ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် Community Forestry Instruction ကို ၁၉၉၅ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပြီး အစိုးရသစ်လက်ထက် ၁၆-၈-၂၀၁၆ ရက်နေ့တွင် ဝန်ကြီးဌာနအနေဖြင့် သစ်တောဥပဒေပုဒ်မ ၅၇ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဖြည့်စွက်ပြင်ဆင်စွာ ညွှန်ကြားချက်အသစ်တစ်ရပ် ထုတ်ပြန်ခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ်ကနေပြီး ၂၀၁၇ ခုနှစ် မေလအထိရထားသည့် CF က စာရင်းမှာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများတွင် လုပ်ပိုင်ခွင့်ချထားပေးမှု အခြေအနေမှာ အသုံးပြုသူများအဖွဲ့ ၂၈၀၀ ကျော်၊ အဖွဲ့ဝင်ဦးရေ ၇၀၀၀၀ ခွဲခန့်နှင့် ဧကပေါင်း ၄၀၀၀၀၀ နီးပါးခွင့်ပြုပေးခဲ့ပြီး ရည်ရွယ်ချက်ပင် ဖြစ်ပါကြောင်း၊ ၎င်း ရည်ရွယ်ချက်များနှင့်အတူ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၁-၂၂ အထိ ပထမငါးနှစ်တွင် CF ဧက လေးသိန်းခွဲခန့် ၂၀၀၂၁-၂၂ ခုနှစ်မှ ၂၀၂၆-၂၇ ခုနှစ်အထိ ဒုတိယငါးနှစ် ဧကသုံးသိန်းကျော် စုစုပေါင်းဧက ခုနစ်သိန်းကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိနေခြင်းကြောင့်မို့ CF များ အောင်မြင်ရေးကို ယခုထက်ပိုပြီး စနစ်ကျသည့် အကူအညီများပေးရန် လိုအပ်နေပါကြောင်း၊ အောင်မြင်နေသည့် CF စိုက်ခင်းဖြစ်သည့် ဝမ်းတွင်းမြို့အရှေ့ဘက်က ရိုးစုံကျေးရွာအကြားတွင် သဘာဝတောဧက ၅၅၀ ခန့်ကို အဖွဲ့ဝင်အင်အား ၈၅ ဦးနှင့် CF စိုက်ခင်းထူထောင်ခဲ့ပြီး လျော်ဖြူ၊ စိုက်ပျိုးသီးနှံ၊ ပဲ၊ နှမ်း စသည်များကို စိုက်ပျိုးခဲ့ခြင်းကြောင့် ဒေသခံများ၏ဝင်ငွေ ကောင်းရုံမက သြစတေးလျနိုင်ငံ Energy Globe အဖွဲ့က ချီးမြှင့်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆု Energy Globe National Award ဆုရခဲ့ခြင်းကြောင့် နှစ် ၃၀ လုပ်ပိုင်ခွင့် ပေးထားခြင်းကြောင့် သဘာဝတောခေါင်းများကို CF စိုက်ခင်းလုပ်ထားသည်မှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အများကြီးရှိပါကြောင်း၊ မြေဦးရုံ၊ မြေပိုင်ဆိုင်ရုံခွင့်ရရုံ သက်သက် အပိုင်ဦးထားခြင်း၊ လျှောက်တော့တစ်မျိုး၊ လုပ်တော့တစ်ဖုံဆိုသည့် နည်းပညာနှင့်ဈေးကွက် ဖန်တီးပေးမှု အကူအညီအားနည်းမှုများကြောင့် မအောင်မြင်သည့် CF စိုက်ခင်းများတစ်နိုင်ငံလုံး ဒုနှင့်ဒေးရှိနေပါကြောင်း၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောများအောင်မြင်လျှင် သစ်တောထွက် ပစ္စည်းများကို သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲခွင့်ရမည် ဖြစ်သကဲ့သို့ ဝင်ငွေနှင့်အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းများကြောင့် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးဒဏ်ခံစားရမှုများ လျော့နည်းသက်သာလာမည်ဖြစ်သကဲ့သို့ ဇီဝမျိုးစုံကြွယ်ဝသည့် ဂေဟစနစ်ပြန်လည်ရရှိမှု စသည့်အကျိုးတရားများကို ရရှိစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သစ်တောဦးစီးဌာနအနေဖြင့် CF စိုက်ခင်းများ လာလျောက်ပြီဆိုကတည်းက မျိုးစေနှင့်အပင် ပံ့ပိုးကူညီမှုကိုမည်ကဲ့သို့ ကူညီပေးမည်နည်း၊ နည်းပညာအကူအညီများ မည်ကဲ့သို့ပေးမည်နည်း၊ ဒေသနှင့်ကိုက်ညီမှုရှိ/မရှိ၊ ဒေသခံပြည်သူများ ဟုတ်/မဟုတ်၊ နောက်ဒေသနှင့်ကိုက်ညီသည့် ဈေးကွက်နှင့်တစ်နိုင်တစ်ပိုင် လုပ်ငန်းများဖြစ်လာရန် မည်ကဲ့သို့ အကူအညီများ ပေးသွားနိုင်မည်နည်း၊ ချေးငွေအကူအညီ ပေးနိုင်ခြင်းရှိ/မရှိ စနစ်ကျသည့် အကူအညီပေးမှုများ လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ ၁၉၉၅ ခုနှစ်မှ ယနေ့အချိန်အထိ မည်သူတစ်ဦးတစ်ယောက်က ၎င်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း ရှိ/မရှိပြန်လည် စိစစ်ရန် လိုအပ်နေပါကြောင်း၊ ကျူးလွန်မှုများရှိခဲ့လျှင်လည်း ညွှန်ကြားချက်အပိုဒ် ၁၈ တွင် ဖော်ပြထားသကဲ့သို့ အသုံးပြုသူများအဖွဲ့သည် တည်ဆဲသစ်တောဥပဒေနှင့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းများတွေ့ရှိပါက ခရိုင်သစ်တောအရာရှိသည် တိုင်းဒေသကြီး/ပြည်နယ် သစ်တောအရာရှိ၏ သဘောတူခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်လက်မှတ်ကို ပြန်လည်ရုပ်သိမ်း နိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ နှစ် ၃၀ လုပ်စားပိုင်ခွင့် ရထားခြင်းကြောင့် မြေဦးချင်သူများ ဟန်ပြ CF စိုက်ခင်းတည်ထောင်ပြီး တစ်လွဲလုပ်မည့် သူများအတွက် သည်းခြေကြိုက်ဖြစ်နေပါကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း လုပ်ငန်းများအား စနစ်တကျအားပေးကူညီ ဆောင်ရွက်သွားရန် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေများအား ပြန်လည် စိစစ်ရန်နှင့်တားမြစ်ချက်များ ဖောက်ဖျက်ကျူးလွန်မှုများရှိက လုပ်ပိုင်ခွင့်ပြန်လည် ရုပ်သိမ်းသွားရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံရှိသစ်တာများကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သည့်နေရာတွင် အဓိကကာကွယ်သည့် နည်းသုံးနည်းဖြင့် မဟာဗျူဟာချမှတ်ထားပါကြောင်း၊ မူလရှိသည့် သဘာဝသစ်တောများကို ထိန်းခြင်း၊ နေရာလပ်များတွင် စိုက်ခင်းများကို တည်ထောင်ခြင်း၊ ၎င်းနေရာတွင် နိုင်ငံတောကတည်ထောင်သည့် စိုက်ခင်းရှိခြင်း၊ ပုဂ္ဂလိက တည်ထောင်သည့် စိုက်ခင်းရှိခြင်း၊ မိမိမှဖြည့်စွက်ပြောချင်သည်မှာ ပုဂ္ဂလိကအပိုင်းကို ပိုပြီးဦးစားပေးပါကြောင်း၊ မိမိတို့တောများကို ထိန်းသိမ်းပြီး ပြန်လည်လျော့ပါးသွားသည့် သစ်တောဧရိယာကို ပြန်လည်ဖြည့်တင်းရန်အတွက် အနှစ် ၃၀ မဟာဗျူဟာစီမံကိန်းချပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒေသခံများ၏ အစုအဖွဲ့ပိုင်သစ်တောများ လျှောက်မမည်ဆိုလျှင် မည်ကဲ့သို့လျှောက်မည်ဆိုသည်မှာ ပထမဆုံးအနေဖြင့် ခရိုင်သစ်တောအရာရှိထံမနှစ်က အစုအဖွဲ့ပိုင်ပြုလုပ်ခြင်းနှင့် ကျေးရွာများကနေပြီး လျှောက်သည့်အခါ ခရိုင်သစ်တောအရာရှိက စိစစ်ပြီး ကြိုးဝိုင်းတွင်းကျလျှင် တိုက်ရိုက်ပြည်နယ်နှင့် တိုင်းဒေသကြီးကိုတင်ရပါကြောင်း၊ သို့မဟုတ် ကြိုးဝိုင်းထဲမကျလျှင် သက်ဆိုင်ရာ မြေစာရင်းတွင်ရှိသည့် အသုံးပြုသူများကိုပြန်ပြီး သက်ဆိုင်ရာအာဏာပိုင်များကို တင်ပြပြီး အစုအဖွဲ့ပိုင် တောများကို စီမံချက်ရေးဆွဲပြီး လုပ်ကိုင်ရပါကြောင်း၊ မိမိတို့ ဒီဌာနကနေပြီး CF များကို