ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် (၄၃၀)ဦးအနက် ( ၃၇၈ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးဦးလှစော၊ မြောက်ဦးမဲဆန္ဒနယ်က မေးမြန်းသော တိုင်းရင်းမီဒီယာများ ရှင်သန် ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားသတင်းမီဒီယာကျောင်း(ကောလိပ်)ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးအရတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး များ၏ ပေါင်းစပ်ညှိနှိုင်းမှုနှင့် အကောင်အထည်ဖော်နိုင်ရန် သင့်တော်ပါကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအနေနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပံ့ပိုး ကူညီပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၇-၂၀၁၈ ခုနှစ်၌ ကျင်းပခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအဆင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ပွဲများတွင် မည်သည့်ငွေစာရင်းခေါင်းစဉ်ဖြင့် စီစဉ်ဆောင်ရွက် ခဲ့ပါသနည်း၊ နောင်တွင် ကျင်းပမည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးချယ်ပွဲ များတွင် အဆင်ပြေစွာ ကျင်းပဆောင်ရွက်သွားနိုင်ရန် ဘဏ္ဍာငွေစာရင်းခေါင်းစဉ် သီးသန့် ခွဲဝေချမှတ်ပေးရန် အစီအစဉ်၊ရှိ၊ မရှိနှင့် သက်ဆိုင်ရာ ကျေးရွာတာဝန်ခံ များကိုလည်း ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရက်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲတွင် ကျခံသုံးစွဲ ရမည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းနှင့်အညီ ကျခံ သုံးစွဲလျက်ရှိပါသဖြင့် သီးသန့်ငွေစာရင်းခေါင်းစဉ် သတ်မှတ်ပေးရန် အစီအစဉ်မရှိ ပါကြောင်းနှင့် ရက်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေတွင် ကျေးရွာတာဝန်ခံများအား ချီးမြှင့်ထောက်ပံ့ငွေ သတ်မှတ်ပေးရန် ပြဋ္ဌာန်းထားခြင်း မရှိပါသဖြင့် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(၃) ဦးစိုင်းဖိုးမြတ်၊ မူဆယ်မဲဆန္ဒနယ်က မေးမြန်းသော မူဆယ်မြို့တွင် နိုင်ငံကူး လက်မှတ်(Passport) ထုတ်ပေးသည့် ရုံးခွဲဖွင့်လှစ်ထားရှိပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လက်ရှိအခြေအနေတွင် မူဆယ်မြို့၌ သာမန်မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်က မေးမြန်းသော တောင်ကုတ်မြို့နယ်၊ တောင်ကုတ်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၏ ဟောင်းနွမ်းဆွေးမြည့်နေသော နေအိမ် လိုင်းခန်း အဆောက်အဦများကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေတွင် တင်ပြတောင်းခံသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးနိုင်နိုင်ဝင်း၊ တမူးမဲဆန္ဒနယ်က မေးမြန်းသော တမူးမြို့နယ်အတွင်းရှိ ကျေးလက်နေ မြေယာမဲ့ပြည်သူများနေထိုင်ရန် မြေနေရာခွင့်ပြုချထားပေးနိုင်ရေး မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လက်ရှိမြေပြင်တွင် မူလရွာမြေဧရိယာကို ကျော်လွန်အသုံးပြုထားရှိသည့် မြေဧရိယာများကို ကျေးရွာနယ်နိမိတ်တိုးချဲ့ပြင်ဆင် ဖွဲ့စည်းနိုင်ရေးတို့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စား ပြန်လည်ဖြေကြားခဲ့ သည်။
(၆) ဦးအောင်ကျော်ကျော်ဦး၊ လှိုင်မဲဆန္ဒနယ်က မေးမြန်းသော လှိုင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ နေအိမ်များအတွက် မြေငှားဂရန်ထုတ်ပေးရေးနှင့် ပတ်သက်၍ ဂရန် ပေးရေးစီမံချက်အတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးခဲ့သော မီးလောင်ပြင်မြေနေရာ ပြန်လည်စိစစ်ရေးကော်မတီက မီးလောင်းပြင်မြေနေရာတွင် နေထိုင်သူများ၏ ပိုင်ဆိုင်မှုအတိုင်း နှစ် ၆၀ မြေငှားစာချုပ်(ဂရန်) ထုတ်ပေးနိုင်ရေးအတွက် စနစ် တကျစိစစ်၍ ဂရန်ပေးရေးစီမံချက်အတိုင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို (၁) ခုတင်သွင်းခြင်း
ဦးတင်ကိုကိုဦး(ခ) ဦးအတွတ်၊ ဘီးလင်းမဲဆန္ဒနယ်က အစိုးရဌာနအဖွဲ့အစည်းများ၏ ဝန်ဆောင်ပေးမှုများကို ပြည်သူများ အမှန်တကယ်ရရှိခြင်းဖြင့် အစိုးရနှင့် ပြည်သူကြား အပြန်အလှန် ယုံကြည်မှု မြင့်တက်စေပြီး ဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင်အထည် ဖော်ရာတွင် အထောက်အကူပြုနိုင်သောကြောင့် One Stop Shop ကို One Stop Service သို့ အဆင့်မြှင့် အကောင်အထည် ဖော်ဆောင်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီး ဒေါက်တာဒေါ်ပြုံး၊ အင်းတော်မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၃-၈-၂၀၁၈ ရက်(သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
၃။ အစည်းအဝေးကို နံနက် ၁၁း၂၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့်ရက်ကို ၃.၈.၂၀၁၈ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
