ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၀)ဦးအနက် (၃၉၀)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးဦးထွန်းဝင်း၊ ကျောက်တော်မဲဆန္ဒနယ်မှ မေးမြန်းသော ရခိုင်ပြည်နယ် မြို့နယ် များရှိ ကျေးရွာအုပ်စုကြီးများတွင် ဒေသကိုယ်စားပြု ဘက်စုံသုံးအဆောက်အဦ (Community Hall)များ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်အစိုးရနှင့်ညှိနှိုင်းပြီး ဒေသကိုယ်စားပြု ဘက်စုံသုံးအဆောက်အဦများကို နှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားရန် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၂) ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်မှ မေးမြန်းသော မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းပေါ်ရှိ ကျေးရွာချင်းဆက်လမ်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျောက်ချောလမ်း (မြေထိန်းနံရံပါ) အဖြစ် ဖောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂ လ)ရန်ပုံငွေတွင် ကျောက်ချောလမ်း (၂)မိုင် (၄)ဖာလုံ ဆောင်ရွက်နိုင်ရန်အတွက် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးနေမျိုးထက်၊ ကျောက်တံတား မဲဆန္ဒနယ်မှ မေးမြန်းသော ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ပြည်သူလူထု သွားလာမှုအဆင်ပြေစေရန်နှင့် ကားကြပ်တည်း မှုများ လျော့ပါးစေရန်အတွက် Inner Ring Road ပြုလုပ်ရန် အစီအစဉ်ကို မည်သို့ စီမံကိန်းချပြီး ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တင်ဒါအောင်မြင်သည့်ကုမ္ပဏီများကို အတည်ပြုရွေးချယ်၍ ၂၀၁၉ ခုနှစ် အစပိုင်းမှာ Inner Ring Road ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်အဆင့်အလိုက် တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစိတ် အစီအစဉ်များကို တစ်ဆင့်ချင်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်း၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏အဖြေနှင့်ပေါင်းစပ်ပြီး ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးခင်မောင်မြင့်၊ ရပ်စောက်မဲဆန္ဒနယ်မှ မေးမြန်းသော ရပ်စောက်မြို့နယ်၊ မကျီး ကုန်းကျေးရွာအုပ်စု၊ မြောင်းတော်ကျေးရွာမှ မြင်တောင်ကျေးရွာအုပ်စု၊ ဆင်သေ ကျေးရွာသို့ ဆက်သွယ်သွားလာသော ကျေးလက်ဇော်ဂျီမြစ်ချောင်းကူး ဆင်သေ (59 ' x 14 ' x 17 ')တံတားကို အသစ်ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုမူလရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါသဖြင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးဇာနည်မင်း၊ ရွှေကူမဲဆန္ဒနယ်မှ မေးမြန်းသော အမြန်လမ်းများ၊ ပြည်နယ်ချင်း ဆက်လမ်း၊ ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်းနှင့် ကျေးရွာချင်းဆက်လမ်း လမ်းဟောင်းများ ပြင်ဆင်ရာတွင်လည်းကောင်း၊ လမ်းသစ်များဖောက်လုပ်ရာတွင် လည်းကောင်း၊ နိုင်ငံတကာအဆင့် အရည်အသွေးရှိ လမ်းများကဲ့သို့ စနစ်ကျပြီး ကုန်ကျစရိတ်သက်သာစေရန် လမ်းဒီဇိုင်းပြင်ဆင်ခြင်းနှင့် လမ်းကြောင်းကို ဖြောင့်တန်းစွာ ဖောက်လုပ်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တိုင်းဒေသကြီး/ ပြည်နယ်အားလုံးရှိ လမ်း/တံတားကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် သွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ (Check & Balance ) အပြန် အလှန် ညှိနှိုင်းပေါင်းစပ်ထိန်းကျောင်း လမ်းညွှန်ပေးခြင်းကိုခံယူပြီး အကောင်းဆုံး ဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(၆) ဦးဝင်းမင်း၊ လှိုင်သာယာမဲဆန္ဒနယ်မှ မေးမြန်းသော လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ လမ်းဆုံ၊ မီးပွိုင့် ဧရိယာများအတွင်း ယာဉ်ရပ်နားမှု မရှိစေရန်အတွက် ယာဉ်မရပ်ရ သတ်မှတ်သည့် ဆေးဖြူ၊ ဆေးနီ ကတ္တုံးများနှင့် လူသွားစြင်္ကံများဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သည့်နေရာမှာ လမ်းဆုံနှင့် မီးပွိုင့်ဧရိယာများအား လမ်းအင်္ဂါ ရပ်နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို (၁) ခုတင်သွင်းခြင်း
ဦးကျော်ဆွေဝင်း၊ ကော့မှူးမဲဆန္ဒနယ်က ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းတွင် BOT (Build, Operate, Transfer) စာချုပ်များဖြင့် ဆောင်ရွက်လျက်ရှိကြသော လမ်းမကြီး များသည် နိုင်ငံတော်နှင့်ချုပ်ဆိုခဲ့ကြသော စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြခြင်း ရှိ၊ မရှိ စိစစ်၍ တာဝန်ကျေ၊ တာဝန်ခံမှုမရှိသူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ လာစေရေး စီမံခန့်ခွဲထိန်းချုပ်ခြင်းဖြင့် နိုင်ငံတော် - ပုဂ္ဂလိက ပူးပေါင်းသည့် PPP (Private – Public Partnership) ပြည်သူ့ဝန်ဆောင်မှု စနစ်ကောင်းများ ဖြစ်ပေါ်လာ စေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းပြီး ဒေါက်တာ စိန်မြအေး၊ ဒလမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၃၁-၇-၂၀၁၈ ရက်(အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော ကိုယ်စားလှယ်များက ၁.၈.၂၀၁၈ (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက် ၁၁ း ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့်ရက်ကို ၂.၈.၂၀၁၈ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
