(ခ)-၂၀၁၇-၁၈ ဘဏ္ဍာနှစ် ခွင့်ပြုပြီး ငွေလုံးငွေရင်း အသုံးစရိတ်များကို အကုန်အစင် သုံးစွဲနိုင်ရေး အ တွက် ဘဏ္ဍာနှစ်အတွင်း အချိန်မီ ဆောက်လုပ် ခြင်း၊ ဝယ်ယူခြင်းများကို လအလိုက် ဆောင်ရွက်ရ မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်မှုကို သိလို ကြောင်း နှင့်စပ်လျဉ်းသည့် မေးခ

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u bo gyiနိုင်ငံတော်၏ စီးပွားရေးကျဆင်းမှုဒဏ် ကင်းလွတ်ပြီး စီးပွားရေးတိုးတက်စေရန် ကြိုးစားဆောင်ရွက် နေသည့် အချိန်တွင် ရရှိမည့် ဝင်ငွေများကို မှန်ကန်စွာ၊ ထိရောက်စွာ အသုံးစရိတ်များဖြစ်ရေး ဝိုင်းဝန်းစဉ်းစား ဆုံးဖြတ်နေရသဖြင့် ခွင့်ပြုမိန့် ငွေလုံးငွေရင်း အသုံးစရိတ်များ ရရှိရန် လွန်စွာ ခက်ခဲပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ရသုံးမှန်းခြေငွေစာရင်းတွင် သာမန်ရငွေများ စုစုပေါင်း ရငွေထဲမှ ငွေလုံးငွေရင်း အသုံးစရိတ်နှင့် သာမန်အသုံးစရိတ်ကို ခွဲဝေပြဘတ်ဂျက်ဖြင့် ရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများမှ ဘတ်ဂျက်စာရင်းများကို ပြုစုရေးဆွဲပြီး ဝန်ကြီးဌာနအားလုံးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်ပြီး အစိုးရအဖွဲ့သို့ တင်ပြခြင်း၊ အစိုးရအဖွဲ့မှ စီးပွားရေးကော်မရှင်သို့ တင်ပြခြင်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်မှ စိစစ်ပြီး ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုခြင်းစသည်ဖြင်‌့ အဆင့်ဆင့် ဆောင်ရွက်ပြီးမှ နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ပါကြောင်း၊

ဘတ်ဂျက်လုပ်ငန်းစဉ်တွင် ယင်းအဆင့်များ ပြီးရုံမျှဖြင့် ပြီးမြောက်ပြီဟူ၍ မယူဆပါကြောင်း၊ ရငွေအပိုင်းမှာ အတည်ပြုထားသည့် ကိန်းဂဏန်းများ ကျော်လွန်ရရှိရန် ဆောင်ရွက်နေရသကဲ့သို့ အသုံးစရိတ်များကိုလည်း ထိရောက်စွာသုံးစွဲခြင်း၊ ဘတ်ဂျက် သုံးစွဲငွေအပေါ် စာရင်းစစ် စစ်ဆေးခံသဖြင့် စရိတ်များ ဖြစ်စေခြင်းစသည်တို့ကို ပွင်‌့လင်းမြင်သာစွာ ရှိခြင်းတို့ဖြင့် ဆောင်ရွက်ပြီးမှသာ ဘတ်ဂျက်လုပ်ငန်းစဉ်တွင် ပြီးမြောက်သည်ဟု သုံးသပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သတ်မှတ်ထားသော ဘဏ္ဍာရေးနှစ်သည် ဧပြီလ ၁ ရက်နေ့မှ နောက်နှစ် မတ်လ ၃၁ ရက်နေ့ထိဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခွင်‌့ပြုငွေလုံးငွေရင်း အသုံးစရိတ်များအတွက် ဝန်ကြီးဌာန အသီးသီးက လက်အောက်ခံ လုပ်ငန်း၊ ဌာနများသို့ ခွင့်ပြုချက် အကြောင်းကြားခြင်း၊ တင်ဒါခေါ်ယူခြင်း၊ တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ် အတည်ပြုခြင်း၊ လုပ်ငန်းများ မြေပြင်တွင် စတင် ဆောက်လုပ်ခြင်း၊ နိုင်ငံခြားမှ စက်ပစ္စည်းမှာခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်အပေါ် အချိန်နှင့်တပြေးညီ စီမံချက်ချမှုများ ရှိ/မရှိ၊ ရှိပါက ထိုအစီအစဉ်များကို ပြည်သူများ သိခွင့်ရနိုင်ရှိ/မရှိကို ဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောပြစေလိုပါကြောင်း၊

