(ဂ)-ရန်မနိုင်တိုက်နယ်ဆေးရုံတွင် စံကိုက်ဆေးရုံ အဆောက်အဦအား မည်သည့်အချိန်တွင် စတင် ဆောက်လုပ်ပြီး လူနာကုသခြင်းများ ဆောင်ရွက်နိုင်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၀.၂.၂၀၁၈)

မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးလက်ကျန်းမာရေးဌာနသည် အရှေ့ဘက်တွင် ဝါးခယ်မမြို့နယ်မှ ဗိတ်သလေး ကျန်းမာရေးဌာန၊ အနောက်ဘက်တွင် ကွမ်းခြံကြီးကျေးလက်ကျန်းမာရေးဌာန(ခွဲ)၊ တောင်ဘက်တွင် ချောင်းကွဲကြီးကျေးလက်ကျန်းမာရေးဌာန၊ မြောက်ဘက်တွင် ဝါးခယ်မမြို့နယ်မှ ကျုံတိုင်ကျေးလက် ကျန်းမာရေးဌာနတို့ တည်ရှိပါကြောင်း၊ ရန်မနိုင်ဒေသ၏ လူမှုစီးပွားရေးဆိုင်ရာ အခြေခံအချက်အလက်များကိုကြည့်မည်ဆိုပါက နယ်မြေရဲစခန်းရှိပြီး လုံခြုံရေးကောင်းမွန်ပါ ကြောင်း၊ ဒေသခံများသည် ငါးဖမ်းလုပ်ငန်း၊ လယ်လုပ်ငန်း၊ ဓနိလုပ်ငန်း၊ ဘဲမွေးမြူရေးလုပ်ငန်းနှင့် ဥယျာဉ်ခြံ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါကြောင်း၊ အ.ထ.က တစ်ကျောင်း၊ အ.ထ.က(ခွဲ) တစ်ကျောင်း၊ အ.လ.က ၁၀ ကျောင်းနှင့် အ.မ.က ၄၂ ကျောင်းရှိပြီး ဘုန်းတော်ကြီးကျောင်း ၅၂ ကျောင်း ရှိပါကြောင်း၊ အနီးစပ်ဆုံးဆေးရုံကျေးလက်ကျန်းမာရေးဌာနနှင့် အကွာအဝေးအရ မြောင်းမြမြို့နယ်နှင့် ရေမိုင် ၂၈ မိုင်ကွာဝေးပြီး ရေလမ်းခရီးအားဖြင့် ၅ နာရီကျော် ကွာဝေး ပါကြောင်း၊ ရေးမြစ်၊ ကျိုက်မရောမြစ်နှင့် ချောင်းများအတွင်း သွားလာပြီး မိုးတွင်းကာလ ရေစီး သန်ခြင်း၊ လှိုင်းထန်ခြင်းနှင့် မြစ်ပြင်ကျယ်ခြင်းတို့ကြောင့် သွားလာရအလွန်ခက်ခဲပါကြောင်း၊ ပြင်ရွာ တိုက်နယ်ဆေးရုံနှင့်လည်း ရေမိုင် ၁၂ မိုင်ကွာဝေးပါကြောင်း၊ ရန်မနိုင်တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန် မြေ ၄.၂၅ ဧက သတ်မှတ်ပြီးဖြစ်ပြီး‌ ကုသရေးဦးစီးဌာန၏ ၁-၁-၂၀၁၆ ရက်စွဲပါ စာအမှတ် (ကမဘ/(ဃ)၁၄၈၆/ ၃၉၆) ဖြင့်လည်း ရန်မနိုင်ကျေးရွာတွင်  ၁၆ ခုတင်ဆံ့တိုက်နယ် ဆေးရုံအသစ်ကို တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိပြီး ဖြစ်ပါကြောင်း၊ သို့သော် ယခုနှစ်နှစ်ကျော်အထိ ဆေးရုံ အဆောက်အဦရရှိခြင်း မရှိသေးပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနထက် ကျေးလက်ကျန်း မာရေးဌာန(ခွဲ)များသည် အဆောက်အဦမရှိသော်လည်း၊ ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင် သော်လည်း တိုက်နယ်ဆေးရုံအနေဖြင့်ဆေးရုံအဆောက်အဦမရှိပါက ကျန်းမာရေးဝန်ဆောင်မှု မည်သို့မျှှပေးနိုင်မည်မဟုတ်ပါကြောင်း၊

သို့ဖြစ်ပါ၍ တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ခွင့်ရရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် ဧရိယာ အကျယ်အဝန်း ၈၃ စတုရန်းမိုင်ရှိပြီး မြောင်းမြမြို့နယ်မှ ကျေးရွာအုပ်စု ၂၅ စု၊ လူဦးရေ ၄၀၀၀၀ ကျော်၊ ဝါးခယ်မမြို့နယ်မှ ကျေးရွာအုပ်စု ၁၇ စု၊ လူဦးရေ ၂၆၀၀၀ ကျော် စုစုပေါင်း လူဦးရေ ၆၆၀၀၀ ကျော် ကျေးရွာအုပ်စု ၄၂ အုပ်စုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၁-၁-၂၀၁၆ မှစတင်၍ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံအသစ်တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိခဲ့သော မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးရွာရှိ ရန်မနိုင်တိုက်နယ်ဆေးရုံတွင် စံကိုက်ဆေးရုံ အဆောက်အဦကို မည်သည့်အချိန်တွင် စတင်ဆောက်လုပ်မည်နှင့် မည်သည့်နှစ်အတွင်းအပြီး တည်ဆောက်ကာ လူနာကုသခြင်းများကို