တည်ထောင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိဆိုလျှင် CF အဖွဲ့ဝင်ပေါင်း ၉၉၆၇၉ ဦးရှိပြီး အဖွဲ့ပေါင်း ၃၆၈၄ ဖွဲ့ရှိပြီး ဧရိယာအားဖြင့် ၅၀၂၆၅၀ ဧကကို CF သဘောတူ ဆောင်ရွက်လက်မှတ်ကို ပေးပို့ဆောင်ရွက်ထားပါကြောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ၊ စည်းမျဉ်းများ၊ အုပ်ချုပ်လုပ်ကိုင်မှုတွင်ပါသည့် ပြဋ္ဌာန်းချက်များနှင့် သစ်တောဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ချိုးဖောက်လျှင် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းကို ပယ်ဖျက်သည်အထိ အရေးယူမည်ဖြစ်ပြီး ဥပဒေ၊ စည်းကမ်းချက်များ၊ တားမြစ်ချက်များစသည်များကို ထပ်မံကျူးလွန်ပါကလည်း သတ်မှတ်ထားသည့် ပြစ်ဒဏ်များကို ကျခံရမည်ဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်၍ အရေအတွက်ကိုလည်းပြီးလျှင် တင်ပြမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း ၎င်းနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်ရန် ဆန္ဒမရှိခြင်း၊ အုပ်ချုပ်လိုက်ကိုင်မှု စီမံချက်ပါ ပြဋ္ဌာန်းချက်များ လိုက်နာဆောင်ရွက်သည်ကို တွေ့ရှိလျှင် လုပ်ငန်းရုတ်သိမ်းသည်အထိ အရေးယူရန်အတွက် အသုံးပြုသူအဖွဲ့ဝင်များအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း ညွှန်ကြားရေးမှူးချုပ် ထံကို အယူခံဝင်နိုင်မည် ဖြစ်ပါကြောင်း၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိသည့် တားမြစ်ချက်များ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်လျှင် ဖောက်ဖျက်သည့် ဒေသခံ CF သစ်တောများ ပယ်ဖျက်ခြင်း ဆောင်ရွက်လျက်ရှိရာ အဖွဲ့ဝင်ပေါင်း ၈၀၂ ဦး ပါဝင်သည့်အဖွဲ့ပေါင်း ၅၃ ဖွဲ့၏ ဧရိယာ ၃၇၈၈ ဧကကိုလည်း လုံးဝပယ်ဖျက်ခဲ့ပြီး ဖြစ်ပါကြောင်း၊
၂၀၁၃ ခုနှစ်တွင် ကောက်ယူခဲ့သော စာရင်းများအရ သစ်တောမြေထဲတွင် ကျူးကျော်နေသည့် ယာမြေ ၂၃၉၂ ဧကကို CF ပိုင်လက်မှတ် ထုတ်ပေးနိုင်ရန်အတွက် ဆောင်ရွက်နေပါကြောင်း၊ ကျန်ရှိသည့် ယာမြေဧရိယာ ၆၂၉၃၄၁ ဧကကိုလည်း ယခု ၂၀၁၈-၁၉ ခုနှစ်မှ ၂၀၂၆-၂၇ ခုနှစ်အထိ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းနှင့် သီးနှံသစ်တောရော နှောစိုက်ပျိုးခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများကို ဆောင်ရွက်ပြီးစီးအောင်လည်း စီမံချက်ချထားပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဌာနဝန်ကြီးများကလည်း အီရန်နိုင်ငံတဟီရန်မြို့မှာကျင်းပသည့် Energy Globe Award မှ ဆုကိုလည်း ရရှိခဲ့ပါကြောင်း၊ ၎င်းအပြင် အမျိုးသားအဆင့် ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တောများလုပ်ငန်း (Community Forestry National Working Group-CFNWG) ကိုလည်း သစ်တောဦးစီးဌာနနှင့် ဆက်စပ်သည့် ဌာနကိုးခု၊ အရပ်ဖက် အဖွဲ့အစည်းရှစ်ခုစသည့် ကိုယ်စားလှယ်ပေါင်း ၂၅ ဦးနှင့် ၂၀၁၃ ခုနှစ် နိုင်ဝင်ဘာလတွင်ဖွဲ့ပြီး သုံးလတစ်ကြိမ် အစည်းအဝေးများ ကျင်းပပြီး ဒေသခံပြည်သူအစုပိုင် သစ်တောများ၏ လုပ်ငန်းဆိုင်ရာစီမံချက်၊ ညွှန်ကြားချက်များ၊ ပြင်ဆင်ချက်များနှင့် CF အဖွဲ့ပိုင်သစ်တောများ ဆောင်ရွက်ထားသည်ကို