိုင်းနှင့် ၁၀ မိုင်ဝေးသော ကူရွာဆောက်လုပ်ပေးပါက ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စု ပေါင်း ၃၇၀၀ ကျော်နှင့် လူ နှစ်သောင်းကျော် မီးအသုံးပြုရန်နှင့် တောင်ဘက်ခြမ်းတွင် မီးလိုင်းနှင့် ၁၁ မိုင်ဝေးသော သရက်တောကျေးရွာတစ်ဝိုက်တွင် 5 MVA ခွဲရုံတစ်ရုံ ဆောက်လုပ်ပေးပါကလည်း ကျေးရွာပေါင်း ၆၃ ရွာ၊ အိမ်ထောင်စု ၆၀၀၀ ကျော်၊ ပြည်သူသုံးသောင်းကျော်သည် မီးအသုံးပြုနိုင်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ဓာတ်အားခွဲရုံနှစ်ရုံကို ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ နှင့် ဆောက်လုပ်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် ဆောက်လုပ်ပေးနိုင်ပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ မြောက်ပိုင်းနယ်မြေရှိ ကျေးရွာ အုပ်စု ၁၀ အုပ်စုရှိ ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စုပေါင်း ၃၇၁၂ နှင့် တောင်ပိုင်းနယ်မြေရှိ ကျေးရွာအုပ်စု ၁၃ အုပ်စုရှိ ကျေးရွာပေါင်း ၆၃ ရွာ အိမ်ထောင်စုပေါင်း ၆၅၁၃ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပထမပိုင်းအနေဖြင့် ကျောက်ပန်းတောင်းမြို့နယ်၊ မြောက်ပိုင်းခြမ်းနယ်မြေရှိ လက်ရှိ 11 KV ဓာတ်အားလိုင်းနှင့် ဝေးကွာသောကျေးရွာများကို ဓာတ်အားရရှိနိုင်ရန်အတွက် 66 KV ဓာတ်အားလိုင်း ၁၇ မိုင် တည်ဆောက်ခြင်းနှင့် ကူရွာတွင် 66/11 KV 5 MVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ဆောင်ရွက် ပေးရမှာဖြစ်ပြီး ခန့်မှန်းကုန်ကျမည့်ငွေ ကျပ်သန်း ပေါင်း ၁၈၉၂.၂၇၅ ခန့်ဖြစ်ပါကြောင်း၊
ကျောက်ပန်းတောင်းမြို့နယ်၊ တောင်ပိုင်းခြမ်းနယ်မြေရှိ 11 KV ဓာတ်အားလိုင်းနှင့် ဝေးကွာသောကျေးရွာများသို့ ဓာတ်အားရရှိနိုင်ရန် 66 KV ချောက်-ကျောက်ပန်းတောင်းလိုင်းမှ တစ်ဆင့် 66 KV ဓာတ်အားလိုင်း တည်ဆောက်ရမည်ဖြစ်ပြီး သရက်တောရွာတွင် 66/11 KV 5 MVA ဓာတ်အားခွဲရုံ တစ်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သန်းပေါင်း ၁၃၃၃.၈၂၂ ခန့် ဖြစ်ပါကြောင်း၊
မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတို့တွင် လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးနိုင်ရေးအတွက် ပထမလုပ်ငန်းအဆင့်အဖြစ် လိုအပ်သော 66 KV ဓာတ်အားလိုင်း စုစုပေါင်း ၂၇ မိုင်နှင့် 5 MVA ဓာတ်အားခွဲရုံနှစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများအတွက် စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် ကျပ်သန်း ပေါင်း ၃၂၂၆.၀၉၇ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စုရန်ပုံငွေတွင် လျာထား ဆောင်ရွက်နိုင်ရေးအတွက် တင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေပြည့်စုံလုံလောက်စွာ ရရှိ သည့် နှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊
ဒုတိယပိုင်းအနေဖြင့် ဓာတ်အားခွဲရုံများတည်ဆောက်ပြီးပါက ကျေးရွာများကို ဓာတ်အားရရှိနိုင်ရန် 11 KV ဓာတ်အားလိုင်းများနှင့် 11/0.4 KV ထရန်စဖော်မာများ ထပ်မံတည်ဆောက်ပြီးမှသာ ကျေးရွာများက ဓာတ်အားရရှိမည်ဖြစ်ပါကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြောက်ပိုင်းခြမ်းရှိ ကျေးရွာများ ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် 11 KV ဓာတ်အားလိုင်း မိုင် ၃၀ ခန့်၊ 11/0.4 KV ထရန်စဖော်မာပေါင်း ၃၇ လုံးခန့်နှင့် တောင်ပိုင်းခြမ်းရှိကျေးရွာများ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် 11 KV ဓာတ်အားလိုင်းပေါင်း မိုင် ၄၀ ခန့်နှင့် 11/0.4 KV ထရန်စဖော်မာ အလုံးရေပေါင်း ၆၅ လုံးခန့်အား ထပ်မံတည်ဆောက်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်နေသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်(NEP)တွင် ထည့်သွင်း လျာထားပေးခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေများ ထည့်သွင်းလျာထားပေးနိုင်ရေးအတွက် ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
