ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ ခုနှစ်၊ မေလ၂၅ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၁) ဦးအနက် (၃၈၆) ဦးတက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဒေါ်ဝင့်ဝါထွန်း၊ ရှားတောမဲဆန္ဒနယ်မှ မေးမြန်းသော ကယားပြည်နယ်၏ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်ကာ ဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန်အတွက် ပြည်ထောင်စုအစိုးရမှ ဖြေလျှော့ပေးမှုများအပါအဝင် ပြည်နယ်အစိုးရနှင့် မည်ကဲ့သို့ ချိတ်ဆက်ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ကယားပြည်နယ်အတွင်း ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရန် ကန့်သတ်နယ်မြေများသတ်မှတ်ထားရာမှ ၂၈.၁၂.၂၀၁၇ ရက်နေ့မှစ၍ ဖြေလျှော့ ခွင့်ပြုပေးခဲ့ပြီး ကန့်သတ်နယ်မြေကိစ္စများတွင် ငြိမ်းချမ်းရေးနှင့် နယ်မြေအေးချမ်းမှု အပေါ်မူတည်၍ ထပ်မံဖြေလျှော့ပေးနိုင်ရန် ပြည်နယ်အစိုးရမှလည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့တို့ကို ညီအစ်မမြို့တော်အဖြစ် မြှင့်တင်ပြီး မယ်စဲ့မြို့ (BP-13) နယ်စပ် ဝင်ပေါက်မှ ခရီးသည်များ ဝင်ရောက်လည်ပတ်နိုင်ရေးကိုလည်း ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်း (BP-13) နယ်စပ်ဝင်ပေါက် ဖွင့်လှစ်နိုင်ပါက ထိုင်းနိုင်ငံမှ ခရီးသည်များ ပိုမိုဝင်ရောက် လည်ပတ်လာနိုင်ကြကာ လူမှုစီးပွားဘဝ မြှင့်တင်လာရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့် (၂၆.၅.၂၀၁၈) ရက်နေ့တွင် လွိုင်ကော်မြို့၌ကျင်းပပြုလုပ်မည့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များဖိတ်ခေါ်၍ စိတ်ပါဝင်စားသည့် ရင်းနှီးမြှပ်နှံ လိုသူများကို ခရီးစဉ်ဒေသ အသစ်များသို့ လိုက်ပါပို့ဆောင်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဒေါ်မေဝင်းမြင့်၊ မရမ်းကုန်းမဲဆန္ဒနယ်မှ မေးမြန်းသော သက်ငယ်မုဒိန်းမှု ကျူးလွန်သူများအား ထိရောက်ပြင်းထန်စွာ အမြန်ဆုံးအပြစ်ပေးနိုင်ရေးနှင့် သက်ငယ်မုဒိန်းမှုလျော့ကျရေး မည်သို့သောအစီအစဉ်များဖြင့် အရေးယူဆောင်ရွက် နေသည်ကို သိလိုခြင်းမေးခွန်းနှင့် ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ် မှမေးမြန်းသော သက်ငယ်မုဒိန်းဖြစ်ပွားနေမှုကို လျော့နည်းပပျောက်အောင် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က သက်ငယ်မုဒိမ်းမှုဖြစ်စဉ်မှာ မည်သို့မျှလက်ခံနိုင်ဖွယ်မရှိသော လူမဆန်သည့် လုပ်ရပ်ဖြစ်သည့်အတွက် ဖြစ်စဉ်များလျော့နည်းပပျောက်ပြီး အနာဂတ် မျိုးဆက် ကလေးသူငယ်များအား ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်လာစေရန် မြို့ပေါ်နှင့် ကျေးလက်ဒေသများ အပါအဝင် လူထုလူတန်းစား အလွှာအသီးသီးအတွင်း ဥပဒေအသိပညာနှင့် မှုခင်း အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ပညာပေးဟောပြောမှုများ ဆောင်ရွက်ခြင်း၊ ပြစ်မှုဖြစ်ပွားမှုများကို တွန်းအားပေးစေသည့် ကိစ္စရပ်များကို ကြိုတင်ကာကွယ်မှုအနေဖြင့် ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း၊ ဖြစ်ပွားရသည့် အကြောင်းအရင်းများအပေါ်သုံးသပ်၍ အစီအမံများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဖြစ်ပွားလာသည့် အမှုများကို ခိုင်မာစွာ တရားစွဲတင်ပြီး ဥပဒေနှင့်အညီ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်နိုင်ရန်အတွက် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းနှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အသစ်ရေးဆွဲလျက်ရှိခြင်း၊ ပြစ်မှုကျူးလွန်ခံရသူ ကလေးသူငယ် များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေရေးအတွက် စောင့်ရှောက်မှုပေး နိုင်ရန် သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးမျိုးညွန့်၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ မေးမြန်းသော ဟုမ္မလင်းမြို့နယ်အတွင်းရှိ ချောင်းကြီးချောင်း၊ နက်နန်းချောင်းအစရှိသော ကျေးရွာများစွာတည်ရှိရာ မြစ်ချောင်း များအတွင်း ရွှေမျောများ ခိုးတိုက်နေကြခြင်း လုံးဝမရှိစေရေး ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဟုမ္မလင်းမြို့နယ်အတွင်းရှိ ချောင်းကြီးချောင်းနှင့် နက်နန်းချောင်းအတွင်း တရားမဝင်ရွှေမျောများ မရှိစေရေးအတွက် မြန်မာ့ သတ္တုတွင်း နည်းဥပဒေနှင့်အညီ တိုင်းဒေသကြီး/ပြည်နယ်လုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့မှ ရွှေလုပ်ကွက်များနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တရားမဝင် ရွှေမျော လုပ်ကိုင်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဦးထွန်းဝင်း၊ ကျောက်တော်မဲဆန္ဒနယ်မှ မေးမြန်းသော ကျောက်တော်မြို့ အရှေ့ဘက်ဒေါင်းတော်ယိုးကျေးရွာအနီးရှိ သမိုင်းဝင်တောင်ပေါက်ကြီး တောင်တန်းများ ဖြိုချနေသည့်ကိစ္စအား ပြန်လည်သုံးသပ်ပြီး တားမြစ်ပေးနိုင်ခြင်းရှိ၊ မရှိ ရထားလမ်း စီမံကိန်း ရပ်ဆိုင်းပြီးနောက်ပိုင်း တူးဖော်ရောင်းချနေမှုများသည် ဥပဒေနှင့်အညီ သက်ဆိုင်ရာမှ လုပ်ပိုင်ခွင့်ချထားပေးခြင်း ဟုတ်၊ မဟုတ်နှင့် ၂၀၁၀ ခုနှစ် မှစကာ စဉ်ဆက်မပြတ် တူးဖော်ရောင်းချငွေများအား နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သို့မည်ပုံ အသုံးချနေကြကြောင်းကို ပွင့်လင်းမြင်သာအောင် ချပြနိုင်ခြင်းရှိ၊ မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ကျောက်တော်-မြောက်ဦးရထားလမ်းစီမံကိန်း ရပ်ဆိုင်းပြီးနောက်ပိုင်း တူးဖော် ရောင်းချနေမှုများသည် ဥပဒေနှင့်အညီ သက်ဆိုင်ရာမှ လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်း မရှိပါသဖြင့် နိုင်ငံတော်ဘဏ္ဍာအဖြစ် ရရှိခဲ့ခြင်းမရှိပါကြောင်း၊ တောင်ပေါက်ကြီး တောင်တန်းအတွင်း ကျောက်ထုတ်လုပ်သူများကို ကျောက်ထုတ်လုပ်ခြင်းနှင့် မြေသားတူးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် ခေါ်ယူသတိပေး တားမြစ်ပြီးဖြစ်ကြောင်းနှင့် ၎င်းတောင်တန်းအား စားကျက်မြေအဖြစ် ထိန်းသိမ်း ထားရှိပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးလွင်ကိုလတ်၊ သန်လျင်မဲဆန္ဒနယ်မှ မေးမြန်းသော သန်လျင်-ရန်ကုန် အမှတ်(၁)တံတား ပိတ်ဆို့မှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် တံတား တစ်ဖက်ရှိ ကရိန်းကားတစ်စီး စီနှင့် ယာဉ်ထိန်းရဲတစ်ဦးစီကို အဆင်သင့်ထားရှိပြီး ပြည်သူများနေ့စဉ်ကြုံတွေနေရသောအခက်အခဲကို ဖြေရှင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က အခါကြီးရက်များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ကရိန်းယာဉ် တစ်စီးအသင့်ထားရှိပြီး တံတားပေါ်တွင် မော်တော်ယာဉ်များ စက်ပျက်ပါက ယာဉ်လမ်းရှင်းလင်းပေးလျက်ရှိပါကြောင်းနှင့် တံတား၏တစ်ဖက်စီတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များကို နေ့စဉ်တာဝန်ချထားပြီး ယာဉ်လမ်းရှင်းရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) အဆို(၁)ခုတင်သွင်းခြင်း
နိုင်ငံတစ်ဝန်းရှိ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်းများ၊ ခရီးသွားဒေသများ တိုးချဲ့သတ်မှတ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ခရီးသွားလာရေးအထိမ်းအမှတ်ပွဲတော်များနှင့် ခရီးသွားလာရေး အထူး နှစ်သတ်မှတ်ခြင်းများဆောင်ရွက်၍ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်မှန်ကန်သော ခရီးသွားအစီအမံများဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ် က တင်သွင်းပြီး ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ် က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်ကအတည်ပြုခဲ့သဖြင့် ဆွေးနွေးလိုသောကိုယ်စားလှယ်များက ၂၈.၅.၂၀၁၈ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် အစီရင်ခံစာတင်သွင်းခြင်း
အမျိုးသားလွှတ်တော်ကပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းသည်။ အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၉.၅.၂၀၁၈ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၀ မိနစ်တွင်ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၂၉.၅.၂၀၁၈ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