ထိထိရောက်ရောက် ကြီးကြပ်ရန်အတွက် ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်အဆင့် CF Unit များကို ဖွဲ့စည်းလျက် ရှိပါကြောင်း၊ CFNWG အဖွဲ့သည် (၁၃) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပပြီး ဒေသခံပြည်သူအစုဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆိုင်ရာမဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် ၂၀၁၈-၂၂ (Community forestry Strategy and Action Plan 2018-2022) ကို ရေးဆွဲပြင်ဆင်လျက် ရှိပါကြောင်း၊ ထိုနည်းတူ ဘဏ်ကနေပြီး ချေးငွေရအောင်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
သစ်တောဦးစီးဌာနအနေဖြင့် သီးနှံသစ်တောများ ရောနှောစိုက်ပျိုးခြင်းစနစ်ဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ အောင်မြင်စေရန် အခမဲ့ ပျိုးပင်များ၊ နည်းပညာများကို ပေးပါကြောင်း၊ CF Unit များကလည်း မြို့နယ်မှာရှိသည့် Unit များကလည်း ပုံမှန်ကွင်းဆင်းပါကြောင်း၊ လုပ်ငန်းတိုးတက်မှုများကို သုံးသပ်ပြီး အခါအားလျော်စွာ အလုပ်ရုံဆွေးနွေးပွဲများတွင် အားသာချက်၊ အားနည်းချက်များကို အကြံပြုပါကြောင်း၊ CF လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပြီး အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသည့် တားမြစ်ချက်များ၊ ဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်သည့် CF များကို စိစစ်ပြီး ပယ်ဖျက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးနေထက်ဝင်း (ဆင်ပေါင်ဝဲမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော၊ ဒေသခံပြည်သူဆိုပြီး ခေါင်းစဉ်တပ်ထားသော်လည်း ရန်ကုန်မှ စစ်ကိုင်းတိုင်းဒေသကြီးထဲသွားပြီး အစုအဖွဲ့ပိုင်သစ်တောများ လျောက်ထားခြင်း မျိုးများရှိပါကြောင်း၊ နေပြည်တော်ကလည်း ကျန်သည့်နေရာမျိုးများတွင် ယခုလိုမျိုး လျှောက်ထားခြင်းမျိုးများလည်း ရှိပါကြောင်း၊ ယခု အသစ်ပြဋ္ဌာန်းလိုက်သည့် ၂၀၁၆ ခုနှစ် ညွှန်ကြားချက်တွင် အသုံးပြုသူများ အဖွဲ့ဆိုသည်မှာ သစ်တောများအတွင်း သို့မဟုတ် သစ်တောအနီး ငါးမိုင်ပတ်လည်တွင် ငါးနှစ်တစ်ဆက်တစ်စပ်တည်း အခြေချနေထိုင်ခဲ့သော ဒေသခံပြည်သူများအနေဖြင့် သစ်တောလုပ်ငန်းကို စိတ်ဝင်စားပြီး သစ်တောကို အမှန်တကယ်မှီခိုအသုံးပြု၍ တိုက်ရိုက်အကျိုးသက်ဆိုင်သည့် အိမ်ထောင်စုများဖြင့် ဖွဲ့စည်းထားသော ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို ဆောင်ရွက်သည့်အဖွဲ့ကို ဆိုလိုခြင်းဟု ပြထားခြင်းဖြစ်ပါကြောင်း၊ ၎င်း ညွှန်ကြားချက်အရ ယခင်ကာလများက ဒေသခံပြည်သူမဟုတ်ဘဲ လုပ်ပိုင်ခွင့်ရယူထားသည့် အနေအထားများကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားရန် အစီအစဉ်အခြေအနေများကို သိလိုသည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
၂၀၁၆ ခုနှစ်တွင် ပြန်လည်စိစစ်သည့်အခါ အဖွဲ့ဝင်ပေါင်း ၂၀၈ ဦး ပါဝင်သည့် အဖွဲ့ပေါင်း ၅၃ ဖွဲ့၏ ဧရိယာ ၃၇၈၈ ဧကကို ပယ်ဖျက်သည့်အထဲတွင် ၎င်းခုနှစ်က ဒေသကျော်ပြီး လုပ်သည့်ပုဂ္ဂိုလ်များ ပါဝင်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