ဘတ်ဂျက်ကို ကုန်အောင်သုံးသင့်သလဲဆိုသည်မှာ မိမိတို့ အတွေ့အကြုံအရ ၂၀၁၆ ခုနှစ် ဇူလိုင်လက မကွေးတိုင်းဝန်ကြီးချုပ် ချောက်မြို့ကိုလာချိန်တွင် ချောက်ဆေးရုံနှင့် တိုက်နယ်ဆေးရုံကြီးကို ဘတ်ဂျက်အမီ လုပ်ပေးရန် ပြောကြားရာတွင် ဝန်ကြီးချုပ်က ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားသွားပါကြောင်း၊ ပြီးခဲ့တဲ့နှစ်ကလည်း ငွေလုံးငွေရင်း သန်းပေါင်းများစွာ အများကြီး အပ်သည်ဟု ပြောကြားသွားပါကြောင်း၊ မိမိတို့ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အကြီးအကဲများ တွေ့ဆုံမေးမြန်းရာတွင်လည်း ၂၀၁၅-၂၀၁၆ ခုနှစ်က အောက်တိုဘာလစာရင်း ငွေလုံးငွေရင်းအပ်ငွေတွင် သန်းပေါင်းမြောက်မြားစွာ ရှိသည်ဟု သိရှိရပါကြောင်း၊

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုပြီး ငွေလုံးငွေရင်းအသုံးစရိတ်များကို ထိရောက်စွာ အကုန်အစင်သုံးစွဲနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများအချိန်မီဆောက်လုပ်ခြင်း၊ ပစ္စည်းများ ဝယ်ယူခြင်းများကို  ပြီးမြောက်စေရန် လအလိုက်ဆောင်ရွက်ရမည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်မှုများကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u mg mgလွှတ်တော်ကိုယ်စားလှယ်ကြီး သုံးသပ်တင်ပြထားသည့်အတိုင်း ဘတ်ဂျက်လုပ်ငန်းစဉ်သည် ခန့်မှန်းရငွေများဟု အတည်ပြုထားသည့် ကိန်းဂဏန်းများဟု ရရှိရန်နှင့် ကျော်လွန်စေရန်၊  ဆောင်ရွက်ရသကဲ့သို့ အသုံးစရိတ်များကိုလည်း ထိရောက်စွာသုံးစွဲစေခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများ နှင့်အညီ လေလွင့်မှု မရှိစေရန် ဆောင်ရွက်ခြင်း၊ ဘတ်ဂျက်သုံးစွဲငွေများအပေါ် စာရင်းစစ်များ စစ်ဆေးခံနိုင်သည့် စရိတ်များ ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် သတ်မှတ်ပေးထားသော စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ခြင်း၊ ခိုင်ခံ့သော အဆောက်အဦ၊ လမ်းတံတား လုပ်ငန်းများဖြစ်စေခြင်း၊ ပြည်ပမှ ဝယ်ယူရမည့် ပစ္စည်းများ ဝယ်ယူရာမှာလည်း သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံသို့ စက်ပစ္စည်းများ အချိန်မီရောက်ရှိစေခြင်း၊ အချိန်မီ သုံးစွဲခြင်းစသည်တို့ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းတို့ဖြင့် ယင်းလုပ်ငန်းစဉ်တွင် ပြီးမြောက်မည်ဖြစ်သည်မှာ အလွန်မှန်ကန်သည့် အချက် ဖြစ်ပါကြောင်း၊

