ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၂၀.၆.၂၀၁၈)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်)

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို        ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၁) ဦးအနက် (၃၅၈) ဦးတက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

          (၁)    ဦးအောင်ကျော်ကျော်ဦး၊ လှိုင်မဲဆန္ဒနယ်မှ မေးမြန်းသော အထည်အလိပ်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် အထည်ချုပ်စက်မှုဇုန်များ (Gမောနညအ Iညိကျအမပ ဇသညန)၊ ချည်မျှင်နှင့်အထည်အလိပ် စက်မှုဇုန်များ(Tနထအငူန Iညိကျအမပ ဇသညန) တည်ထောင်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍကြီး (၁၁)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် အထည်အလိပ်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် အတွက် အထည်ချုပ်စက်မှုဇုန်များ (Gမောနညအ Iညိကျအမပ ဇသညန)များ၊  ချည်မျှင်နှင့် အထည်အလိပ်စက်မှုဇုန်များ (Tနထအငူန Iညိကျအမပ ဇသညန) တည်ထောင်ရန် စက်မှု ဝန်ကြီးဌာနရှိ စက်ရုံများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဆောင်ရွက် လျက်ရှိကြသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများနှင့်အတူ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၂)    ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ်မှ မေးမြန်းသော ထီးချိုင့်မြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဧရာဝတီမြစ်ရေနစ်မြုပ်မှုကြောင့် နစ်နာသူတောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးအပ်ရာတွင် အမည်လွဲမှားရရှိသူများထံမှ ငွေများကို အမှန်တကယ်နစ်နာသူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ရေကြီးနစ်မြုပ်မှုစာရင်းနှင့်ပတ်သက်၍ မြေပြင်မှာ ပြန်လည်စိစစ်ရန် အခြေအနေမပေးခဲ့သည့်အတွက် တင်ပြသူများအတွက် ထောက်ပံ့ ကြေးပြန်လည်ပေးအပ်နိုင်ခြင်း မရှိတော့သည့်အခြေအနေဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

          (၃)    ဦးစတီဖန်၊ ကျိုင်းတုံမဲဆန္ဒနယ်မှ မေးမြန်းသော ကျိုင်းတုံမြို့၊ နောင်ခမ်းကန်အား ကန်ပေါင်ရိုးကျောက်စီ မြေထိန်းနံရံပြုလုပ်ခြင်းနှင့် ကန်ပတ်လည်ကွန်ကရစ်လမ်း ခင်းခြင်းအတွက် ရန်ပုံငွေချပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ယခုလာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်(အပိုင်း-၂)မှစပြီး ဘဏ္ဍာငွေရရှိမူ အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား  ပြန်လည်ဖြေကြားခဲ့သည်။

          (၄)    ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ မေးမြန်းသော အမ်းမြို့နယ်၊ ရူးကျေးရွာရှိ ရူးချောင်းရေတားတာပေါင်ပြုလုပ်ပေးရန် အမ်းမြို့ ငွေသဇင်ဖြိုးကုမ္ပဏီအား ငွေကျပ်(၁၅၃)သန်း ပေးအပ်၍ လုပ်ငန်းဆောင်ရွက်စေခြင်းမှာ မှန်ပါသလား၊ ကျိုးပေါက်သွားသော ရူးချောင်းရေတားတာပေါင်အား စာချုပ်ပါစည်းကမ်းများ အတိုင်း အချိန်မီပြန်လည်ပြုပြင်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ အချိန်မီပြန်လည်ပြုပြင်နိုင် ခြင်းမရှိပါက အမှန်တကယ်အရေးယူမှုရှိ၊ မရှိနှင့် ရူးကျေးရွာရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရန် ကျောက်စီမြေထိန်းနံရံ (၁၇၅၀) ပေ ပြုလုပ်ပေးခြင်းအတွက် ငွေကျပ် (၁၃၀)သန်း ခွင့်ပြုကြောင်း ဖော်ပြထားသော်လည်း ကျောက်စီမြေထိန်း နံရံပြုလုပ်မည့် မြေသားတာပေါင် အခိုင်အမာမရှိသည်ကို သိပါသလားမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်  က ပထမမေးခွန်း အနေဖြင့် အဆိုပါလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံနှင့် တင်ဒါခေါ်ယူပြီး တင်ဒါ အောင်မြင်သည့် ငွေသဇင်ဖြိုးကုမ္ပဏီကို လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ဒုတိယမေးခွန်း အနေဖြင့် ၎င်းဖြစ်ပေါ်ဟန့်တားမှုကို ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားရှိသလောက် ကျော်လွှားနိုင်ရန် ဥပဒေဘောင်အတွင်းမှ တရား မျှတစွာ စွမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ တတိယမေးခွန်းအနေဖြင့် ရခိုင်ပြည်နယ် တည်ဆောက်ရေးလုပ်ငန်းကော်မတီနှင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနတို့က လုပ်ငန်းပြီးစီးရေးအတွက် တွန်းအားပေးဆောင်ရွက် ခဲ့ရသည့်အခြေအနေဖြစ်ပါကြောင်း၊ စတုတ္ထမေးခွန်းအနေဖြင့် အဆိုပါဆောင်ရွက် ထားသော လုပ်ငန်းအပိုင်းမှာ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိပါကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ပြန်လည်ဖြေကြား ခဲ့သည်။

          (၅)    ဦးစိုင်းမောင်ပွင့်၊ တန့်ယန်းမဲဆန္ဒနယ်မှ မေးမြန်းသော တန့်ယန်းမြို့၊ မိုင်းပတ် ကျေးရွာအုပ်စု၊ မန်ပန်ရွာရှိ မန်ပန်ဆည်အား ကွန်ကရစ်ဆည်အဖြစ် တည်ဆောက် နိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဒုတိယ(၆)လပတ်တွင် ရန်ပုံငွေလျာထား ဆောင်ရွက် နိုင်ခြင်း ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်  က ၂၀၁၈-၂၀၁၉ (အောက်တိုဘာ-စက်တင်ဘာ) ဘဏ္ဍာနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံနိုင်ရန်  ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းထားပြီးဖြစ်ပါ၍ ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး မိမိတို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၆)    ဒေါက်တာဒေါ်ပြုံး၊ အင်းတော်မဲဆန္ဒနယ်မှ မေးမြန်းသော အင်းတော်မြို့နယ် အတွင်းရှိ ငါးမွေးတောင်သူများအား မြေအသုံးချမှု လယ(၃၀)ကို လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်  က ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဥပဒေပါပြဋ္ဌာန်းချက် များနှင့် ညီညွတ်မှုမရှိသူများအတွက်ကိုမူ ထိုက်သင့်သည့် ဒဏ်ကြေးငွေများ ချမှတ် ခြင်း၊ ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ခြင်းတို့ကို တစ်နိုင်ငံလုံးတစ်ပြေးညီ ဆောင်ရွက်ပေးသွားနိုင်ရန် စီမံထားရှိပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(ခ)    ဥပဒေကြမ်း(၁)ခုလက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း

          အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော သစ်တောဥပဒေကြမ်း ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၂-၆-၂၀၁၈ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဂ)    အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးထွန်းထွန်း၊ ပွင့်ဖြူမဲဆန္ဒနယ် က တင်သွင်းသည့် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ဘဝ မြင့်မားတိုးတက်စေရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံအဝန်း စိုက်ပျိုးရေးနည်းပညာပေး သင်တန်းများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပြုလုပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၉)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့  ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပါသည်။