(က)-ငပုတောမြို့နယ်ရှိ ပုသိမ်-သလပ်ခွာ-မော်တင်စွန်းလမ်းသို့ ဆက်သွယ်ထားသော ငရုတ်ကောင်း- ငရုတ်ကောင်း(တောင်)လမ်းအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ဖောက်လုပ်ပေးနိုင်နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၅.၃.၂၀၁၈)

ပြည်ထဲရေးဝန်ကြီးဌာန၏ ၁-၄-၂၀၁၄ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာစာအမှတ်၊ ၁၀၀/၂၂-၃၅၈ U ၁ အရ ငရုတ်ကောင်းမြို့နယ်အဆင့်သို့လည်းကောင်း၊ ကြေညာချက်အမှတ်၊ ၁၀၀/၂၄-၅၀ U ၁ အရ ငရုတ်ကောင်းမြို့ အဖြစ်သို့လည်းကောင်း တိုးမြှင့်ခြင်းခံခဲ့ရပါကြောင်း၊ ငရုတ်ကောင်းမြို့တွင် ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ရပ်ကွက် နှစ်ခုရှိပြီး ကျေးရွာပေါင်း ၆၈ ရွာရှိပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ လူဦးရေ ၄၁၁၉၄ ဦး နေထိုင်ပါကြောင်း၊ ငရုတ်ကောင်းမြို့သည် ရိုးမဟုခေါ်သည့် အနောက်ရိုးမတွင် တည်ရှိပြီးဘင်္ဂလားပင်လယ်ကမ်းခြေလည်း တည်ရှိပါကြောင်း၊ မြို့အဖြစ် သတ်မှတ်ထားသော်လည်း လမ်းပန်းဆက်သွယ်ရေးမှ ခက်ခဲကြမ်းတမ်း၍ အန္တရာယ်များလည်း ပြည့်နှက်နေပါကြောင်း၊ လက်ရှိအနေအထားအရ ကျောက်ချောလမ်းအဆင့်သာရှိပါကြောင်း၊ တောင် ကုန်းအတက်အဆင်းများ ထူထပ်သည့်နေရာတွင် ကွန်ကရစ်လမ်းပိုင်းများအဖြစ် စတင်ဆောင်ရွက် နေသည်ကိုတွေ့ရှိရပါကြောင်း၊ ၎င်းလမ်းသည် ရခိုင်ရိုးမတောင်တန်းတောင်ဆွယ်များကို ဖြတ်သန်း ဖောက်လုပ်ထားသည့်အတွက် အကွေ့အကောက်များ ပေါများခြင်း၊ အဆင်းအတက် ကြမ်းတမ်းခြင်း၊ ချောက်ကမ်းပါးများ နက်ရှိုင်းစွာတည်ရှိခြင်းတို့ကြောင့် ယာဉ်အန္တရာယ်များနှင့်လည်း မကြာခဏကြုံတွေ့နေရပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ယာဉ်မတော်တဆမှုနှင့် လမ်းပိတ်ဆို့မှုများသည် ငါးကြိမ်နှင့်အထက် ရှိခဲ့ပါကြောင်း၊ ကမ်းခြေတစ်လျောက်ရှိ ပြည်သူလူထု၏ ကုန်စည်ပို့ဆောင်ခြင်း၊ တင်သွင်းခြင်းတို့ကို ၎င်းလမ်းတစ်ကြောင်းထဲကိုသာ အားထားအသုံးပြုနေ ရသည့်အတွက်  သယ်ယူပို့ဆောင်ရေးကဏ္ဍသည် မရှိမဖြစ်လိုအပ်သည့် အရေးပေါ်အခြေအနေ ဖြစ် ပါကြောင်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကို ပင်လယ်လမ်းမှ သယ်ဆောင်မည်ဆိုပါက သယ်ယူ စရိတ်များပြားခြင်း၊ အန္တရာယ်ပေါများခြင်းတို့ကြောင့် ငရုတ်ကောင်း (တောင်)လမ်းအား ကွန်ကရစ် လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့် ပေးနိုင်ရန် မည်ကဲ့သို့အထူးပြုစီမံ ဆောင်ရွက် နေသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ငရုတ်ကောင်း(တောင်) - ငရုတ်ကောင်းလမ်း ၁၇ မိုင် ၆ ဖာလုံသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ ၃၁-၃-၁၇ ရက်နေ့အထိ လမ်းအမျိုးအစားမှာ ကွန်ကရစ်လမ်း  ၁ မိုင်၄ ဖာလုံ ကျောက်ချောလမ်း ၁၆ မိုင် ၂ ဖာလုံ ဖြစ်ပါကြောင်း၊  ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သောလုပ်ငန်းဖြစ်ပြီး ငရုတ်ကောင်းမြို့တွင်းအပိုင်း ၁ မိုင်အား ၁၈ ပေအကျယ် ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီး ၁၂ မိုင် ၆ ဖာလုံ ချောင်းကျောက် သုံးလက်မခင်းခြင်းလုပ်ငန်းလည်း ၉၅ ရာခိုင်နှုန်း ဆောင်ရွက်နေပြီးဖြစ်ပါ ကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမနှစ် ခြောက်လရန်ပုံငွေတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ Box Culvert တစ်စင်း ၊ ရေပြွန်ရှစ်စင်းနှင့် မြေကာနံရံများ ကျောက်စီရေမြောင်း မီတာ ၁၀၀ အရှည်တို့၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား  ရန်ပုံငွေလျာထားပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် ၁၂ လဘတ်ဂျက်တွင် စုစုပေါင်း ၄ မိုင် ၂ ဖာလုံကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဆင့်တိုးမြှင့်ရန် မိုင်တိုင် ၉ နှင့် ၁၁ ကြားရှိအန္တရာယ်ကုန်းဆင်းအကွေ့များကို ရှောင်ကွင်းနိုင်ရန် လမ်းအူကြောင်းအသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား တောင်းခံထားပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူ တည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။