ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၆.၈.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၆ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၀ )ဦးအနက် ( ၃၅၈ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း

          (၁)    ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်က မေးမြန်းသော မော်တော်ယာဉ်ပြုပြင် သည့်လုပ်ငန်း Auto Service Industry တိုးတက်စေရန် လက်မှတ်ရ ကျွမ်းကျင် စက်ပြင်ဆရာ၊ သတ်မှတ်မြေနေရာနှင့် လုံလောက်သော သတ်မှတ် ပစ္စည်းကိရိယာများ ရှိမှသာ ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့များ ဖွင့်လှစ်ပေးသည့်စနစ်မျိုး ဖန်တီးပေး နိုင်ခြင်း  ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက မော်တော်ယာဉ်ဆိုင်ရာ မူဝါဒပြဋ္ဌာန်းရေးနှင့် မူဝါဒနှင့်အညီ  ရေးဆွဲ ထားသည့် ဥပဒေနှင့် နည်းဥပဒေများကို ရေးဆွဲလျက်ရှိရာ အတည်ပြုပြဋ္ဌာန်း  ပြီးပါက အဆိုပါ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများပါ စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျ ပိုမိုသွက်လက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင် မည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား ပြန်လည်ဖြေ ကြားခဲ့သည်။

          (၂)    ဦးခင်မောင်လတ်၊ မြန်အောင်မဲဆန္ဒနယ်က မေးမြန်းသော ရွှေကျင်-ထူးကြီး လမ်းအရှည်၏ အလယ်တွင်ရှိသော မြန်အောင်မြို့နယ် တောင်ဘက်ဒေသ အရှေ့ အနောက်ထွက်ပေါက် အဓိကတံတားဖြစ်သည့် အုန်းနှဲကုန်းတံတားအား တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေများ ပါဝင်ခြင်း မရှိသေးသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

            (၃)    ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်က မေးမြန်းသော မြေပုံမြို့နယ်၊ ရေခေါင်းချိန်ကျေးရွာ နှင့်အမ်းမြို့နယ်၊ ရူးကျေးရွာကို ဆက်သွယ်ပေးမည့် ရူး-ရေခေါင်းချိန် ကျေးရွာ ချင်းဆက်မြေသားလမ်းနှင့် ယင်းလမ်းပေါ်ရှိ တံတားများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေများထည့်သွင်း လျာထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၄)    ဦးနေလင်းအောင်၊ မင်းတပ်မဲဆန္ဒနယ်က  မေးမြန်းသော  မင်းတပ်မြို့နှင့် မကွီအိမ်နူး မြို့ကို ဆက်သွယ်ထားသော လမ်းပေါ်ရှိ အုံရွာနှင့် ကင်းလှိရွာကြား မုန်းချောင်းကို ဖြတ်၍ ကွန်ကရစ်တံတားတည်ဆောက်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပါဝင်ခြင်းမရှိသေးသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

         (၅)    ဦးကျော်မြင့်၊ တိုက်ကြီးမဲဆန္ဒနယ်က မေးမြန်းသော တိုက်ကြီးမြို့နယ်၊ အဖျောက် မြို့သို့ ဆက်သွယ်သွားလာရေးအတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများသည် ရာသီမရွေးသွားလာနိုင်သည့်လမ်း မရှိသောကြောင့် ကုန်ထုတ် ဆက်သွယ်ရေးလမ်းတစ်ခု ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက နှစ်အလိုက် ရန်ပုံငွေများတင်ပြတောင်းခံပြီး ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                (၆)            ဦးအောင်သိုက်၊ ဆိပ်ဖြူမဲဆန္ဒနယ်က မေးမြန်းသော ရွာသာအေး၊ လိပ်ခြံရွာချင်းဆက် ရှစ်ချောင်းရေကျော်အား ကွန်ကရစ်ရေမြောင်းအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှစ၍ ဘဏ္ဍာငွေများတင်ပြသွားပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပကြောင်းပြန်လည် ဖြေကြားခဲ့သည်။

( ခ )  နည်းဥပဒေများနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော စုပေါင်းပိုင် အဆောက် အအုံဆိုင်ရာ နည်းဥပဒေများ နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် (၄)ချက်ဖြင့် တင်ပြလာမှုအပေါ် သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

( ဂ )  အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးကျော်ဆွေဝင်း၊ ကော့မှူးမဲဆန္ဒနယ်က တင်သွင်းသည့် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းတွင် BOT ( Build,Operate,Transfer) စာချုပ်များဖြင့် ဆောင်ရွက်လျက်ရှိကြသော လမ်းမကြီးများသည် နိုင်ငံတော်နှင့် ချုပ်ဆိုခဲ့ကြသော စာချုပ်ပါ စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြခြင်း ရှိ၊မရှိစိစစ်၍ တာဝန်ကျေ၊ တာဝန်ခံမှု မရှိသူများကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလာစေရေး စီမံခန့်ခွဲ ထိန်းချုပ်ခြင်းဖြင့် နိုင်ငံတော်ပုဂ္ဂလိက ပူးပေါင်းသည့် PPP (Private-public Partnership) ပြည်သူ့ဝန်ဆောင်မှု စနစ်ကောင်းများ ဖြစ်ပေါ်လာစေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ် (၁၇) ဦးမှ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို မွန်းလွဲ ၁ နာရီ ၃၅  မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပမည့် ရက်ကို ၈.၈.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။