စတင်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ရန်မနိုင်တိုက်နယ်ဆေးရုံဖွဲ့စည်းခွင့်ကို ၁-၁-၂၀၁၆ ခုနှစ်က ရရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၃-၁၂-၂၀၁၅ စာဖြင့် သတ်မှတ်ဝန်ထမ်း အင်အားဖြင့် အသစ်တိုးချဲ့ခွင့်ရရှိခဲ့ပါကြောင်း၊ ဆေးရုံအသစ်ဆောက်သည်ဖြစ်ဖြစ်၊ ခုတင်တိုးခြင်း ဖြစ်ဖြစ် အကြမ်းအားဖြင့် နှစ်အလိုက်ဘဏ္ဍာငွေချထားမှု၊ရရှိမှုအပေါ် မိမိတို့လုပ်ဆောင်ရပါ ကြောင်း၊ အခြေအနေ၊ အချိန်အခါအရ အထူးလိုအပ်ချက်ရှိပါက သတ်မှတ်ထားသော Criteria ထက်လျော့ပြီး စဉ်းစားပါကြောင်း၊ မူလဖွဲ့စည်းပုံ ရှိ/မရှိ၊ ဆေးရုံ၊ ဆေးပေးခန်းတည်ဆောက်မည့် မြေနေရာသည် လုံလောက်မှု ရှိ/မရှိ၊ တည်ဆောက်သင့်သည့် နေရာဖြစ်/မဖြစ် ကြည့်ရပါကြောင်း၊ ဆေးရုံ၊ဆေးပေးခန်း တည်ဆောက်ပေးမည်ဆိုပါက ကုသရေးလုပ်ငန်းများကို အထောက်အကူပြု နိုင်သော ပတ်ဝန်းကျင်အခြေအနေ၊ ရေ၊ မီးကအစအားလုံးလုပ်ဆောင်ရပါကြောင်း၊ ပေးမည်ဆိုပါ ကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြန်ပြီးတန်းစီရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းတွင်လည်း မြို့နယ်၊ ခရိုင်က စပြန်ပြီးတန်းစီ ဦးစားပေးစနစ်ဖြင့် အကုန်လုံး လုပ်ပြီးမှ ပြန်ပြီးပေးပါကြောင်း၊ သို့သော်ပေးမည်ဟု ပြောပြီးနောက်ပိုင်းတွင် အချက်(၈)ချက် ရှိပါကြောင်း၊ ပထမဆုံး မိမိတို့အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုခြင်း၊ နိုင်ငံတော်အကြီးအကဲက လုပ်ဆောင်ခိုင်းခြင်းတို့ လုပ်ဆောင်ပြီးပါက အဆောက်အဦနှင့်မြေနေရာ တွက် မြေလုံလောက်မှုရှိ/မရှိ၊ အဆောက်အဦ ထပ်မံလျော်ကြေးရှိမှုကို တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရထံတောင်းရပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရမှတစ်ဆင့် စီမံကိန်းနှင့်ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှတစ်ဆင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံ ဘဏ္ဍာရေးနှင့်လစာငွေ လုံလောက်မှုရှိ/မရှိကို ပြန်တောင်းသည့်အခါ ရရှိပါက ပြည်ထောင်စုအစိုးရ အဖွဲ့ကို တင်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကကျလာပါက Cabinet ကိုတင်ပါကြောင်း၊ Cabinet ကကျလာပြီဆိုပါက မိမိတို့ကသက်ဆိုင်ရာ အမိန့်ကြော်ငြာစာထုတ်ရပါကြောင်း၊ ၁-၁-၂၀၁၆ ကရရှိသော်လည်း ၎င်းတိုက်နယ်ဆေးရုံမြေနေရာကို မိမိတို့က စစ်ဆေးရပါကြောင်း၊ မြေနေရာကို မိမိတို့ပိုင်ဆိုင်မှသာ ဆောက်လုပ်ရပါကြောင်း၊သို့မဟုတ်ပါက ဆောက်လုပ်ပြီးမှ မိမိတို့ကို တရားစွဲဆိုခြင်းများ ပြန်လုပ်သည့်အခါ အချိန်ကြာမြင့်ပါကြောင်း၊ ထို့ကြောင့် စိစစ်ရာတွင် အဆိုပါမြေနေရာသည် လယ်မြေဖြစ်နေပါကြောင်း၊ ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိသော တိုက်နယ်ဆေးရုံ များက ဘဏ္ဍာငွေခွင့်ပြုမိန့်ကျ နှစ်အလိုက်လည်းပြန်လုပ်ရပါကြောင်း၊ မြေနေရာက လယ်ယာမြေ ဖြစ်သည့်အတွက် ဆောက်လုပ်၍ မရသည့်အတွက် လျာထားချက်လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(က) အရ အခြားနည်းအသုံးပြုခွင့်ရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် စီစဉ်ဆောင်ရွက် ရပါကြောင်း၊ မိမိတို့ဆောင်ရွက်သည်မှာ ယခုချိန်ထိမရရှိသေးသည့် အတွက် ၁၆ ခုတင် ဆောက် လုပ်၍မရသည့်အခါ ငွေပြန်အပ်လိုက်ရပါကြောင်း၊  ထပ်မံတောင်းပါက လာမည့်နှစ်တွင်မရရှိပါ ကြောင်း၊ နောက်တစ်နှစ်ကျော်မှပြန်ပြန်ပေးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် မြေနေရာကိုဆောက်ခွင့်ရရှိစေရန် သက်ဆိုင်ရာတိုင်းဒေသကြီးတွင်ကူညီပေးမည်ဆိုပါက၊ မြေ နေရာရရှိမည်ဆိုပါက ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံခွင့်ပြုမိန့်တွင် ထည့်ပေးပါသော်လည်း အမျိုးသား ကျန်းမာရေးစီမံကိန်း ၂၀၁၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်နှင့် ချိန်ထိုးသည့်အခါ Flushable ဖြစ်ပါကြောင်း၊ လိုအပ်ချက်ရရှိပါက Adjust လုပ်ပြီးပေးမည်ဖြစ်ပါကြောင်း၊ မြေနေရာသာရရှိမည်ဆိုပါက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ကာလတွင် ပေးမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ တောင်းဆိုသည်မှာ အလွန်များပြားပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် တောင်းဆိုပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင်လည်း တောင်းဆိုပါကြောင်း၊ မိမိတို့ဆက်လုပ်သည့်အခါ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြထားသည့်ဖွဲ့စည်းပုံက ၈၃ ခုရှိရာ ပြန်မကျသေးပါကြောင်း၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့ကို ညှိနှိုင်းပြီးဖွဲ့စည်းပုံတင်ထားသည်မှာ ၄၁ ခုရှိပါကြောင်း၊ ၁၂၄ ခု မိမိတို့ထံ ပြန်မကျသေးပါကြောင်း၊ မိမိတို့တင်ထားသည်မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင်ဆိုပါက သည့်ထက်ပိုများဖို့ရှိပါကြောင်း၊ ပြန်ကျ လာပါက မိမိတို့ အမြန်ဆုံးလုပ်ဆောင်မည်ဟု ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာစိုးမိုးသူ(မြောင်းမြမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကုသရေးဦးစီးဌာန၏ ၁-၁-၂၀၁၆ စာအရ ခွင့်ပြုချက်ရရှိသည့်အချိန်ကစပြီး မြောင်းမြမြို့နယ်က ဆေးရုံကြီးကတစ်ဆင့် အခြားမြေအသုံးပြုခွင့် လယ်ယာမြေဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(ဃ)ကို ၂၀၁၆ ခုနှစ်လလယ်ပိုင်းကတည်းက တင်ပြီးဖြစ်ပါကြောင်း၊ တစ်ပြိုင်တည်းတွင် တိုက်နယ်ဆေးရုံ တည် ဆောက်သည့်နေရာအများစုက ကျေးရွာများတွင်သာ တည်ဆောက်ခြင်းဖြစ်ပါကြောင်း၊ သို့အတွက် မြေကလည်း များသောအားဖြင့် လယ်ယာမြေသာဖြစ်လေ့ရှိပါကြောင်း၊ လယ်ယာမြေကို မိမိတို့က လယ်ယာမြေဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(ဃ)ကိုလည်း သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနကတစ်ဆင့် တင်ပြပြီးလည်းဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ယခုချိန်ထိ တစ်နှစ်ကျော်ကြာမြင့် နေပြီဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(ဃ)လည်း တင်ပြီးဖြစ်ပါကြောင်း၊ ၃၀(ဃ)တင်သည့်အခါ လိုအပ်သောအကူအညီများကို ဌာနဆိုင်ရာဝန်ကြီးဌာနချင်းပေါင်းစပ် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနကတစ်ဆင့် မိမိတို့ကိုကူညီပေးရန် အစီအစဉ်ရှိ/မရှိနှင့် အကယ်၍မြေယာသတ်မှတ်ချက်ရရှိခဲ့ပြီး လယ်ယာမြေဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(ဃ)လည်း အဆင် ပြေသွားပြီဆိုပါက ဆေးရုံကိုချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

မိမိတို့ပေးရန်ဝန်မလေးပါကြောင်း၊ အမြန်ဆုံးလုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ တွင် ရရှိ မည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်က ၃၇ ရုံရရှိပါကြောင်း၊ ဦးစားပေးရေးဖြင့် အကုန်လုပ် ထားပါကြောင်း၊ ရန်မနိုင်ဆေးရုံပါရှိပါကြောင်း၊ မြေရရှိပါက ချက်ချင်းလုပ်ဆောင်ပေးမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။