(ဆ)-ပေါင်းတည်မြို့နယ် မှတ်တိုင်-ပေါက်တော ကတ္တရာလမ်းမှာ သတ်မှတ်အာမခံ နှစ်မပြည့်မီ အလွန်ဆိုးရွားစွာ ပျက်စီးနေပါသဖြင့် မည်သည့်ဌာနမှ တာဝန်ယူပြုပြင်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၉.၁.၂၀၁၈)

ပေါင်တည် မှတ်တိုင်-ပေါက်တောလမ်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ရန်ပုံငွေသိန်း ၇၆၀၀ ဖြင့် လမ်းအရှည်စုစုပေါင်း ၁၀ မိုင်အရှည်၊ အကျယ် ၁၂ ပေ၊        ထု ၉ လက်မ ကတ္တရာခင်းခြင်း လုပ်ငန်းကို Area (51) ကုမ္ပဏီနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂-၁-၂၀၁၅ တွင် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပါကြောင်း၊ စာချုပ်မှာ ငါးနှစ်အတွင်း ပျက်စီးယိုယွင်းမှု ရှိပါက Area (51) ကုမ္ပဏီမှ မိမိစရိတ်ဖြင့် ပြန်လည်ပြုပြင် ပေးရမည်ဟု ပါရှိပါကြောင်း၊ ယခုအခါ ၎င်းကုမ္ပဏီ ဖျက်သိမ်းလိုက်ပြီဟု သိရှိရပါကြောင်း၊ ပေါင်းတည်မှတ်တိုင်-ပေါက်တောလမ်း ၂ မိုင်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနကခင်းခဲ့ပြီး မြို့နယ်စည်ပင်ပိုင် ၁ မိုင် ၆ ဖာလုံ အပါအဝင် ကျန်လမ်း အရှည်စုစုပေါင်း ၁၀ မိုင်ကို Area (51) ကုမ္ပဏီမှ ခင်းခဲ့ပါကြောင်း၊ ယခုလမ်းနှစ်နှစ်အတွင်း အလွန်ဆိုးရွားစွာ ပျက်စီးနေပါကြောင်း၊

ပေါင်းတည်မှတ်တမ်းလမ်း အလွန်ဆိုးသည့်အတွက် မြေနီများပါလိုက်ဖို့ပြီး မောင်းနေရ ပါကြောင်း၊ ကားများဖြတ်သွားလျှင် ကျောက်ခဲများက ဘေးကိုစင်သည်အထိ ဖြစ်ပါကြောင်း၊ တချို့ချိုင့်ဘက်များတွင် ဆိုင်ကယ်များသည် အောက်လမ်းကို ရွေ့မောင်းသည့်အတွက် လမ်းသွားလမ်းလာများနှင့် အန္တရာယ် ဖြစ်နေပါကြောင်း၊ မြေနီများဝယ်ပြီး ကိုယ်ထူကိုယ်ထဖို့ ထားရပါကြောင်း၊ ထို့ကြောင့် ကတ္တရာလမ်းက မြေနီလမ်းကဲ့သို့ ဖြစ်လာပါကြောင်း၊ ပေါင်းတည် မှတ်တိုင်-ပေါက်တောလမ်းက စည်ပင်သာယာမှ ၁ မိုင် ၆ ဖာလုံက မြို့ဧရိယာထဲတွင် ပါသော်လည်း သူတို့ခင်းသော လမ်းမဟုတ်ပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကလည်း Area (51) ကုမ္ပဏီက လုပ်ငန်းပြီးသည့်အချိန်တွင် သတင်းပေးပို့မှုနှင့် လွှဲပြောင်းထားမှုမရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်း ၎င်းတို့တာဝန်ယူခင်းရမည့် လမ်းမဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးဦးစီးဌာနကနေ လွှဲပြောင်းလက်ခံရယူထားပြီဟု သိရပါကြောင်း၊ ထို့ကြောင့် ပေါင်းတည် မှတ်တိုင်-ပေါက်တောလမ်း မြို့မရပ်ကွက်လေးခု၊ ကျေးရွာပေါင်း ၂၀၊ အုပ်စု ၂၀၊ အိမ်ထောင်စုပေါင်း ၂၀၀၀၀ ကျော်၊ လူဦးရေ ၆၀၀၀၀ ကျော် အမှတ် (၁၀) ခြေမြန်တပ်ရင်းတို့တွင် မှီခိုသွားလာနေသည့် လမ်းဖြစ်သည့်အတွက် ၎င်းလမ်းကို မည်သည့်အချိန်တွင် ပြန်လည်ပြုပြင်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် မှတ်တိုင်-ပေါက်တောလမ်း မိုင်တိုင်အမှတ် ၁ မိုင် ၆ ဖာလုံမှ ၁၂ မိုင်အထိ ၁၀ မိုင် ၂ ဖာလုံမှာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် မြန်မာရွှေသရဖူ ကုမ္ပဏီမှ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်ရှိသည့်လမ်း ၈ မိုင် ၂ ဖာလုံအား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့မှ အဆိုပါလမ်းတစ်လမ်းလုံးကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ လွှဲပြောင်းရယူပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

အဆိုပါ မှတ်တိုင်-ပေါက်တောလမ်းသည် လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသော ရန်ကုန်-ပေါင်းတည် ပြည်ထောင်စု လမ်းမကြီးနှင့် ဆက်သွယ်သော လမ်းဖြစ်၍ လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့် (၁) တွင် ပါဝင်သည့် လမ်းဖြစ်ပါသဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ရန်ပုံငွေများ တင်ပြတောင်းခံသွားပြီး ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး အဆင်‌့မြှင့်တင် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။