ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ မေလ ၂၉ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၁) ဦးအနက် (၃၉၃) ဦးတက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်မှ မေးမြန်းသော တောင်ဥက္ကလာပ မြို့နယ်၊ (၈)ရပ်ကွက်၊ သစ္စာလမ်းနှင့် ဝေဇယန္တာလမ်းထောင့် ယခင်ဗဟိုဈေးနေရာရှိ မြေကွက်လပ်၏ တစ်စိတ်တစ်ပိုင်းအား မြို့နယ်ခန်းမမြေနေရာအဖြစ် အသုံးပြုနိုင် ရန်အတွက် ခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က မြေနေရာသည် ကာကွယ်ရေး ဝန်ကြီးဌာနပိုင်မြေအဖြစ် အမည်ပေါက်ရရှိထားပြီးဖြစ်ခြင်း၊ တပ်မတော်အတွက် အနာဂတ်စီမံချက်များ ဆောင်ရွက်ရန် လျာထားမြေနေရာဖြစ်ခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ မေးမြန်းသော သံဖြူဇရပ်မြို့နယ်ရှိ ရွှေဖြူ ရတနာအမည်ရ တပ်ပိုင်ဂေါက်ကွင်းကို နိုင်ငံပိုင် အများပြည်သူ ဂေါက်သီးအားကစား ကွင်းအဖြစ် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က တပ်ပိုင်မြေနှင့် တစ်ဆက်တစ်ထပ် တည်း တည်ရှိသောကြောင့် လုံခြုံရေးအရ မလိုလားအပ်သော ပြဿနာများဖြစ်ပွား လာနိုင်ခြင်းနှင့် လုံခြုံရေးအရ အရေးကြီးသည့် မြေနေရာဖြစ်ခြင်းတို့ကြောင့် စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ဖလမ်းမဲဆန္ဒနယ်မှ မေးမြန်းသော ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာ ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာန (Rural Health Centre) အဖြစ်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျေးလက်ကျန်းမာရေးဌာန (Rural Health Centre) အဖြစ်တိုးမြှင့်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်းမဲဆန္ဒနယ် မှ မေးမြန်းသော သွားဘက်ဆိုင်ရာဆေး နှင့် ဆေးပစ္စည်းအတုများကို တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ဖြူး ထားခြင်း၊ အတုမှန်းသိ၍ သုံးစွဲခြင်းမပြုရန် ရပ်ဆိုင်းထားရခြင်းတို့ဖြစ်ခဲ့ခြင်း ကြောင့် အဆိုပါအတုသွင်းသူ၊ အတုမှန်းသိလျက်နှင့် လက်ခံပြီး ဖြန့်ဝေပေးသော သက်ဆိုင်သူတို့အား ဖော်ထုတ်အရေးယူဆောင်ရွက်ရန်နှင့် နောင်တွင် အလားတူ ကိစ္စများ လုံးဝထပ်မံမဖြစ်ပေါ်စေရန် မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိ လိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းရဲစခန်းတွင် အမျိုးသားဆေးဝါးဥပဒေပါ ပြစ်မှုကြောင်းအရ အမှုဖွင့် အရေးယူထားလျက်ရှိကြောင်းနှင့် နောင် အလားတူကိစ္စများ လုံးဝမဖြစ်ပွားစေရန် ဝယ်ယူရေးနှင့်တင်ဒါခေါ်ယူရေးကော်မတီနှင့် ဆေးနှင့်ဆေးပစ္စည်းများ လက်ခံရေး ကော်မတီတို့ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်မှ မေးမြန်းသော ဒလမြို့ရှိ ကျန်းမာရေး ဝန်ထမ်းအိမ်ရာ ရပ်ကွက်တည်ရှိရာနေရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ထမ်းများအတွက် အဆင့်မြင့်၊ အထပ် မြင့် ဝန်ထမ်းအိမ်ရာစီမံကိန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခြောက်ခန်းတွဲလေးထပ် တိုက်တစ်လုံး တည်ဆောက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးအောင်ကျော်ဦး၊ မိုင်းတုံမဲဆန္ဒနယ်မှ မေးမြန်းသော မိုင်းတုံမြို့နယ်(၂၅)ခုတင်ဆံ့ ဆေးရုံသည် သတ်မှတ်ထားသော ခုတင်အသုံးချမှု ၁၅၀ ရာခိုင်နှုန်းထက် ကျော်လွန် နေပြီဖြစ်ပါ၍ ခုတင်(၅၀)ဆံ့ ဆေးရုံအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ခုတင် ၅၀ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ခြောက်ခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံးနှင့် ခွဲစိတ်အဆောက်အဦ တစ်လုံး တည်ဆောက်ခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လျာထားစာရင်းတွင် ထည့်သွင်း ထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုတင်သွင်းခြင်း
ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာ့သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသအလိုက် စီးပွားဖြစ် စိုက်ပျိုးလုပ် ကိုင်နေကြသော နှစ်ရှည်သီးပင် ဥယျာဉ်ခြံလုပ်ငန်းများ၏ အဓိကလိုအပ်ချက် ပင်မအရင်း အမြစ်များအပေါ် ထောက်ပံ့ကူညီပေးနိုင်သည့် စီမံကိန်းမျိုးကို ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ခွဲဝေချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရ သို့ တိုက်တွန်းကြောင်းအဆိုကို ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ် ကထောက်ခံခဲ့ သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဆွေးနွေး လိုသော ကိုယ်စားလှယ်များက ၃၀.၅.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) ဥပဒေကြမ်း(၁)ခုတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း၊ ဥပဒေကြမ်း(၁)ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
(၁) ဥပဒေကြမ်းကော်မတီက မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ် များက ၃၁.၅.၂၀၁၈ ရက် (ကြာသပတေးနေ့) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(၂) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုကြောင်း နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၀၀ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၃။ အစည်းအဝေးကို နံနက်(၁၁)နာရီ (၃၀)မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပမည့်ရက်ကို ၃၀.၅.၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့)နံနက် ၁၀ နာရီတွင် လျာထားပါသည်။
