ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၅ )ဦးအနက် ( ၄၀၆ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၅)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးတင်ကိုကိုဦး၊ ဘီးလင်းမဲဆန္ဒနယ်မှ မေးမြန်းသောလမ်းတံတားများကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းခွင်နှင့် အင်ဂျင်နီယာ၊ စက်ယန္တရားပြည့်စုံမှု၊ ကျွမ်းကျင်အလုပ်သမားကိစ္စ၊ အချိန်မီပြီးစီးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေးအတိုင်း ပြည့်မီ ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လုပ်ငန်းဆောင်ရွက်ခြင်း မပြုမီ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ဒီဇိုင်းအဖွဲ့များက ကွင်းဆင်းတိုင်းတာ ပုံထုတ်ထားသော ဒီဇိုင်းများအရသာ လုပ်ငန်းများကို ဆောင်ရွက်စေလျက်ရှိပြီး တာဝန်ခံ အင်ဂျင်နီယာများအနေနှင့် မိမိတို့ဆောင်ရွက်သည့်လုပ်ငန်း၏ ရန်ပုံငွေစာရင်း၊ ခန့်မှန်း ခြေစာရင်း၊ ဒီဇိုင်းများကို စစ်ဆေးခံပြသနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရန် ညွှန်ကြားထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ်မှ မေးမြန်းသော ထီးချိုင့်မြို့နယ်အတွင်းရှိ ကွမ်းတုံ-ရွှေကျောင်း-ကွမ်းဘောင်-အောင်ချမ်းသာ ကျေးလက်လမ်းအား ရာသီမရွေးသွားနိုင်သော လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြသွားမည်ဖြစ်ပါ ကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်မှ မေးမြန်းသော စေတုတ္တရာမြို့နယ်၊ ဖျင်ကြီးကျေးရွာမှ ငဖဲ-စေတုတ္တရာ-ဆော ခရိုင်ချင်းဆက်လမ်းသို့ ရာသီမရွေးသွား လာနိုင်သော မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တိုင်းဒေသကြီး/ပြည်နယ်များမှ ရေးဆွဲတင်ပြလာသည့် လုပ်ငန်းများအပေါ်မှာ စိစစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ တင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ မေးမြန်းသော လမ်းတံတားကြေးကောက်ယူ ခွင့်ရကုမ္ပဏီအဖွဲ့အစည်းများ၏ စာချုပ်ပါစည်းကမ်းနှင့်အညီ ဆောင်ရွက်မှုရှိ/မရှိ စည်းကမ်းနှင့်အညီ လုပ်ဆောင်မှုကို မည်သို့အရေးယူဆောင်ရွက်ပြီး ကြီးကြပ်ကွပ်ကဲရန် တာဝန်ပျက်ကွက်သော တာဝန်ရှိဝန်ထမ်းအဖွဲ့ကို မည်သို့အရေးယူရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက B.O.T စနစ်ဖြင့် ခွင့်ပြုထားသော လမ်းပိုင်းများအား စာချုပ်ပါစည်းမျဉ်းစည်းကမ်း များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးအတွက် B.O.Tကုမ္ပဏီများသို့ ကြပ်မတ် ညွှန်ကြားလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါ်ချိုချိုဝင်း၊ မော်လိုက်မဲဆန္ဒနယ်မှ မေးမြန်းသော ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း မုံရွာ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း လမ်းမကြီးအား မည်သည့်စီမံကိန်း ရည်မှန်းချက်များ၊ မည်သို့သောအစီအမံများဖြင့် ဆောင်ရွက်နေပြီး မည်သည့်အချိန်ကို ပြီးစီးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ စီမံချက်များရေးဆွဲထားရှိပြီး ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုကိုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဒဂုံမဲဆန္ဒနယ်မှ တင်သွင်းသည့် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှာ အကြိုအဖွဲ့ဝင် (Candidate)အနေဖြင့် ဝင်ရောက်ခဲ့သည့် Extractive Industries Transparency Initiative (EITI) ဆိုသည့် သဘာဝသယံဇာတ တူးဖော် ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး၊ ဆောင်ရွက်နေသည့် အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတတူးဖော် ထုတ်လုပ်ခြင်းကဏ္ဍမှ ရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စု ဘဏ္ဍရန်ပုံငွေသို့ အလုံးစုံ ဝင်ရောက်နိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ် (၇) ဦးမှ ဆွေးနွေးပြီး အဆိုအားလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နေ့လယ်( ၁၂ )နာရီတိတိတွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပြီးဆုံးကြောင်းကြေညာခဲ့သည်။