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအနေဖြင့် ဘဏ္ဍာရေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် နိုင်ငံတော်၏ အရင်းအမြစ်ခွဲဝေမှုများ (Resources allocations) ကို သမရိုးကျ နှစ်စဉ် တိုးမြှင့်လျာထားသည့် ပုံစံအစား ကမ္ဘာ့နိုင်ငံအများစု၌ ကျင့်သုံးနေကြပြီးဖြစ်သော မူဝါဒကို အခြေခံသည့် ဘတ်ဂျက်ရေးဆွဲခြင်း (Policy Based Budgeting) ဖြစ်စေရန်အတွက် ကမ္ဘာ့ဘဏ်ထံမှ နည်းပညာအကူအညီများ ရယူပြီး နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium Term Fiscal Framewok-MTFF) ရေးဆွဲတည်ဆောက်၍ ၂၀၁၅-၂၀၁၆ ခုနှစ်ကစပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊  

နှစ်လတ်ဘဏ္ဍာရေး မူဘောင်ရေးဆွဲပြီး အများဆုံးထားရှိနိုင်သော လိုငွေတွက်ချက်ပါကြောင်း၊ လိုငွေနှင့် GDP အချိုးကိုလည်း ၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရန် ထိန်းသိမ်းပြီး ဌာန အဖွဲ့အစည်းများက အမြင်‌့ဆုံးသုံးစွဲနိုင်မည့် အသုံးစရိတ်ဘောင်များကို ချမှတ်ပေးပါကြောင်း၊ သို့ရာတွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အသုံးစရိတ်ဘောင်အတွင်း အမျိုးသားစီမံကိန်းဥပဒေပါ လုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ၎င်းတို့လျာထားသော စီမံကိန်းများကို အချိန်မီပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်း၊ ပစ္စည်းဝယ်ယူမှုများတွင်လည်း ပစ္စည်းများ အချိန်မီမရောက်ရှိခြင်းများကြောင့် အချိန်မီ ငွေပေးချေနိုင်မှု မရှိခြင်း၊ ရရှိမည်ဟု လျာထားသော ပြင်ပအကူအညီရငွေ၊ ချေးငွေအချို့သည်လည်း အချိန်မီ မရရှိခြင်း စသည်တို့ကြောင့် အသုံးစရိတ်များကို မူလလျာထားသည့်အတိုင်း မသုံးစွဲနိုင်ခြင်း ကြောင့် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မှုမရှိဘဲ ပိုလျှံငွေအပ်နှံမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း အသုံးစရိတ်များအတွက် ခွင့်ပြုထားသော လုပ်ငန်းများကို အချိန်မီ တင်ဒါခေါ်ယူ ဆောင်ရွက်ကြရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အဖွဲ့အစည်းများအားလုံးကို ၂၀၁၆ ခုနှစ် ဇွန်လတွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါကြောင်း၊ ထို့အပြင် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးမယ့်လုပ်ငန်းများကို စံချိန်စံညွှန်း ပြည်‌့မီစွာ ပြီးစီးနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန် ဌာနအဖွဲ့အစည်းများရဲ့လုပ်ငန်း အကောင်အထည်ဖော်မှု အခြေအနေများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေးခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနကို အသစ်ပြန်လည်ဖွဲ့စည်းပြီး စိစစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ခွင်‌့ပြုပြီး ငွေလုံးငွေရင်း အသုံးစရိတ်များကို အကုန်အစင် သုံးစွဲနိုင်ရေးအတွက် ဘဏ္ဍာနှစ်အတွင်း အချိန်မီဆောက်လုပ်ခြင်း၊ ဝယ်ယူခြင်းများကို လအလိုက် ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်မှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနကလည်း လစဉ်စိစစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ငွေလုံးငွေရင်း အသုံးစရိတ်နှင့် ဆောင်ရွက်ရန် လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် ပထမသုံးလပတ်ဖြစ်သော ဧပြီလ၊ မေလ၊ ဇွန်လများ အတွင်း တင်ဒါခေါ်ယူမှုလုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်ခြင်း၊ ဒုတိယသုံးလပတ် ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလများတွင် တည်ဆောက်ရေးလုပ်ငန်းများကိုစတင်ခြင်း၊ ပစ္စည်းများလက်ခံခြင်း၊ တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်တို့တွင် လုပ်ငန်းများ အပြီးသတ်ပြီး ငွေပေးချေမှုများ ပြီးစီးအောင်ဆောင်ရွက်ခြင်း၊ လုပ်ငန်းပမာဏ ကြီးမားသော တည်ဆောက်ရေး၊ ဝယ်ယူရေးကိစ္စရပ်များကို အချိန်မီ ပြီးစီးနိုင်အောင် ဆောင်ရွက်ခြင်းနှင့် ငွေပေးချေမှုများကိုလည်း ဘဏ္ဍာနှစ်အတွင်း ပြီးပြတ်အောင် ပေးချေခြင်းတို့ကို ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက ကွပ်ကဲကြပ်မတ်ဆောင်ရွက်နိုင်မှုအတွက် နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတို့ကလည်း စောင့်ကြည့်ကြပ်မတ်လျက်ရှိပါကြောင်း၊

