လှိုင်သာယာမြို့နယ်မှာ လူဦးရေရှစ်သိန်းကျော်ခန့်နေထိုင်ပြီး လူနေထူထပ်သော မြို့နယ်တစ်ခု ဖြစ်သောကြောင့် လူငယ်လူရွယ်များ စာရိတ္တမြင့်မားရေး၊ ကိုယ်ကာယကြံ့ခိုင်ရေး ကျန်းမာသန်စွမ်း စေပြီး မူးယစ်ဆေးဝါးအန္တရာယ် ဒုစရိုက်လောကမှ ကင်းဝေးနိုင်စေရန်နှင့် အားကစား စိတ်ဓာတ် မြင့်မားလာစေပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်စေရန်အတွက် အဆင့်မီအားကစားကွင်း လိုအပ်လျက် ရှိနေပါသဖြင့် ပြည်သူများက အဆင့်မီအားကစားကွင်းအဖြစ် ပေါ်ပေါက်လာရေးအတွက် များစွာမျှော်လင့် တောင့်တနေကြပါကြောင်း၊ မိမိတို့မြို့နယ်တွင် အားကစားဆောင်ရွက် နိုင်ရန်အတွက် ကစားစရာအားကစားကွင်းများ၊ ကစားစရာနေရာများ မရှိတော့သဖြင့် လူငယ်များအားကစား မလုပ်နိုင်ကြသည့်အတွက် ဒုစရိုက်အမှောင်လောကနှင့် မူးယစ်ဆေးဝါး လောကကို တွန်းပို့ပေးသကဲ့သို့ ဖြစ်နေပါကြောင်း၊ လူငယ်လူရွယ်များ အားကစား မလုပ်နိုင်ပါက ကျန်းမာသန်စွမ်းရေး၊ စာရိတ္တမြင့်မားရေး၊ ကိုယ်ကာယကြံ့ခိုင်ရေးလည်း မကောင်းနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောင်မြေသာယာကွင်းအား အုတ်ခြံစည်းရိုးခတ်ခြင်း၊ အဆင့်မီ အားကစားကွင်းအဖြစ် ပြုပြင်တည်ဆောက်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အဆင့်မီအားကစားကွင်းအဖြစ် ဘဏ္ဍာနှစ်အလိုက် ပြုပြင်တည်ဆောက် ပေးမည်ဆိုပါက မည်သည့်အချိန်ကာလမှ စတင်တည်ဆောက်ပေးမည်နှင့် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်မပေးနိုင်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက် ယခင်အောင်မြေသာယာ ဘောလုံးကွင်းမြေနေရာအား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၇-၁၁-၂၀၁၇ ရက်နေ့ နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၃၆/၂၀၁၇) ဖြင့် အများပြည်သူအကျိုးငှာ အားကစားကွင်းအတွက် အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းခဲ့ပါကြောင်း၊ ၎င်း လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာစက်မှုဇုန်၊ ရပ်ကွက်အမှတ် (၂) တွင် ရှိပါကြောင်း၊ (အလျား ၆၀၀ ပေxအနံ ၄၀၀ ပေ) ပွဲကြည့်စင်ပါ မြို့နယ်အဆင့်အားကစားကွင်းနှင့် (အလျား ၁၂၀ ပေxအနံ ၁၁၅ ပေ) ရှိ လျှာထိုးကြမ်းခင်းပါ (က)အဆင့်အားကစားရုံတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီး ဌာနကနေပြီး ၂၀၀၄ ခုနှစ်တည်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်း အားကစားကွင်းတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ ဦးစီး၍ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲများ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်အားကစားပြိုင်ပွဲများ ကျင်းပပေးလျက် ရှိပါကြောင်း။
ယခုအခါ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေမှ လှိုင်သာယာမြို့နယ်အားကစားရုံ အမိုး၊ ကြမ်းခင်းနှင့် တံခါးပေါက် ပြင်ဆင်ခြင်း လုပ်ငန်းအတွက် ငွေကျပ် ၅၀၃ သိန်းနှင့် ဘောလုံးကွင်းသဲဖြည့်ခြင်း၊ Scored Board ပြုပြင်ခြင်းနှင့် ပွဲကြည့်စင်ပြင်ဆင်ခြင်း လုပ်ငန်းများအတွက် ငွေကျပ် ၃၀ သိန်း စုစုပေါင်း ကျပ် ၅၃၃ သိန်းနှင့် လုပ်ငန်းများ ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်ရှိ ယခင် အောင်မြေသာယာဘောလုံးကွင်းအား မြို့နယ်အဆင့်ကွင်းအဖြစ် ပြန်လည်ပြုပြင် တည်ဆောက်ရေးကိစ္စနှင့် ပတ်သက်၍ ၁-၁၀-၂၀၁၈ ရက်နေ့မှစတင်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းတွင် ခွင့်ပြုလျာထားတင်ပြပေးပြီး ခွင့်ပြုချက်ရရှိပါက လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း လူဦးရေ ခြောက်သိန်းကျော်ရှိသည့်အတွက် ချမ်းသာသည့် ရပ်ကွက်မဟုတ်သော်လည်း အားကစားကိစ္စကို ပိုမိုလုပ်နိုင်ရန်အတွက် မိမိတို့အမြန်ဆုံး Outdoor Equipment များကို လှိုင်သာယာကိုပေးပါမည်။ ထို့အပြင် Table Tennis ခုံများကို ထားလို့ရမည်ဆိုပါကလည်း Table Tennis ခုံကို ဘက်တံနှင့် နပ် (စ်) များကိုလည်းပေးမည် ဖြစ်ပါကြောင်း၊ ပြည်သူများ National Fitness ရရန် အထူးသဖြင့် လှိုင်သာယာစက်မှု ဇုန်တွင်နေထိုင်သော ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင်ရေးသည် အလွန်အရေးကြီးသည့်အတွက် ၎င်းတို့ ကျန်းမာကြံ့ခိုင်မှသာလျှင် ဆေးရုံများကို လူနာများနည်းမည် ဖြစ်သည့်အတွက် ၎င်းကိစ္စကို အထူးဦးစားပေးကိစ္စအနေဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
