မြန်မာနိုင်ငံတစ်ဝှမ်းတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသော အမျိုးသမီးဝန်ထမ်းများနှင့် ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများနှင့် လေကြောင်းလိုင်းများတွင် တာဝန်ထမ်းဆောင်နေကြရသော အမျိုးသမီးများအတွက် အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်သော်လည်း ဇူလိုင် ၃ ရက်နေ့ကို ကျော်လွန်ပြီး တစ်ပတ်မှ မေးမြန်းခွင့်ရရှိသည့်အတွက် အမျိုးသမီးဝန်ထမ်းများအနေဖြင့် နားလည်ခွင့်လွှတ်ပေးစေလိုပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၏ အခန်း(၈)တွင် သတ်မှတ်ထားသော မီးဖွားခွင့်ခံစားခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများ ခံစားခွင့်ရှိသည့် မီးဖွားခွင့်ကို သိရှိလိုခြင်းနှင့် နည်းဥပဒေ ၁၀၁၊ ၁၀၂ တို့ပါ ပြဋ္ဌာန်းချက်များကို နိုင်ငံတစ်ဝှမ်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အမျိုးသမီး ဝန်ထမ်းငယ်များ သိရှိစေရန် ဖြေကြားပေးပါရန်နှင့် ဌာနတစ်ခုမှ အခြားဌာနတစ်ခုသို့ ရာထူးတိုး ပြောင်းရွှေ့ခြင်း သို့မဟုတ် သာမန်မူလရာထူးဖြင့်ပြောင်းရွှေ့ပါက ထိုမီးဖွားခွင့်ကို အလုပ်စတင် ဝင်ရောက်သည့်နေ့မှ မည်သည့်အချိန်တွင် မီးဖွားခွင့်ခံစားခွင့်ရှိသည်ကို သိရှိလိုပါကြောင်း၊ ဥပမာအားဖြင့် အခြားဌာနတစ်ခုသို့ ရာထူးတိုးပြောင်းရွှေ့ခြင်း၊ မူလရာထူးဖြင့် ပြောင်းရွှေ့ရာ၌ တစ်လအကြာတွင် မီးဖွားခွင့် ယူခွင့်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ၊ လေကြောင်းလိုင်းများမှ လေယာဉ်မယ်ဝန်ထမ်းအများစုသည် မီးဖွားခွင့်နှင့် ပတ်သက်ပြီး ခံစားခွင့် ဆုံးရှုံးနေပါကြောင်း၊ ထို့ကြောင့် ထိုအမျိုးသမီးငယ်များအတွက် မီးဖွားခွင့်ရရှိစေရေး မည်ကဲ့သို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ဥပမာအားဖြင့် မီးဖွားခွင့်ယူချိန်တွင် လစာအပြည့်ခံစားခွင့် သို့မဟုတ် လစာတစ်ဝက်ခံစားခွင့် သို့မဟုတ် လစာမဲ့မီးဖွားခွင့် ရရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံ့ဝန်ထမ်း အမျိုးသမီးများအတွက် မီးဖွားခွင့်နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ၁၀၁၊ ၁၀၂ တွင် အသေးစိတ် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ ပြဋ္ဌာန်းထားသည်ကို နိုင်ငံ့ဝန်ထမ်းပါ ဥပဒေပြဋ္ဌာန်းချက်များကို ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့်ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ သိရှိလိုက်နာ ကျင့်သုံးနိုင်ရန် နိုင်ငံဝန်ထမ်း နည်းဥပဒေများကို အုပ်ရေ ၅၀၀၀၀ ခန့်ကို ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးသို့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို မီးဖွားခွင့်အပါအဝင် သိသင့်သိထိုက်သော နည်းဥပဒေများကိုလည်း နိုင်ငံပိုင်သတင်းစာနှင့် ဂျာနယ်များတွင် ၂၆-၆-၂၀၁၄ ရက်မှ ၂၂-၉-၂၀၁၄ ရက်နေ့အထိ ၃ လခန့် ကောက်နုတ်ဖော်ပြပေးခဲ့ပြီးဖြစ်သကဲ့သို့ ရာထူးဝန်အဖွဲ့၏ Website တွင်လည်း၂၆-၆-၂၀၁၄ ရက်နေ့မှစပြီး လွှင့်တင်ပေးလျက်ရှိပါကြောင်း။
ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားသော မီးဖွားခွင့်ကိစ္စမှာ ဌာနတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခြင်း၊ မပြောင်းရွှေ့ခြင်းနှင့် မသက်ဆိုင်ဘဲ ကာယကံရှင် ကိုယ်ဝန်ဆောင်အမျိုးသမီးမှ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၁၀၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားလာမှုအပေါ်မူတည်ပြီး ခွင့်ပြု ပေးနိုင် အာဏာပိုင်က စတင်ခွင့်ပြုသည့်နေမှစ၍ မီးဖွားခွင့်ကို ခံစားခွင့်ရရှိမည် ဖြစ်ပါကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် မီးဖွားခွင့်ကိုသာမက အခြားသောဝန်ထမ်း အခွင့်အရေးများကိုလည်း ဝန်ထမ်းအဖြစ် စတင်ခန့်အပ်သည့်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါအတိုင်း ခံစားခွင့်ရှိပါကြောင်း။
ကုမ္ပဏီဝန်ထမ်း၊ လေယာဉ်မယ်ဝန်ထမ်းအမျိုးသမီးများ၏ မီးဖွားခွင့်နှင့်စပ်လျဉ်း၍ ကုမ္ပဏီဝန်ထမ်းများနှင့် ပုဂ္ဂလိကလေကြောင်းလိုင်းမှ လေယာဉ်မယ်များသည် နိုင်ငံ့ဝန်ထမ်းများမဟုတ်သည့်အတွက် ၎င်းတို့၏ မီးဖွားခွင့်ခံစားခြင်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် အကျုံးဝင် သက်ဆိုင်ခြင်းမရှိပါကြောင်း၊ သူတို့အတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို ညှိနှိုင်းရယူခဲ့ပြီး အဆိုပါဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသော ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေအရ မိမိဆန္ဒအလျောက်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေးပေးသွင်း၍ အာမခံထားသော အလုပ်ဌာနများမှာ လုပ်ကိုင်နေသော အလုပ်သမား အမျိုးသား၊ အမျိုးသမီးများသည် ဥပဒေပြဋ္ဌာန်းချက်ပါ အကျိုးခံစားခွင့်များကို နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင်ဟူ၍ ပိုင်ဆိုင်မှုကဏ္ဍ ခွဲခြားခြင်းမရှိဘဲ ရရှိခံစားနိုင်ပါကြောင်း၊ လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မ ၂၆ နှင့် ပုဒ်မ ၂၇ တို့အရ အာမခံထားသူ အမျိုးသမီးကို ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် မီးမဖွားမီ ၆ ပတ်နှင့် မီးဖွားပြီး ၈ ပတ်၊ စုစုပေါင်း ၁၄ ပတ်ကိုလည်းကောင်း၊ အမွှာကလေးမွေးဖွားပါက ထပ်မံ၍ ရက်သတ္တပတ် ၄ ပတ်၊ ၁၈ ပတ် ကိုလည်းကောင်း မီးဖွားခွင့်အဖြစ် ခံစားခွင့်ရှိပါကြောင်း၊ ငွေကြေးအကျိုးခံစားခွင့်အနေဖြင့် တစ်နှစ်အတွင်း ပျမ်းမျှလုပ်ခ၏ ၇၀ ရာခိုင်နှုန်းကို ခံစားခွင့်ရရှိပြီး မီးဖွားစရိတ်အဖြစ် ကလေးတစ်ဦးမွေးဖွားလျှင် လစာ၏ ၅၀ ရာခိုင်နှုန်း၊ အမွှာကလေးမွေးဖွားလျှင် ၇၅ ရာခိုင်နှုန်း၊ သုံးမွှာမွေးဖွားလျှင် ၁၀၀ ရာခိုင်နှုန်း ခံစားခွင့်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