ဘဏ္ဍာရေးကော်မရှင်ရဲ့ (၂/၂၀၁၆) ကြိမ်မြောက် အစည်းအဝေးတွင် မိန့်ကြားသော နိုင်ငံတော်သမ္မတ၏ လမ်းညွှန်အဖွင့်အမှာစကားမှာ နိုင်ငံတော်၏ ဘဏ္ဍာငွေများကိုသုံးစွဲရာ၌ စိစိစစ်စစ်ဖြင့် ပြည်သူ့အကျိုးအတွက် စနစ်တကျရှိစေရန်၊ အသုံးစရိတ်သုံးစွဲမှုများနှင့် ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှု မြှင့်တင်ပြီး စောင့်ကြည့်မှုခံယူနိုင်ရန်၊ နိုင်ငံစီးပွားရေးကို အကျိုးပြုနိုင်မည့်စီမံကိန်း၊ ဘတ်ဂျက်များဖြစ်ရန် အစိုးရဌာနဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အဝရှိရန်၊ ပြည်သူ့ ဘဏ္ဍာငွေများသုံးစွဲကြရာမှာ ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များနှင့်အညီ တိကျစွာသုံးစွဲကြရန်တို့ကို အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်က လိုက်နာ ကျင့်သုံးနိုင်စေရန်အတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၁-၂-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၁၁၃/၁၆၅-ဘဏ္ဍာရေး-၁/၁/အဖရ(၂၀၁၇) ဖြင့် ညွှန်ကြားထားရှိ ပြီးလည်းဖြစ်ပါကြောင်း၊

ယခုအခါတွင် ပြည်ထောင်စုဝန်ကြီးဌာနများသည် တည်ဆောက်ရေး၊ ဝယ်ယူရေးတင်ဒါများ စတင်ခေါ်ယူနေကြပြီဖြစ်သည်ကို နေစဉ်ထုတ်သတင်းစာများမှာလည်း တွေ့ရှိနိုင်ပါကြောင်း၊ နိုင်ငံတော် သမ္မတရုံးကလည်း တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်အဖြစ် ညွှန်ကြားချက်အမှတ်      (၁/၂၀၁၇) ကို ၁၀-၄-၂၀၁၇ ရက်နေ့က ထုတ်ပြန်ထားရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများက တိုင်းဒေသကြီး/ပြည်နယ်များတွင် တည်ဆောက်မည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများကိုလည်း တင်ဒါများခေါ်ယူဆောင်ရွက်ပေးရန် လုပ်ငန်းအပ်နှံမှုများလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ်များ တည်ဆောက်ရေး၊ ဝယ်ယူရေး လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။