ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၄.၆.၂၀၁၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်)

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို        ၂၀၁၈ ခုနှစ်၊ ဇွန်လ  ၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့် ရှိသူ လွှတ်တော်ကိုယ်စားလှယ်   (၄၃၁) ဦးအနက် (၃၇၅) ဦးတက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)   ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း

                (၁)    ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ် မှမေးမြန်းသော လမ်းအသုံးပြုသူ အားလုံး ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မှန်ကန်သော ယာဉ်အချက်ပြမီး တစ်ပြေးညီ ပြောင်းလဲကျင့်သုံးသွားရန် မည်ကဲ့သို့ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က တဖြည်းဖြည်းခြင်းဖြင့် အမှန်များလာပြီး အမှားများပပျောက် သွားသည်အထိ အသိပညာပေးမှုများ၊ နှိုးဆော်မှုများကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပြီး လက်ရှိဆောင်ရွက်နေသည့် နည်းလမ်းများကလည်း ထိရောက် အကျိုးရှိသည့် နည်းလမ်းကောင်းများဖြစ်သည့်အတွက် ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

                  (၂)    ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ မေးမြန်းသော ကျောက်ဖြူမြို့နယ်၊ သန်ပန် ချောင်းရပ်ကွက်ရှိ အမှတ်(၁)ဆိပ်ခံတံတား၌ ပြည်တွင်းရေကြောင်းသွား ခရီးသည် တင်သင်္ဘောနှင့် အခြားကုန်တင်သင်္ဘောများ ဆိုက်ကပ်ခွင့်မရရှိခြင်း၊ အမှတ်(၃) ဆိပ်ခံတံတားသည် လက်တွေ့တွင် အသုံးမတည့်ဖြစ်နေခြင်း၊ ငလပွေ့ကျေးရွာရှိ အမှတ်(၂)ဆိပ်ခံတံတားအား အဆင့်မြှင့် တင်တိုးချဲ့ရာတွင် မြေနေရာအခက်အခဲ များရှိနေခြင်း၊ ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ကျောက်ဖြူမြစ်ကမ်းတွင် ခေတ်မီဆိပ်ကမ်းတစ်ခု တည်ဆောက်ပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး  က လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြထားသည့်နေရာသည် ရေစစ် ချိန်တွင် နုန်းတင်သဲများကျန်ရှိနေခြင်း၊ တံတားတည်ဆောက်မည်ဆိုပါက ရင်းနှီးမှုများစွာ ကုန်ကျနိုင်မည်ဖြစ်သည့်အတွက် ဆိပ်ကမ်း လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အဆိုပြုလာခြင်းများ မရှိခြင်းတို့ကြောင့် လောလောဆယ် ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်မည့် အစီအစဉ် မရှိသေးပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

                   (၃)    ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ် မှ မေးမြန်းသော ရေနံအလုပ်သမားများ ဥပဒေနှင့် အညီ ရပိုင်ခွင့်များ၊ အခွင့်အရေးများ ခံစားခွင့်ရရှိနိုင်ရေးအတွက် မည်သို့စီစဉ် ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍  လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က  ရေနံမြေအသီးအသီးတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ရပိုင်ခွင့်များ၊ အခွင့်အရေးများကို နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ယခင်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဝန်ထမ်းသစ်ခန့်ထားရေးကိစ္စကိုလည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

                             (၄)    ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ် မှ မေးမြန်းသော ကန်ပေါက်ဒေသတွင် ဆောင်ရွက်မည့် စီမံကိန်းကို Total Gas & Power Business Service S.A.S နှင့် SIEMENS A.G နှင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် စီမံကိန်းကို Zhefu Holding Co.Ltd နှင့် Supreme Trading Co.Ltd နှင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် စီမံကိန်းကို TTCL Public Company Limited နှင့်လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ဆောင်ရွက်မည့်စီမံကိန်းကို Sinohydro Coporation Limited နှင့် Supreme Trading Co.Ltd နှင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း လေ့လာသိရှိရပါ သဖြင့် ၎င်းကုမ္ပဏီများနှင့် စာချုပ်လက်မှတ်ရေးထိုးနိုင်သည့် အဆင့်သို့ရောက် ရှိအောင် တင်ဒါစတင်ခေါ်ယူသည်မှစတင်၍ မည်သို့သောအဆင့်များကို ပွင့်လင်း မြင်သာစွာနှင့် ဆောင်ရွက်ခဲ့သည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က စီမံကိန်း(၄)ခုစလုံးသည် နိုင်ငံတော်ဘတ်ဂျက်သုံးပြီး ဌာနမှ ဆောင်ရွက်သည့်စီမံကိန်းများ မဟုတ်ပါ ကြောင်းနှင့် ရာခိုင်နှုန်းအပြည့် ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နှံငွေဖြင့် ဆောင်ရွက် လိုကြောင်း အဆိုပြုလာသည့် Unsolicited Project များဖြစ်သည့်အတွက် တင်ဒါလုပ်ငန်းစဉ်မလိုအပ်ဘဲ P.P.P စီမံကိန်းများအတွက် နိုင်ငံတော်က ချမှတ် ထားသော မူဝါဒနှင့်အညီ စိစစ်ခွင့်ပြုခဲ့ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

                   (၅)    ဦးမြတ်လေးဦး၊ ထီးလင်းမဲဆန္ဒနယ်မှ မေးမြန်းသော ထီးလင်းမြို့နယ်အတွင်းရှိ အကြည်ဘန်း၊ အလယ်ဘန်း၊ အညာဘန်းကျေးရွာ (၃)ရွာအား လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က အကြည်ဘန်းကျေးရွာနှင့် အလယ်ဘန်းကျေးရွာ (၂)ရွာ ဓာတ်အားရရှိရေးအတွက် လိုအပ်သော ထရန်စဖော်မာ (၃)လုံးအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင်လည်းကောင်း၊ အညာဘန်းကျေးရွာ ဓာတ်အား ရရှိရေးအတွက် လိုအပ်သော ထရန်စဖော်မာ (၁)လုံးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေတွင်လည်းကောင်း ဘဏ္ဍာငွေထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

                   (၆)    ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ် မှ  မေးမြန်းသော ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြောင်ကျေးရွာအနီးတွင် (၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက် ခြင်းနှင့် (၆၆)ကေဗွီလိုင်း (၂၀)မိုင် တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှု အပေါ်မှုတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

          (ခ)    အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ် က တင်သွင်းသည့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကျုံးဝင်ပတ်သက်သူများအားလုံးသည် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း Mobile Payment စနစ်ကို အသုံးပြုပြီး ဌာနဆိုင်ရာများ၏ ငွေပေးငွေယူကဏ္ဍများတွင် အသုံးပြုခွင့်ရရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၅)ဦးမှ ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် မည်ဖြစ်ကြောင်းဆုံးဖြတ်ခဲ့သည်။

 

(ဂ)    ဥပဒေကြမ်း(၁)ခုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

          ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ် က တင်သွင်းသည့် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၁ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။ 

၃။       အစည်းအဝေးကို နံနက်(၁၂)နာရီ (၅၀)မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၆.၆.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက်             ၁၀ နာရီတွင် လျာထားပါသည်။