ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၄၃၁)ဦးအနက် (၃၇၇)ဦးတက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ဘူလ်ဂေးရီးယားနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E.Mrs. Tsveta Karayancheva ထံမှ ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို လွှတ်တော်က မှတ်တမ်းတင်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၃၁)ရက်မြောက်နေ့ ၂၂.၃.၂၀၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် ဘူလ်ဂေးရီးယားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ H.E.Mrs. Tsveta Karayancheva က ၂၀၁၈ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လာပြီး ယင်းသဝဏ်လွှာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
(ခ) ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဦးခင်မောင်မောင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ မေးမြန်းသော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၇၆)မိုင်တွင် ဆောက်လုပ်ထားသော 76 MILE MINI REST CAMP နှင့်ပတ်သက်၍ သိလိုခြင်းနှင့် ယခုလေးလမ်းသွား အမြန် လမ်းမကြီးကို ခြောက်လမ်းသွား (သို့) ရှစ်လမ်းသွားအမြန်လမ်းမကြီးအဖြစ် တိုးချဲ့ မည်ဆိုပါက ထိုအဆောက်အအုံနှင့် လွတ်ကင်းမှုရှိ၊ မရှိသိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က အမြန်လမ်းမကြီး တိုးချဲ့ဖောက်လုပ်မည်ဆိုပါက လွတ်ကင်းမှုရှိကြောင်းနှင့် နောင်တွင် အဆိုပါ Buffer Zone အဖြစ်ထားရှိသည့်နေရာတွင် အခြားအာဆီယံနိုင်ငံများရှိ Rest Camp များကဲ့သို့ ကားအဝင်/အထွက် မျောဝင်/မျောထွက်နိုင်အောင် လမ်းထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။
(၂) ဦးဝမ်းလှ၊ နန်းယွန်းမဲဆန္ဒနယ်မှ မေးမြန်းသော နန်းယွန်းမြို့နှင့် ပန်ဆောင်မြို့ကြား လမ်းကြောင်းပိုမိုခက်ခဲသော လမ်းပိုင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျောက်ချော လမ်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် (၇၄၉.၁၇၅)သန်း လျာထားတင်ပြတောင်းခံထားပြီး ဆောင်ရွက်ရန် ကျန်ရှိသည့်အပိုင်း များကိုလည်း ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။
(၃) ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ ကလေးမဲဆန္ဒနယ်မှ မေးမြန်းသော ကလေးမြို့နယ်ရှိ မီးရထားကူး ကဗ္ဗနီတံတားပေါ်တွင် မော်တော်ကားများ၊ ဆိုင်ကယ်များ သီးသန့် သွားလာနိုင်သော တံတားအသစ်တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ပြည်ထောင်စုရန်ပုံငွေတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်၍ လျာထား တင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးစောသလေးစော၊ ရွှေကျင်မဲဆန္ဒနယ်မှ မေးမြန်းသော ရွှေကျင်မြို့နယ်၊ ဝင်းခနိန် ကျေးရွာအုပ်စု၊ မဓမချောင်းကိုဖြတ်ကူး၍ ဝင်းခနိန်-အလယ်ကျွန်း ကျေးရွာချင်းဆက် တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားခဲ့ပါသော်လည်း ပါဝင်ခြင်းမရှိသေးပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ဆက်လက်လျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ သင့်လျော် သည့်တံတား(၁)စင်း တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၅) ဦးအောင်သောင်းရွှေ၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ မေးမြန်းသော ဘူးသီးတောင် မြို့နယ်၊ စေတီတောင်ချောင်းကူးတံတား (၃၀၀)ပေအား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်(၁၀၁.၅၂၈)သန်း ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါက်တာဒေါ်ကြည်မို့မို့လွင်၊ စဉ့်ကိုင်မဲဆန္ဒနယ်မှ မေးမြန်းသော စဉ့်ကိုင်မြို့နယ်ရှိ အုန်းပင်ခြံ၊ မုန့်ပေါင်း၊ သပြေရိုး၊ ညောင်ပင်ကြီး ကျေးရွာချင်းဆက်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မူလရှိခဲ့သော ကတ္တရာလမ်းအဖြစ် ပြန်လည်ပြုပြင် ထိန်းသိမ်းပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး နဂိုမူလကတ္တရာလမ်းအဆင့် ရောက်ရှိစေရန်အတွက် နှစ်အလိုက်ရန်ပုံငွေ တောင်းခံ၍ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ မေးမြန်းသော ဂန့်ဂေါမြို့နယ်တွင် ၂၀၁၆ ခုနှစ် မိုးရာသီ၌ သာလင်း-မြင်သား မြစ်သာမြစ်ကူးတံတားသည် မျောပါပျက်စီး သွားခဲ့ရာ မြစ်သာမြစ်ကူးတံတားတစ်စင်း အမြန်ဆုံးဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပါကြောင်းနှင့် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
(ဂ) အဆို(၁)ခုတင်သွင်းခြင်း
ဒေါ်တင်တင်ရီ၊ ကျွန်းစုမဲဆန္ဒနယ်က မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားဈေးကွက်ဝင် သဘာဝငှက်သိုက်တောင်များရှိရာ ကျွန်းများအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အထူးစီမံချက်တစ်ရပ်အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ဆောင်ရွက်ပေးရန် အစိုးရသို့ တိုက်တွန်းကြောင်းအဆိုတင်သွင်းပြီး ဦးအုန်းခင်၊ ပုလောမဲဆန္ဒနယ် က အဆိုကို ထောက်ခံခဲ့သည်။ အဆိုအားဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြု ခဲ့သဖြင့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၀.၆.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဃ) ဥပဒေကြမ်း(၁)ခုလက်ခံရရှိကြောင်းအသိပေးခြင်းနှင့် အစီရင်ခံစာနှင့်အတူတင်သွင်းခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်း ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂၁-၆-၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၀.၆.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့)နံနက် ၁၀ နာရီတွင် လျာထားပါသည်။
