မေးခွန်း အကြောင်းအရာ
မိုးမိတ်မြို့နယ်၊ ကင်းချောင်းရွာ တံတားအမှတ်(၅/၂၄)ကို ၂၀၁၁-၂၀၁၂ ခုနှစ်က စတင် တည်ဆောက်ခဲ့ပါကြောင်း၊ တည်ဆောက်စဉ် ကာလက တံတားဘောင်နှင့် ရေမျက်နှာပြင်သည် ၁၂ ပေနှင့် ၈ လက်မ ကွာဝေးခဲ့ပြီး ယခုလေးနှစ်တာ ကာလအတွင်း တံတားဘောင်နှင့် ရေမျက်နှာပြင်သည် ၅ ပေ အကွာအဝေး ရှိသည့်အထိ မြင့်တက်လာခဲ့ပါကြောင်း၊ ယခုကဲ့သို့ ကြမ်းပြင် မြင့်တက်ခဲ့ခြင်းသည် မိုးကုတ်ကျောက်၊ ဆေးကြောင့်ဖြစ်သည်ဆိုသည်ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၃၀-၅-၂၀၁၆ ရက်နေ့တွင် လွှတ်တော်ကို တင်ပြခဲ့ပြီး ၁-၈-၂၀၁၆ ရက်နေ့တွင် သဘာဝသယံဇာတ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သော်လည်း လက်တွေ့ ဆောင်ရွက်မှု မရှိခဲ့ပါကြောင်း၊ ထိုအချိန်က ရေမျက်နှာပြင်နှင့် တံတားဘောင်သည် ၇ ပေခန့်ရှိခဲ့ပြီး ယခုအချိန်တွင် ၅ ပေခန့်သာ ကျန်ရှိနေသည့်အတွက် မိုးတွင်းကာလ မရောက်ရှိမီ အချိန်မီတံတား အောက်ဘက်ကို ဘက်ဟိုးနှင့် ချောင်း ဖော်ရိုက်မည်ဆိုပါက တံတားကို ထိန်းသိမ်းရာရောက်ပြီး သစ်ဆိမ့် ကုန်းရွာ၊ နဘူးရွာ၊ ပေကုန်းရွာ၊ ကင်းချောင်းရွာ စသည့် ရွာများမှ ဧက ၃၀၀၀ ကျော် နစ်မြှုပ်နေသည့် လယ်ဧကများကို ပြန်လည်ဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတော်မှ မိုးမိတ်မြို့နယ်၊ ကင်းချောင်းရွာ တံတားအမှတ်(၅/၂၄)ထိန်းသိမ်းရေးနှင့် သစ်ဆိမ့်ကုန်း ရွာ၊ ပေကုန်းရွာ၊ နဘူးရွာများမှ လယ်ယာမြေများ ပြန်လည် ဖော်ထုတ်နိုင်ရေး၊ ကင်းချောင်းတံတား အောက်ဘက်ရှိ ကင်းချောင်းအား ရေစီးရေလာ ကောင်းမွန်ရေးတို့အတွက် ဘက်ဟိုးဖြင့် သဲ၊ နုန်းဆယ်ယူရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်အတွင်းရှိ ကင်းချောင်းသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းမှ စတင်စီးဆင်းလာပြီး မိုးမိတ်မြို့နယ်၊ နမ့်မိတ်ချောင်းအတွင်း စီးဝင်လျက် ရှိပါကြောင်း၊ ကင်းချောင်း၏ လက်ရှိအခြေအနေကို ကွင်းဆင်းစိစစ်ခဲ့ရာတွင် မိုးမိတ်-တွင်းငယ်လမ်းပေါ်ရှိ ကင်းချောင်းရွာတံတားမှ အောက်ဘက် နမ့်မိတ်ချောင်းအဝထိ စုစုပေါင်း အလျား ၂၃.၆ မိုင် သဲနုန်း ပို့ချတိမ်ကောလျက်ရှိပြီး ကင်းချောင်းတံတားသည် ရေထွက်ကင်းလွတ်အမြင့် ၄.