ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၈.၈.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၀ )ဦးအနက် ( ၃၆၆ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က မေးမြန်းသော မြို့နယ်များတွင် ဖွင့်လှစ်ထားရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)လုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထား     သနည်း၊ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)အတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းကိရိယာများနှင့် ရုံးလုပ်ငန်း အသုံးစရိတ်များအတွက် သီးခြားရန်ပုံငွေ ခွင့်ပြုချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက (OSS) ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူများရင်းနှီးသိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးရုံးများမှတဆင့် အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို အသိပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သော အထောက်အကူပစ္စည်းကိရိယာများနှင့် ရုံးလုပ်ငန်း အသုံးစရိတ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အစီအမံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

          (၂)    ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံ့ဝန်ထမ်းများ Passport  လျှောက်ထားခွင့်နှင့် (VISA) ကင်းလွတ်ခွင့် ပြုထားသော နိုင်ငံများသို့ ခရီးသွားလာလိုလျှင် ပြည်ပထွက်ခွာခွင့် (Ex-Myanmar Leave) အား  နေပြည်တော် ရုံးချုပ်အထိ တင်ရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် အစီအစဉ်မရှိပါ ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဖြေကြားချက်ကို ပေါင်းစပ်ပြီး ပြန်လည် ဖြေကြားခဲ့သည်။

          (၃)    ဒေါက်တာဦးအောင်နိုင်၊ သပိတ်ကျင်းမဲဆန္ဒနယ်က မေးမြန်းသော ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ နှိမ်နင်း နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်မူးယစ်အထူးတပ်ဖွဲ့ကို ဖွဲ့စည်းတာဝန် ချထားပေးနိုင်ခြင်း ရှိ၊ မရှိ၊ မော်တော်ယာဉ်ဖြည့်ဆည်းပေးနိုင်မှု ရှိ၊ မရှိနှင့် ပြင်ဦးလွင်ခရိုင်ရုံးသို့ တရားစွဲဆို တင်ပို့ရာတွင် တွေ့ကြုံရသောအခက်အခဲကို မည်သို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက သပိတ်ကျင်းမြို့နယ်အတွင်း ၁၆.၆.၂၀၁၈ ရက်နေ့မှစ၍ နယ်မြေခံရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လိုအပ်သည့် မော်တော်ယာဉ်ဝယ်ယူရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (မူလ)ခန့်မှန်းခြေစာရင်းတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

          (၄)    ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က မေးမြန်းသော ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးအုပ်ချုပ် ရေးမှူး ရာထူးတာဝန်များကို အမျိုးသမီးများ ခန့်အပ်ထားရှိတာဝန်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်းငယ် အမျိုးသမီးများအနေဖြင့် ရာထူးများအဆင့်ဆင့် တိုးမြှင့်ရရှိသည့်အချိန်တွင် အုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်ခွင့် ရရှိလာကြမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၅)    ဦးမောင်မောင်ဦး၊ အင်းစိန်မဲဆန္ဒနယ်က မေးမြန်းသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မိုင်နှုန်းအရှိန်ထက် ပိုမိုမောင်းနှင်နေသော ကားများအား မည်သို့မည်ပုံဖမ်းဆီး အရေးယူနေသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ခေတ်မီရွှေ့လျားတိုင်းတာစက်များဖြင့် အခိုင်အမာမှတ်တမ်းရယူပြီး တည်ဆဲဥပဒေ နှင့်အညီ သက်ဆိုင်ရာတရားရုံးသို့ တရားစွဲတင်ခြင်း၊ တည်ဆဲဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ အမိန့်ချမှတ်ခြင်းဖြစ်ပါကြောင်း၊ တရားရုံးများမှ ငွေဒဏ်အမိန့်ချမှတ်၍ ရရှိသော ဒဏ်ကြေးငွေများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းလျက်ရှိ ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၆)    ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်က မေးမြန်းသော ဝင်းမာလာအောင် ကုမ္ပဏီမှ အများပြည်သူသွားလာသည့်လမ်းအားပိတ်၍ ခြံဝင်းခတ်ထားခြင်းကို ဂရန်ချပေး ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၇၊ ဇန်နဝါရီလတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး ဂရန်ပြန်လည်ပယ်ဖျက်ပေးရန် ညွှန်ကြားကြောင်း သိရှိရသော်လည်း တစ်နှစ်ခွဲကျော် ကြာသည့် ယခုထက်တိုင် လမ်းကို ဖွင့်မပေးသည့်ကိစ္စအား ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် မည်သို့စီစဉ်ထားသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက မကွေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုတွဲတွင် လိုအပ်လျက်ရှိသော အထောက်အထားအချက်အလက်များ ပြည့်စုံစွာ ပြန်လည်တင်ပြလာပါကဥပဒေ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )  အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၊ ဘီးလင်းမဲဆန္ဒနယ်က တင်သွင်းသည့် အစိုးရဌာန အဖွဲ့အစည်းများ၏ ဝန်ဆောင်ပေးမှုများကို ပြည်သူများ အမှန်တကယ်ရရှိခြင်းဖြင့် အစိုးရနှင့် ပြည်သူကြား အပြန်အလှန်ယုံကြည်မှုမြင့်တက်စေပြီး ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်သောကြောင့် One Stop Shop ကို One Stop Service သို့ အဆင့်မြှင့်အကောင်အထည်ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ်(၆)ဦးမှ ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၂၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၁၀.၈.၂၀၁၈ ရက် (သောကြာနေ့)နံနက်         ၁၀ နာရီတွင် လျာထားပါသည်။