မှတ်တမ်း - ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၇.၁.၂၀၁၈) မှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့(၁၇.၁.၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ   ၁၇  ရက်)

၁။    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၃ )ဦးအနက် ( ၃၈၃ )ဦး တက်ရောက်သည်။

၂။    လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
    

(က)    ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
        

(၁)    ဦးခွန်သန်းထူး၊ ဆီဆိုင်မဲဆန္ဒနယ်မှ မေးမြန်းသော ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်တိုက်နယ် ဆေးရုံအား စံကိုက်ဆေးရုံအဖြစ် တည်ဆောက်ပေးရန် အစီစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝန်ထမ်းအိမ်ရာများကို ဦးစားပေးဆောက်လုပ် ပေးမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စံကိုက်အဆောက်အဦအဖြစ်ပါဝင် အောင် ဘတ်ဂျက်တွင်ရေးဆွဲပြီး ထည့်သွင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
        

(၂)    ဦးမျိုးဇော်ဦး၊ လယ်ဝေးမဲဆန္ဒနယ်မှ မေးမြန်းသော လယ်ဝေးမြို့နယ်ပိုင် အားကစား ကွင်းသစ်ကို မည်သည့်ဘဏ္ဍာနှစ်တွင် အပြီးသတ်တည်ဆောက်ပေးမည်နှင့်အားကစား သမားများ လေ့ကျင့်ခန်းဆင်းခြင်း၊ ဘောလုံးကစားခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် လေ့ကျင့်ရေးကွင်းတွင် အခမဲ့ကစားခွင့်ပြု/မပြု သိလိုခြင်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက  ၂၀၁၈ ခုနှစ်၊ ဧပြီလမှစတင်၍ လယ်ဝေးအားကစားကွင်းသစ် တည်ဆောက်ခြင်း လုပ်ငန်းများအား စတင်ဆောက်ရွက်သွားမည်ဖြစ်ပြီး ယခင်မြို့နယ်အားကစားကွင်း ဟောင်းတွင် အားကစားသမားများအား အခမဲ့ကစားရန် ခွင့်ပြုပေးလျက်ရှိပြီး တစ်နှစ် ပတ်လုံး လေ့ကျင့်ကစားနိုင်ရေးအတွက် ခွင့်ပြုပေးထားပါကြောင်းနှင့် မည်သည့် အားကစားကွင်းတွင်မဆို အခမဲ့ဝင်ရောက်လေ့ကျင့်နိုင်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
       

(၃)    ဦးဝင်းမင်း၊ လှိုင်သာယာမဲဆန္ဒနယ်မှ မေးမြန်းသော လှိုင်သာယာမြို့နယ် အမှတ်(၆) ရပ်ကွက် ယခင်အောင်မြေသာယာဘောလုံးကွင်းအား မြို့နယ်အဆင့် ဘောလုံးအား ကစားကွင်းအဖြစ် သတ်မှတ်ပေးပြီး အဆင့်မီအားကစားကွင်းအဖြစ် ပြန်လည်တည် ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ၁.၁၀.၂၀၁၈ ရက်နေ့မှာ စတင်မည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေစာရင်းတွင် အဆိုပြုလျာထားတင်ပြပေးပြီး ခွင့်ပြုချက်ရရှိပါက လုပ်ငန်း များဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၄)    ဦးခင်မောင်လတ်၊ မြန်အောင်မဲဆန္ဒနယ်မှ မေးမြန်းသော  မြန်အောင်မြို့နယ် တိုင်းရင်း ဆေးကုဌာန၊ အန္တရာယ်ရှိအဆောက်အဦအားဖျက်သိမ်း၍ အဆောက်အဦအသစ် ဆောက်လုပ်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထားမည်ဖြစ်ပြီး ပြင်ထိန်းစရိတ်ဖြင့် အန္တရာယ်မရှိစေရန်အတွက် ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၅)    ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ ဒေါပုံမဲဆန္ဒနယ်မှ  မေးမြန်းသော ပြည်ထောင်စုအစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုများတွင်  ပြည်သူလူထု ပိုမိုအားထားလာသော မျက်စိ အထူးကုဆေးရုံကြီး(YANGON EYE HOSPITAL)အား ဆေးရုံအဆင့်တိုးမြှင့် ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သည် ဝန်ထမ်းအိမ်ရာများကို ဦးစားပေးဆောက်လုပ်မည့်နှစ်ဖြစ်ပါသဖြင့် တိုးချဲ့ခွဲစိတ်ခန်းနှင့် ပြင်ပလူနာဌာနအသစ်ဆောက်လုပ်ခြင်းကို ၂၀၁၉-၂၀၂၀ တွင် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ဗဟိုနှင့်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစိစစ်ပြီး လိုအပ်လျှင်လိုအပ်သလို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
        

(၆)    ဦးအောင်စိုး၊ ယင်းမာပင်မဲဆန္ဒနယ်မှ မေးမြန်းသော ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင် ကျေးရွာအုပ်စု၊ ရင်ပေါင်တိုင်ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ် ပေးရန် သင့်လျော်မှုမရှိသေးပါကြောင်းနှင့် လစ်လပ်လျက်ရှိသော သားဖွားဆရာမ နေရာအတွက် ယခုဇန်နဝါရီလနှင့် ဖေဖော်ဝါရီလမှာ ခန့်မည့်သားဖွားဆရာမ (၁၀၄၆)ဦး ထဲမှ ဦးစားပေးခန့်ထားမည်ဖြစ်ကြောင်းနှင့် လိုအပ်သောဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ခ)    အဆို(၁)ခုတင်သွင်းခြင်း
        နိုင်ငံ့ဝန်ထမ်းများအတွင်း သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီပြီး ထူးချွန်စွာ တာဝန် ထမ်းဆောင်သူများမှ သင့်လျော်သော ဝန်ထမ်းအရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင် အယောင်များ၊ အပန်းဖြေလေ့လာရေးခရီးစဉ်များ၊ နိုင်ငံရပ်ခြား ပညာတော်သင်ခရီးစဉ်များ နှင့်အခြားသော ဂုဏ်ပြုချီးမြှင့်၊ အသိအမှတ်ပြုမှုများ ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်း တို့၏ စိတ်ဓာတ်နှင့်လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဒေါက်တာဦးအေးမင်း၊ ခရမ်းမဲဆန္ဒနယ်က တင်သွင်းပြီး     ဒေါ်အေးမြမြမျိုး၊ ကျောက်တန်းမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုသဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေဖြင့် ၁၈.၁.၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ (၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်ပါသည်။

(ဂ)    ဥပဒေကြမ်းတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၁၉.၁.၂၀၁၈ ရက်( သောကြာနေ့ )  ညနေ(၄) နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
    

၃။    အစည်းအဝေးကို နံနက်( ၁၁ )နာရီ ( ၁၀ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၁၈.၁.၂၀၁၈ ရက်  ( ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။