၅ ပေခန့်သာရှိသည်ကို တွေ့ရှိရပါကြောင်း၊ ကင်းချောင်း တိမ်ကောနေမှုကြောင့် မိုးရာသီတွင် ချောင်းရေလျှံပြီး သစ်ဆိမ့်ကုန်းရွာ၊ ပေကုန်းရွာနှင့် နဘူးရွာများတွင် လယ်မြေများ ရေကြီးနစ်မြှုပ်လျက် ရှိသည့်အပြင် ကင်းရွာတံတားကို ရေတိုက်စားမှု အန္တရာယ် ဖြစ်ပေါ်လျက်ရှိသည်ကို စိစစ်ရရှိခဲ့ပါကြောင်း၊ ကင်းချောင်းကို ပြန်လည်တူးဖော်လျှင် အလျား ၂၃.၆ မိုင် အကျယ် ၁၂၀ ပေနှင့် အနက် ၁၀ ပေခန့်တူးဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ခန့်မှန်း ကုန်ကျငွေ ကျပ်သန်းပေါင်း ၄၇၅၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ချောင်းအဖျားပိုင်းဧရိယာရှိ ကျောက်မျက်နှင့် ရွှေသတ္တု တူးဖော် ရေး လုပ်ငန်းများ ဗြုန်း၊ မြေစာများစွန့်ပစ်မှုကြောင့် လျင်မြန်စွာ တိမ်ကော လာရခြင်းဖြစ်ပြီး ကင်းချောင်း အတွင်း တစ်နှစ်လျှင် ပျမ်းမျှသဲနုန်းပို့ချမှုမှာ နှစ်ပေခန့်ရှိပါကြောင်း၊ အဆိုပါ ကျောက်မျက်နှင့် ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းအနေဖြင့် တစ်နှစ်ပတ်လုံး တူးဖော်ပြီး ဗြုန်းနှင့် မြေစာများကို စနစ်တကျ စွန့်ပစ်ခြင်း မပြုသည့်အတွက် ကင်းချောင်းထဲသို့ သဲနုန်းပို့ချမှု ဖြစ်ပေါ်နေခြင်းကြောင့် တူးဖော်ဆောင်ရွက် ပြီးပါကလည်း အချိန်တိုကာလအတွင်း ပြန်လည်တိမ်ကောသွားနိုင်မည့် အခြေအနေ ဖြစ်ပါကြောင်း၊
ထို့ကြောင့် သဲနုန်းများ တူးဖော်ဆောင်ရွက်ပြီးပါက နောင်ရေရှည် အကျိုးရှိစွာ စီမံဆောင်ရွက်သွားနိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ရန်ပုံငွေရရှိရေး တင်ပြတောင်းခံ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အကောင်အထည် ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးတိုးသောင်(မိုးမိတ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိအနေဖြင့် နဘူးရွာဘေးထိ လေးမိုင်ခဲ့အထိ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ပါက နဘူး အထက်ဘက်ရှိ လယ်ဧက ၃၀၀၀ သည် ပြန်လည်စိုက်ပျိုးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ နဘူးရွာဘေးထိ လေးမိုင်ခဲ့အထိ သဲနုန်းတူးဖော်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဦးလှကျော်
နဘူးရွာဘေးအထိ လေးမိုင်ခန့်ကို သဲနုန်းတူးဖော်ဆောင်ရွက်နိုင်ရန် Environmental Impact ၏ အခြေ အနေအရပ်ရပ် ပြန်ဖြစ်မြောက်နိုင်စွမ်း ပြန်လည်စိစစ် ပေးမည်ဖြစ်ပါကြောင်းနှင့် စိစစ်ပြီး လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း အကောင်အထည် ဖော်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
